Showing posts with label လမြတ်ရမသွာန်. Show all posts
Showing posts with label လမြတ်ရမသွာန်. Show all posts

Tuesday, August 18, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(4)

လမြတ် ရမသွာန်၊ ဆွိယာမ် နဲ့ ပတ်သတ်တဲ့ အမိန့်တော် ၊ ထူးမြတ်မှု တွေ ကို ကုရ်အာန် အာယဟ်တော် နဲ့ဆွဟီးဟ်ဟဒီးစ်တော် တွေကို ကိုးကားပြီး အကျဉ်းရုံး တင်ပြပြီးပါပြီ။ ယခုတစ်ခါ ဆွိယာမ် ရဲ့ ဥပဒေစည်းကမ်းတွေထဲ က အရေးကြီးတဲ့ အချို့အချက်တွေကို အကျဉ်းချုပ်တင်ပြပေးပါဦးမယ်။ဆွိယာမ် ဟာ အရွယ်ရောက်ပြီးသူ မုစ်လင်မ် အမျိုးသား

အမျိုးသမီးများ (ရူးသွပ်နေသူများ၊ နာမကျန်းသူ များ၊ သဘာဝအရ နေထိုင်မကောင်းသူ အမျိုးသမီးများ၊ ခရီးသည်များမှအပ) အပေါ် ဖရသွ် တာဝန်ရှိပါတယ်။ ခေတ္တ နာမ ကျန်းသူ နဲ့ ခရီးသည် တွေဟာ ပြန်လည် ကျန်းမာလာပြီ၊ ဌာနေရောက်ပြီ ဆိုတာနဲ့ ပျက်ကွက် ခဲ့တဲ့ ဆွိယာမ် အရေအတွက် ကို ပြန် လည်စောင့်ထိန်း ဖို့တာဝန်ရှိပါတယ်။ ဆွိယာမ် မဆောက်တည် နိုင်လောက်အောင် (သို့) ဆွိယာမ်ဆောက်တည် လိုက်ရင် ကျန်းမာရေး ထိခိုက်နိုင်သူ တွေ အသက်အရွယ်ကြီးရင့်သူများ အနေနဲ့ ကတော့ အကယ်၍ တတ်နိုင်ရင်မရှိဆင်းရဲသားတွေကို ပျက်ကွက်သလောက်ရက်တွက်ပြီး တစ်နပ်စာ ကျွေးမွေးရပါမယ်။ သဘာဝအရ နေထိုင်မကောင်းသူအမျိုးသမီးတွေ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ နေထိုင်မကောင်းတဲ့ ကာလပြီးဆုံး မွေးဖွားပြီး ပြန်လည်ပုံမှန် ဖြစ်ပြီပြီဆိုတာနဲ့ ပျက်ကွက်ခဲ့သမျှကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းဖို့တာဝန် ရှိပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၁၈၅ မှာ အလ္လာဟ်အရှင်မြတ်က

..........သို့ဖြစ်လေရာ အသင်တို့အနက်မှ မည်သူမဆို ထို (ရမသွာန်) လမြတ်နှင့် ကြုံကြိုက်ခဲ့ပါလျှင်ထိုသူသည် ယင်းလမြတ်၌ (တလပတ်လုံး) ဥပုသ် သီတင်း ဆောက်တည်ရပေမည်။ သို့ရာတွင် အကြင်သူတစ်ဦးတစ်ယောက် သည် တစုံတရာ ဝေဒနာ စွဲကပ် ၍ မကျန်းမမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက်လျက်ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြားသောနေ့ရက်များတွင် (မိမိ ပျက်ကွက်ခဲ့သော ဥပုသ် ရက် များကို)တွက်စစ်၍ (ဖြည့်စွက်) ဆောက် တည်ရန် တာဝန်ရှိပေသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဘို့သက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဖို့ခက်ခဲ မှု ကိုကား (အလျင်း) လိုလားတော်မူသည်မဟုတ်ချေ။ ထို့ပြင်တဝ(အလ္လာဟ်အရှင်မြတ်သည်) အသင်တို့ (ပျက်ကွက်ခဲ့သော နေ့ရက်) အရေအတွက်ကိုပြည့်စုံ အောင်ပြု စေရန်၎င်း၊ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ် ညွှန်ပြတော်မူသော နည်းလမ်းအတိုင်း ကြီးကဲမြင့်မြတ်တော်မူကြောင်း ရွတ်ဆိုကြရန် ၎င်း (အလိုဆန္ဒ ရှိတော်မူသည်) ၊ သို့မှသာလျှင် အသင်တို့သည် (ထိုအရှင်မြတ် ၏) ကျေးဇူးကိုသိသောသူ များ ဖြစ်ကြရာသည်။

ဆွိယာမ် မဆောက်တည်နိုင်သူတွေ ဟာ မရှိဆင်းရဲသားတွေ ကို ကျွေးမွေးရတယ်ဆိုတဲ့ အမိန့်တော်ကတော့

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၁၈၄ မှာပါ။

...........တဖန်အကြင်သူတို့သည် ခဲယဉ်းစွာ သီလဆောက်တည် ကြရပါမူ ယင်းသူတို့သည်(ထိုပျက်ကွက်သော နေ့ရက်များ) အစား (တရက်လျှင်) သူဆင်းရဲ တစ်ဦးကို (ထမင်းတရက်စာ) ကျွေးမွေးကြရမည်။

အချို့ပညာရှင်တွေက အထက်ပါအာယဟ် တော်မှာပါတဲ့ "ခဲယင်းစွာသီလဆောက်တည်" ဆိုတဲ့ စာရင်းမှာအသက်အရွယ် ကြီးရင့်သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ မွေးစလသားအရွယ်ကလေးကို မေတ္တာရည် တိုက်ကျွေးအာဟာရ ဖြည့် ပေးနေတဲ့ မိခင်တွေ ကိုထည့်သွင်းနားလည်ထားပါတယ်။ ကျွန်တော်လည်း အဲဒီအဆိုကို လက်ခံပါတယ်။

ဆွိယာမ် ဆောက်တည်နေသူဟာ မိမိ ရဲ့ အတွေး၊ အပြောအဆို၊ အမူအရာ၊ အပြုအမူ တွေကို အထူးထိန်းသိမ်းရပါမယ်။ ဘာလို့လဲ ဆိုတော့ ဆွိယာမ် အထမမြောက်မှာကို စိုးရိမ်ရလို့ပါ။ ဒါနဲ့ပတ်သတ်ပြီး ဆွဟီးဟ်ဗုခါရီကျမ်းလာ ဟဒီးစ်တော်တစ်ပုဒ် ကို တင်ပြပေးပါ့မယ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်တော် မူ ခဲ့သည်မှာ၊ "အချည်းနှီး အကျိုးမဲ့ စကားပြောဆိုခြင်း၊ မကောင်းမှုများ ကို ကျူးလွန်ခြင်း ကိုမစွန့်လွှတ်သောသူ ၏ စားဖွယ် သောက်ဖွယ် စွန့်လွှတ်မှု(ဆွိယာမ်) ကို အလ္လာဟ်အရှင်မြတ် သည် အလိုမရှိပေ။"

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)

ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၃) ကျမ်းငယ်အမှတ် (၃၁) ဆွိယာမ်ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် ၁၂၇။

အထက်ပါဟဒီးစ် တော်ပါ "အချည်းနှီး အကျိုးမဲ့ စကားပြောဆိုခြင်း၊ မကောင်းမှုများ ကို ကျူးလွန်ခြင်း" ဆိုတာ ဘာကိုဆိုလိုလဲဆိုတော့ လိမ်ညာမုသားပြောဆိုခြင်း၊ နောက်ကွယ် အတင်းပြောခြင်း၊ သူတစ်ပါးအား ရှုံ့ချပြောဆိုခြင်း၊ ခိုးဝှက်ခြင်း၊ သူတစ်ပါးအား သက်သက်အနိုင် ကျင့်ခြင်း၊ သူတစ်ပါးအား ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ နာကျင်အောင်ပြုခြင်း၊ တရားတော်မှတားမြစ်ထားသော ကိစ္စများခိုးပြုခြင်း (ဥပမာ-သီချင်းနားထောင်ခြင်း၊ ဇာတ်လမ်းရုပ်ရှင်ကြည့်ခြင်း၊ ပွဲလမ်းသဘင်သွားခြင်း၊ ကာမဂုဏ်ကိစ္စများကို အတား အဆီးမရှိတွေးတောခြင်း၊ သာယာစေရန်တမင်တွေးခြင်း စတဲ့ အချက်တွေကို ဆိုလိုတာပါ။ ဒီတော့ ဆွိယာမ် ဆောက်တည်တဲ့ သူဟာ အထူး ထိန်းထိန်း သိမ်းသိမ်းသတိကြီးကြီးနဲ့ နေထိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အထက်မှာဖော်ပြထားတဲ့ ပုံစံမျိုးတွေကို သာမန်အချိန်တွေ မှာ ပြုမိရင် သာမန်အပြစ်ထိုက်ပြီး ဆွိယာမ် ဆောက်တည်နေတဲ့အချိန်မှာ ပြုမိရင်တော့ အလ္လာဟ်အရှင်မြတ် အလိုမရှိတော်မူတဲ့ စာရင်းဝင် ဖြစ်သွားမှာမို့လို့ပါ။

ဆွိယာမ်နဲ့သက်ဆိုင်တဲ့ ဆောင်ရန် ၊ ရှောင်ရန် အသေးစိတ်တွေကိုတော့ မိမိတို့ မတ်စ်လတ်က် အလိုက်နီးစပ်ရာအာလင်မ် တွေထံမှာမေးမြန်းကြပါ။ မေးမြန်းရင်လည်း ကုရ်အာန် ဟဒီးစ် အထောက်အထားတောင်းဆိုပါ။

ပို့စ်ခေါင်းစဉ် ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ "လမြတ်ရမသွာန်၊ ဆွိယာမ်.........." ကို ဒီတင်ဘဲ အဆုံးသတ်လိုက်ပါရစေ။

လေးစားပါတယ်ဗျာ

The Sage

Friday, August 7, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၃)

အောက်ကပို့စ်မှာ ရမသွာန် ၊ဆွိယာမ် ရဲ့ ထူးမြတ်မှု ကို ဖော်ကျူးထားတဲ့ ဆွဟီးဟ်ဗုခါရီလာ ကိုယ်တော်မြတ် ရဲ့ရွှေနှုတ်တော်ထွက် ဟဒီးစ် ဩဝါဒ တော် ၃ ပုဒ် ကို တင်ပြခဲ့ပါတယ်။ ယခုပို့စ် မှာတော့ ဆွဟီးဟ် မုစ်လင်မ်ကျမ်းလာ ဟဒီးစ်တော် ၃ ပုဒ်ကို တင်ပြပေးပါ့မယ် ခင်ဗျား ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ "ရမသွာန်လမြတ် ရောက်သည့်အခါမဟာကရုဏာတော် တံခါးများသည် ဖွင့်လှစ်ခြင်းခံရပြီး၊ ငရဲ တံခါးများသည် ပိတ်ပစ်ခြင်းခံရလေသည်။ ၎င်းပြင် မိစ္ဆာကောင်များသည် ခြေကျင်းခတ်ခြင်းခံကြရလေသည်။"

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၃၆၁)။


အလ္လာဟ်အရှင်မြတ် ရဲ့ မဟာကရုဏာတော်ဟာ အဖန်ဆင်းခံတွေအပေါ် အမြဲကျရောက်နေတာပါ။ဒီဟဒီးစ်တော်မှာ ပါတဲ့ "မဟာကရုဏာတော် တံခါးများ" ဆိုတာ ဂျန္နဟ် ရဲ့ တံခါးတွေကို ဆိုလိုတယ်လို့ယူဆနိုင်ပါတယ်။ မိစ္ဆာကောင် ဆိုတာက ဂျင်န်အနွယ် ရှိုင်သွာန် တွေကိုပြောတာပါ။ ဂျင်န်အနွယ်ရှိုင်သွာန်ကောင်တွေ အချုပ်ခံရ ပေမယ့် သူတို့ရဲ့ မိတ်ဆွေရောင်းရင်းတွေဖြစ်တဲ့ လူရှိုင်သွာန်တွေကရမသွာန် လမှာ ပိုပြီးထကြွ တတ်ပါတယ်။ အဲဒါကို သတိထားဖို့လိုပါတယ်။

ဒုတိယ ဟဒီးစ် တော်တစ်ပုဒ်ကတော့...........

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ "အလ္လာဟ်အရှင်မြတ် ၏ လမ်းတော် တွင်(အလ္လာဟ်အရှင်မြတ် အတွက်ရည်စူး၍) ဆောင်မ် တစ်ရက် ဆောက်တည် သူ အတွက် အလ္လာဟ်အရှင်မြတ်က ထိုသူရဲ့ မျက်နှာ ကို ငရဲမီးနှင့် (ဂျဟန္နမ်နှင့်) နှစ်ပေါင်း ခုနှစ်ဆယ် နှင်ရသည့် အကွာအဝေး၌ထားတော်မူမည်"။

ဆင့်ပြန်သူ-အဗူစအီးဒ် ခုဒ်ရီ (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၅၇၂)။



တစ်ရက် ဆောင်မ် ဆောက်တည် ရုံ နဲ့ ငရဲမီး နဲ့ နှစ်ပေါင်း ခုနှစ်ဆယ် အကွာအဝေးမှာ ထားတော်မူမယ်ဆိုရင်၊ ရက်ပေါင်း (၃၀) (သို့) (၂၉) ဆိုရင် နှစ်ပေါင်း ၂၁၀၀ (သို့) ၂၀၃၀ ပါ။ သို့သော် ဆွိယာမ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့တော့ အတိအကျ ကိုက်ညီရပါ့မယ်။ ချွတ်ယွင်းချက်တွေနဲ့ ဆွိယာမ်(ဥပမာ-ဆောင်မ် ဆောက်တည်ပြီး အတင်းပြောခြင်း၊ဆဲဆိုခြင်း၊ဒေါသထွက်ခြင်း) မဖြစ်ဖို့တော့လိုတယ်လို့ ယူဆပါတယ်။

ခုတစ်ခါတင်ပြမှာက တတိယမြောက်ဟဒီးစ်တော်ပါ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ "ဂျန္နဟ် သုခဘုံ ဥယျာဉ်တွင် ရေယန် မည်သောတံခါးပေါက်ရှိ၏။ ဆွိယာမ်ဆောက်တည် သူများမှအပ အခြားမည်သူမျှ ကိယာမဟ် နေ့တွင် ထိုတံခါးပေါက်မှဝင်ခွင့်ရကြမည်မဟုတ် (ဆွိယာမ်ဆောက်တည် သူများအတွက်သီးသန့်တံခါး ဖြစ်၏)၊ ထိုနေ့တွင်"ဆွိယာမ်ဆောက်တည် သူများအဘယ်သို့ရောက်နေကြသနည်း။ ဤ တံခါးမှ ဝင်ကြရန်ဖြစ်သည်"(ဆွိယာမ်ဆောက်တည် သူများ ဤတံခါးမှ ဝင်ကြ)။ ဆွိယာမ်ဆောက်တည် သူများ အနက်မှ နောက်ဆုံးလူ ဝင်ရောက်ပြီးသည့် အခါ ထိုတံခါးသည် ပိတ်သွားမည်ဖြစ်ပြီး အခြားမည်သူမျှ ထိုတံခါး မှ ဝင်ကြရမည်မဟုတ်ပေ။"

ဆင့်ပြန်သူ-စဟလ် ဘင်န် စအဒ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၅၆၉)။


ညီအစ်ကိုတော် ညီအစ်မတော် အားလုံး အထက်ပါဟဒီးစ်တော်မှာ ညွန်းထားတဲ့ "ဆွာအင်မ် များအတွက်သာ"ဆိုတဲ့ ရေယန် တံခါးပေါက်ကနေ ဝင်ခွင့် ရရှိကြပါစေ လို့ အလ္လာဟ်အရှင်မြတ် ထံတော်ပါးမှာ ဆုမွန်ကောင်းတောင်းရင်း........... ခဏနားပါဦးမည်ခင်ဗျား။

လေးစားပါတယ်ဗျာ
The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၂)

အလ္လာဟ် အရှင်မြတ် အလိုတူတော်မူသဖြင့် ရမသွာန်လမြတ် နှင့် ဆွိယာမ် တို့၏ ထူးမြတ်မှုများနှင့်ပတ်သတ်သည့် ကိုယ်တော်မြတ် ၏ ရွှေနှုတ်တော်ထွက် ဟဒီးစ်တော်များကို တင်ပြခွင့် ကျွန်တော်ရရှိပေပြီ။ ရမသွာန်လမြတ် နှင့် ဆွိယာမ် တို့၏ ထူးမြတ်မှု နှင့်ပတ်သတ်သည့် ဟဒီးစ်တော်အမြောက်အများရှိသော်လည်း ဤ ပို့စ် တွင် အနည်းငယ်မျှကို သာ တင်ပြရန် ရည်ရွယ်ထားပါသည်။ တင်ပြပါရစေလားခင်ဗျာ....။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ "အစ္စလာမ် သည် ငါးခုသော အရာကိုအခြေခံထားသည်။ (၎င်းတို့မှာ)

၁။ အလ္လာဟ်အရှင်မြတ် မှ အပအခြားမည်သူ မှ ကိုးကွယ်ခြင်းခံမထိုက်၊ မုဟမ္မဒ် သည် အလ္လာဟ်အရှင်မြတ် ၏တမန်တော်ဖြစ်သည် ဟု သက်သေခံခြင်း။

၂။ ဆွလားသ် ကို တာဝန်ကျေအောင် နှင့် အပြည့်အဝ ဝတ်ပြုတည်ဆောက်ခြင်း။

၃။ ဇကားသ် ပေးခြင်း။

၎။ ဟဂ်ျ ပြုခြင်း။

၅။ ရမသွာန်လတွင် ဆွိယာမ် ဆောက်တည်ခြင်း။


ဆင့်ပြန်သူ-အိဗ်နိ အုမရ် (ရသွီယလ္လာဟ်ဟု သအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) ယုံကြည်ချက်ဆိုင်ရာ ကျမ်းငယ်၊ ဟဒီးစ်အမှတ် (၇)။


အထက်ပို့စ် မှာတင်ပြ ခဲ့တဲ့ ကုရ်အာန်န် အာယဟ်တော်တွေမှာ အလ္လာဟ်အရှင်မြတ် ကရမသွာန် နဲ့ ဆွိယာမ်ရဲ့ထူးမြတ်မှုတွေ ကို မိန့်ကြားထားတာတင်ပြခဲ့ပါတယ်။ ယခုတင်ပြလိုက်တဲ့ ဗုခါရီ ကျမ်းလာ ဟဒီးစ်တော်မှာတော့ ကိုယ်တော်မြတ် က ဆွိယာမ်ဟာ အစ္စလာမ့် အုတ်မြစ် ငါး ခု ထဲက တစ်ခု အပါအဝင် ဖြစ်တယ်လို့ထပ်ဆင့်ရှင်းလင်းတော်မူထားပါတယ်။ ဒီဟဒီးစ်တော်မှာ မိန့်ထားတဲ့ဆွိယာမ် ဟာအခြားအချိန်အခါတွေမှာကိုယ့် ဆန္ဒနဲ့ကိုယ် ရည်ရွည်ပြီး ဆောက်တည် တဲ့ နဝါဖွိလ် ဆွိယာမ် တွေ မဟုတ်ပါဘူး။ရမသွာန်လ မှာဆောက်တည် တဲ့ ဆွိယာမ် ပါ။

ဗုခါရီ ကျမ်းလာ နောက်ဟဒီးစ် တော် တစ်ပုဒ်ကို တင်ပြပါဦးမယ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်တော် မူ ခဲ့သည်မှာ၊ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ "အာဒမ် (အလိုင်ဟိစ္စလာမ်) ၏ သားမြေးတို့ပြုလုပ်သော ကောင်းမှု ဟူသရွေ့ သည်၎င်း တို့အဖို့သာဖြစ်သော်လည်း၊ ဆွိယာမ် ဆောက်တည်ခြင်းမှာမူ ငါ ၏ အတွက်ဖြစ်လေသည်။ သို့အတွက် ငါ ကိုယ်တိုင် ဆုလာဘ် ချီးမြှင့်တော် မူမည်ဖြစ်သည်။" ဆွိယာမ် သည် ငရဲမီးနှင့် ပြစ်မှုဒုစရိုက်တို့မှ ကာကွယ်ပေးသော ဒိုင်း (လွှား၊ကာ) ဖြစ်လေသည်။ သင်တို့အနက်တစ်ဦးတစ်ယောက်သည် ဆွိယာမ်ဆောက်တည်သည့် အခါ မိမိ ၏ ဇနီးနှင့် ကိုယ်လက် နှီးနှောခြင်း၊ အငြင်းအခုံပြုခြင်း တို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ အခြားတစ်စုံတစ်ဦးက ဆွိယာမ် ဆောက်တည်နေသူအား လာရောက် အငြင်းအခုံပြု၊ခိုက်ရန်ပြုလာလျှင်၊ "ကျွန်ပ် သည် ဆွာအိမ် (ဆွိယာမ် ဆောက်တည်သူ) ဖြစ်သည်" ဟုပြောဆိုရမည်။ ငါ ၏ အသက်ဝိညာဉ် ကို စိုးပိုင်တော် မူသော အလ္လာဟ်အရှင်မြတ် ကို တိုင်တည်၍ ငါပြောမည်။ဆွိယာမ် ဆောက်တည်သော သူ ၏ ခံတွင်းမှ ထွက်သော မသာယာဖွယ် အနံ့ သည် အလ္လာဟ်အရှင်မြတ်အထံတော်တွင် မူရှ်က် (ကတိုးနံ့) ထက် သာလွန် ပေသည်။ ဆွိယာမ် ဆောက်တည်သူ အတွက်ဝမ်းမြောက်ဖွယ်ရာ ကောင်းခြင်း နှစ်ခု ရှိသည်။ တစ်ခုသည် အိဖ်ွသာရ် လုပ်နေချိန်တွင် ဖြစ်ပြီး၊ ကျန်တစ်ခုသည်သူ၏ အရှင်နှင့်တွေ့ဆုံ ချိန်တွင်ဖြစ်လိမ့်မည်၊ ထိုအခါ သူ၏ ဆွိယာမ် အတွက်ကျေနပ်နှစ်သိမ့်ပေလိမ့်မည်။

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၃) ကျမ်းငယ်အမှတ် (၃၁) ဆွိယာမ်ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် ၁၂၈။

ဒီ ဟဒီးစ်တော်မှာ တော့ ဆွိယာမ် ကျင့်စဉ်ဟာ အခြားကျင့်စဉ်တွေနဲ့ မတူကြောင်း၊ အလ္လာဟ်အရှင်မြတ်အလွန်နှစ်သက်တော်မူ တဲ့ ကျင့်စဉ် ဖြစ်ကြောင်း မိန့်တော်မူထားပြီး၊ ဆွာအိမ် တွေရရှိမယ့် အကျိုးဆုလာဘ် အကြောင်းကိုလည်း မိန့်တော်မူထားပါတယ်။ ပြီးတော့ ဆွိယာမ် ဆောက်တည်နေသူ တွေ အထူးရှောင်ကြဉ်ရမယ့် အချက်အချို့ကိုလည်း မိန့်တော် မူထားပါသေးတယ်။

နောက်ထပ် ဟဒီးစ် တော် တစ်ပုဒ် ကို လည်းတင်ပြပါဦးမယ်။ ဆွဟီးဟ် ဗုခါရီကျမ်းလာပါဘဲ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ စစ်မှန်ဖြူစင်သော ယုံကြည်ခြင်း သဒ္ဓါတရားထားရှိပြီး၊အလ္လာဟ်အရှင်မြတ် အထံတော်မှ အကျိုး ဆုလာဘ် မျှော်ကိုး၍ ရမသွာန် လတွင် ဆွိယာမ် ဆောက်တည်သည့် လူ၏ အတိတ်တွင်ပြုခဲ့သော အပြစ်များအားလုံးကို အလ္လာဟ် အရှင်မြတ်က ခွင့်လွှတ်တော်မူမည်။

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) ယုံကြည်ချက်ဆိုင်ရာ ကျမ်းငယ်၊ ဟဒီးစ်အမှတ် (၃၇)။


ဒီ ဟဒီးစ်တော် နဲ့ ပတ်သတ်ပြီး အချို့က မေးလာနိုင်ပါတယ်။ "ရမသွာန်လ မှာ ဆွိယာမ် ဆောက်တည်လိုက်တာနဲ့အရင်က အပြစ်တွေအားလုံး ခွင့်လွှတ် မယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ? ပြုတဲ့အမှု သေးသေးလေးအတွက် ရတဲ့အကျိုးက အဲလောက်ကြီးနေတာ၊ ဒီဟဒီးစ် က စစ်မှန်တဲ့ဟဒီးစ် ဟုတ်ပါ့မလား? ဖြစ်နိုင်ပါ့မလား?" ကျွန်တော့်ရဲ့အဖြေကတော့ အလ္လာဟ် အမိန့်ပေးထားတဲ့ ဆွိယာမ် ကို ခြွင်းချက် အနာအစာ မရှိ သာဆောက်တည်လိုက်ပါ။အလ္လာဟ် အရှင်မြတ် က မုချ ခွင့်လွှတ်တော်မူမှာပါ ဆိုတာပါ။

အင်န်ရှာအလ္လာဟ် ဟုသအာလာ၊ နောက်ပို့စ်မှာ ဆွဟီးဟ် မုစ်လင်မ် ကျမ်းလာ ဟဒီးစ်တော် သုံးပုဒ် ကို တင်ပြပေးပါ့မယ်။

လေးစားပါတယ်ဗျာ
The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(1)

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။

ဗရကားသ်ဖြင့် လွှမ်းမိုးခဲ့သော ရဂျဗ် လ ကုန်ဆုံးပြီး၊ ဗရကားသ် ဖြင့် အတိပြီးသော ရှအ်ဗာန် လ သည်လည်း ရက်သတ္တ ကုန်ခဲ့၍၊ ရဟ်မသ်၊ ဗရ်ကသ်၊ မဂ်ဖွိရသ် စသည့် ကောင်းခြင်းအဖြာဖြာ ဖြင့် ကျွန်တော်တို့ လွှမ်းခြုံ ခြင်းခံရမည့် ရမသွာန် လမြတ် သည် တစ်ရွေ့ရွေ့နီးကပ်လာနေပြီ။ ထိုမြတ်သော လ ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ဤ "လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်" ဟူသော ခေါင်းစဉ် ကို ကျွန်တော်ရေးသားရခြင်းဖြစ်ပါသည်။ ရမသွာန် လမြတ် တွင် ကျင့်ဆောက်တည်ရသော ဆွိယာမ်ကျင့်စဉ်၊ သရာဝီဟ် ကျင့်စဉ်၊ ဇကားသ် (ဆင်းရဲသား ရပိုင်ခွင့်) တို့ ၏ အကြောင်းကိုကျွန်တော်မှတ်သားထားသမျှ မှတ်စုများ ထဲမှ ထုတ်နှုတ် ရေးသားတင်ဆက်သွားပါမည်။

အင်န်ရှာအလ္လာဟ် ဟု သအာလာ လမြတ် ရမသွာန် ၏ ဆန်းဦးစ လ ကို မမြင်တွေ့မီ ဤ တော့ပစ်အားအပြီးရေး မည် ဟု ရည်ရွယ်ထားပါသည်။ အို-အလ္လာဟ် အရှင်မြတ်၊ကျွန်တော်မျိုးအား အင်အားပေးသနားတော်မူပါ။

အာမီးန်.........................။

ရမသွာန် လမြတ် ၏ ထူးမြတ်မှု နှင့် ဆွိယာမ်

ရမသွာန် လမြတ် ၏ ထူးမြတ်မှု နှင့်ပတ်သတ်၍ အလ္လာဟ်အရှင်မြတ် ၏ မိန့်ကြားချက်များဖြစ်သောကျမ်းတော်မြတ် ကုရ်အာန် အာယဟ်တော် များကို ဦးစွာ တင်ပြပါမည်။ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော်၂၊ အာယဟ်တော် ၁၈၅ တွင်
( "ဆွိယာမ်" ဥပုသ် ဆောက်တည်ရန် အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက် များသည်) ရမသွာန် လ ပင် ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန် ကျမ်းတော်မြတ်သည်ကျရောက်လာ ခဲ့လေသည်။ (ယင်းကုရ်အာန်ကျမ်းတော် မြတ်သည်) လူသားခပ်သိမ်း တို့အဘို့ တရားဓမ္မအဖြစ် ၎င်း၊ တရားလမ်းမှန် ရစေသော အမှားအမှန် ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများ အဖြစ်၎င်း (ကျရောက်လာသော ကျမ်းတော်မြတ် ပင်တည်း)။ သို့ဖြစ်လေရာ အသင်တို့အနက်မည်သူမဆို ထို (ရမသွာန်) လမြတ်နှင့် ကြုံကြိုက်ခဲ့ပါ လျှင် ထိုသူသည် ယင်းလမြတ်၌ (တလပတ်လုံး) ဥပုသ် သီတင်း ဆောက်တည် ရပေမည်။.......။

အထက်ပါ အာယဟ်တော်တွင် ရမသွာန်လမြတ်တွင် ကုရ်အာန်ကျမ်းတော် မြတ်စတင် ကျရောက် ခဲ့ခြင်းဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်ကမိန့်တော်မူပြီး ရမသွာန်လ မြတ် ၏ ထူးမြတ်မှု ကို ဖော်ပြထားလေသည်။
တစ်ဖန် ကုရ်အာန် စူရဟ်တော် ၉၇၊ အာယဟ်တော် ၁ တွင်

ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်းကုရ်အာန် ကျမ်းတော်မြတ် ကို "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဥ့်၌ ချပေးသနားတော်မူခဲ့၏။ စင်စစ် "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဥ့် သည် အဘယ်နည်းဟုအသင်သိပါသလော။ "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဥ့် ကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏။ ထို ညဥ့် ၌ ကောင်းကင်တမန်များသည် လည်းကောင်း၊ ဂျစ်ဗ်ရိလ် သည်လည်းကောင်း၊မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသော အရှင်မြတ် အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စ အသီးသီးကို ယူဆောင်၍ ဆင်းသက်လာကြကုန်၏။ ထို ညဥ့် ကား နံနက်မိုးသောက် ချိန်တိုင် ငြိမ်းချမ်းသောညဥ့် ပင်ဖြစ်ချေသတည်း။(ငြိမ်းချမ်းမှုချည်းသာတည်း)။

ပထမ အာယဟ်တော်တွင် ကုရ်အာန်ကျမ်းတော်မြတ် သည် ရမသွာန် လမြတ်တွင်စတင်ကျရောက် ခဲ့ကြောင်းမိန့်ကြားထားပြီး ဤအာယဟ်တွင်မူ ကုရ်အာန်ကျမ်းတော်မြတ် သည် "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဥ့်၌ ကျရောက်ခဲ့သည် ဟု တိတိပပ မိန့်ကြားတော်မူထားလေသည်။ ၎င်းပြင် ယင်း "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဥ့် ၏ ထူးမြတ်မှုကို လည်း ဖော်ပြထားလေသည်။ ဤသို့ဖြင့် ရမသွာန်လမြတ် ၏ ထူးမြတ်မှုသည်ကုရ်အာန် ကျမ်းတော်မြတ် ၏ "နုဇူလ်" "ကျရောက်ခြင်း" နှင့် ပတ်သတ်ဆက်နွယ် နေသည် ဟု ကျွန်တော်တို့သိ
ရှိရပေသည်။
ကျွန်တော်တို့ မုစ်လင်မ်များ ဆွိယာမ် ဥပုသ် ဆောက်တည်ရန် အမိန့်တော်ပြဌာန်းကြောင်း ကို မူ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၁၈၃ တွင် အောက်ပါအတိုင်းမိန့်ကြားတော်မူထားလေသည်။

အို- "မုအ်မင်န်" ယုံကြည်ခြင်း သဒ္ဓါတရား ရှိကြကုန် သော သူအပေါင်း တို့၊ အလ္လာဟ်အရှင်မြတ်သည်အသင်တို့ထက် အလျင်ရှိခဲ့ ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်း ဆောက်တည်ရန် ပညတ်တော်ကို ပြဌာန်း တော်မူသကဲ့သို့ပင် အသင်တို့အပေါ်၌ လည်း ဥပုသ်သီတင်း ဆောက် တည် ရန် အမိန့်တော်ကို ပြဌာန်း အတည်ပြုတော် မူခဲ့လေပြီ။ သို့ (ဥပုသ် သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည်ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင် သူများ ဖြစ်တန်ကြရာ၏။

အထက်ပါ အာယဟ် တော် အရ ဆွိယာမ် ဥပုသ်သီတင်း ဆောက်တည် ခြင်း အားဖြင့် ပြစ်မှုဒုစရိုက်တို့မှကြဉ်ရှောင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်က မုစ်လင်မ်တို့အား ပညတ် ခြင်းဖြစ်ကြောင်း ကို သိရှိရပေသည်။ သို့ဖြစ်ပေရာ ထူးမြတ်လှသည့် လမြတ်တွင် ပြစ်မှုဒုစရိုက် တို့မှ ကြဉ်ရှောင်ရန် ကျင့်စဉ်တစ်ခု ဖြစ်သည့်ဆွိယာမ် ဥပုသ်သီတင်း ဆောက်တည် ခြင်း သည် မည်မျှ ထူးမြတ်သည့် ကျင့်စဉ်ဖြစ်ကြောင်းကို ကျမ်းတော်မြတ် ကုရ်အာန် အရ ပြီဖြစ်လေသည်။ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)၏ ဟဒီးစ်တော်များ အရ ရမသွာန်လမြတ် နှင့် ဆွိယာမ် တို့၏ ထူးမြတ်မှုများကို နောက်ပို့စ် တွင် အနည်းငယ်မျှ တင်ဆက် ရေးသား ပါဦးမည် ဖြစ်ကြောင်း..........။

လေးစားပါတယ်ခင်ဗျာ
The Sage