Friday, August 21, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(7)

ဇကားသ် (သို့) အစ္စလာမ့် တတိယမဏ္ဍိုင်

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်ခေါင်းစဉ်ရဲ့ နောက်ဆုံးခေါင်းစဉ်ငယ်အနေနဲ့ ဇကားသ် (ဆင်းရဲသားအခွင့်အရေးဆိုင်ရာ ဓန အလှု) လို့အမည်ပညတ်ရတဲ့ အစ္စလာမ့် မဏ္ဏိုင်ကြီး ငါးခုထဲက တတိယမြောက် ရဲ့ အခြေခံ"အသိ" တွေကို ရေးသားတင်ဆက်ပါ့မယ်။ ဇကားသ်ပေးလှုခြင်းဟာတတ်စွမ်းသူဓနအင်အားပြည့်စုံသူ မုစ်လင်မ် တိုင်းအတွက် ဖွရဇ် ဖြစ်ပါတယ်။ ဇကားသ်ပေးရန်တာဝန်မရှိလောက်တဲ့ ဓနအင်အားပိုင်ဆိုင်ထားသူ ဆင်းရဲသားတွေအတွက်တော့ ဖွရဇ်မဟုတ်ပါဘူး။ ဇကားသ်နဲ့ပတ်သတ်တဲ့ အာယဟ် တော်တွေဟာ
ဆွလားသ်တည်ဆောက်ဖို့အမိန့်တော်နဲ့အတူတွဲလျက ကျမ်းတော်မြတ် ကုရ်အာန်နေရာအတော်များများမှာလာရှိပါတယ်။ ဆွလားသ်နဲ့ ဇကားသ် ဟာ ကိုယ်တော်မြတ်ရဲ့ ရှရီအသ်မှာတင် ပြဋ္ဌာန်းထားတာမဟုတ်ပါဘူး။ မူစာ(အလိုင်ဟိစ္စလာမ်) ရဲ့ ရှရီအသ်မှာလည်း ပြဋ္ဌာန်းခဲ့ကြောင်း

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် (၂)၊ အာယဟ်တော် (၄၃) မှာ

"(အို အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ဆွလာတ် ဝတ်ပြုကြကုန်၊ တရားဝင်ဒါနကြေးဖြစ်သော ဇကာတ် ကိုလည်းပေးဆောင်ကြကုန်၊ ထို့ပြင်တဝ ကိုင်းညွတ်ရိုကျိုးသော သူများနှင့်အတူ (ညီညာဖျဖျ) ကိုင်းညွတ်ရိုကျိုးကြကုန်။"

ဒီအာယဟ်တော်မှာ အလ္လာဟ်အရှင်မြတ်က အစ္စရာအီလီ လူမျိုးအပေါ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အမိန့်တော်တွေ ထဲက ဆွလားသ်နဲ့ဇကားသ်ဆိုင်ရာ အမိန့်ပြဋ္ဌာန်းချက်ကို ကိုယ်တော်မြတ်ရဲ့ အုမ္မသ် မုစ်လင်မ်တွေ ရဲ့ "အသိ" အတွက် ပြန်ပြောင်း မိန့်တော်မူထားခြင်းဖြစ်ပါတယ်။ ကိုယ်တော်မြတ်ရဲ့ အုမ္မသ် မုစ်လင်မ်တွေကိုတော့ အလ္လာဟ်အရှင်မြတ်က

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် (၂)၊ အာယဟ်တော် (၁၁၀) မှာ ခုလို တိုက်ရိုက်အမိန့်ပေးပြဋ္ဌာန်းထားတော်မူပါတယ်။

"ထိုမှတပါး အသင်တို့သည် "ဆွလာတ်" ဝတ်ပြုခြင်းကို အမြဲတစေ ဆောက်တည်ကြလေကုန်၊ ၎င်းပြင်အသင်တို့သည်"ဇကာတ်" တရားဝင်ဒါနကြေးများကို ပေးဆောင်ကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် မည်သည့် ကောင်းမှု ကုသိုလ်ကို မဆို မိမိတို့အဘို့အရာ ရှေ့သို့ တင်ကြိုပို့ထားနှင့်ကြပါမူ အလ္လာဟ်အရှင်မြတ် အထံတော်မှ ယင်းကောင်းမှု (၏ကုသိုလ်အကျိုး) ကို အသင်တို့ ရရှိကြအံ့၊ မုချအမှန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူကြကုန်သော အရာခပ်သိမ်း တို့ကိုအကြွင်း မရှိ သိမြင်တော်မူသော အရှင်ဖြစ်တော်မူ၏။"


အစ္စလာမ်သာသနာတော် မှာ မရှိ ဆင်းရဲနွမ်းပါးချို့တဲ့ သူတွေကို လှုဖို့တန်းဖို့ကြည့်ရှုစောင့်ရှောက်ဖို့ ပညတ်ချက်တွေရှိသလောက်အခြားအယူဝါဒသင်ကြားမှုတွေမှာ အဲဒီလောက်မရှိပါဘူး။ (ရှိတယ်လို့ပြောချင်သူများ လာဆွေးနွေးလှည့်ပါလို့နွေးထွေးစွာ၊ လေးစားစွာဖိတ်ခေါ်ပါတယ်)။ ပြည့်ဝတဲ့ မုစ်လင်မ် ဆိုတာ အစ္စလာမ့်ပညတ်ချက်တွေကိုလိုက်နာစောင့်ထိန်းရင်း
အလှုအတန်းကို တတ်အားသရွေ့ လုပ်နေတဲ့သူဆိုတာ အောက်ပါအာယဟ်တော်ကသက်သေပါ။


"၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးဇူးတော်ဖြင့် ရက်ရောစွာ ပေးသနားတော်မူသော ဥစ္စာပစ္စည်းနှင့် စပ်လျဉ်း၍ စစ်စီစေးနဲကြကုန်သော သူတို့သည် (ယင်းကဲသို့) စစ်စီစေးနဲခြင်းသည် မိမိတို့အဘို့ကောင်းမြတ် သည်ဟူ၍ မထင်မှတ်ကြရာချေ။ စင်စစ်မူကား (ယင်းကဲ့သို့) စစ်စီစေးနဲခြင်းသည်ထိုသူတို့အဘို့ဆိုးရွားလှပေသည်။ (အဘယ်ကြောင့်ဟူမူ) ထိုသူတို့သည် မုချ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ စစ်စီစေးနဲ (သိုမှီးစုဆောင်း) ခဲ့ကြကုန်သော ဥစ္စာပစ္စည်း များဖြင့်လည်ပင်း၌ ကွင်းစွပ်ခြင်း ကိုခံကြရမည် (ဖြစ်သောကြောင့်တည်း)။ အမှန်သော်ကား ကောင်းကင်ဘုံများ၌၎င်း၊ ပထဝီမြေပြင်၌ ၎င်း၊ ရှိရှိသမျှသော အမွေပစ္စည်း အစုစု တို့သည် အလ္လာဟ်အရှင်မြတ် အဘို့သာဖြစ်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြ ကုန်သော ကိစ္စ အရပ်ရပ် တို့ကိုအကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။"


မရှိ ဆင်းရဲသားတွေ ကို မလှုမတန်း ဘဲ ရသမျှ တွေကိုကုတ်ခြစ် ပြီး ငါ့ဥစ္စာ၊ ငါ့ဥစ္စာ လုပ်နေတဲ့သူတွေ တွေ့ကြုံရမယ့်အပြစ်ဒဏ်ကိုအလ္လာဟ်အရှင်မြတ်က ပွင့်လင်းစွာ ပြတ်သားစွာ မိန့်တော်မူထားပြီးပါပြီ။ ဖွီစဗီလိလ္လာဟ် လည်းမလှု၊ ရမသွာန်လရောက်မှ အခွန်ရှောင်သလို ညဏ်နီညဏ်နက် သုံး၊ ဇကားသ်ရှောင်ဖို့ ဖသ်ဝါ အမျိုးမျိုးလိုက်ရှာ တတ်တဲ့ အချို့သော မုစ်လင်မ် ဓနရှင်တွေအလွန်သတိကြီးကြီးထားရမယ့် အာယဟ်တော် ဖြစ်ပါတယ်။

ဇကားသ် ဘယ်လိုတွက်ချက်ရသလည်း ဆိုတဲ့အသေးစိတ်ကို တော့ နီးစပ်ရာအာလင်မ်ပညာရှင်တွေ ထံမှာသေသေချာချာမေးမြန်းသင်ယူထားကြပါ။ ဆက်လက်ပြီး ဇကားသ်ပေးရန်တာဝန်ရှိစေတဲ့ ဓန ပမာဏ (နိစွားဗ်)၊ ဇကားသ်လက်ခံထိုက်သူတွေစတာတွေကို အနည်းငယ်တင်ပြပေးပါ့မယ်။

နိစွားဗ် သတ်မှတ်ချက်ကို ရိုးရှင်းစွာ ရှင်းလင်းပြရရင်........ တစ်နှစ်တာရှိ မိမိပိုင်ဆိုင်တဲ့ (ကြွေးမှီ နှုတ်ပြီး) ရွှေဆို ရင် ငါးကျပ် တစ်ဆယ်ပဲသား၊ ငွေထည် ဆိုရင် လေးဆယ်ကျပ်သားပါ။ ရွှေ၊ ငွေ (ထည်)၊ ကုန်ပစ္စည်း စတာတွေကို သက်ဆိုင်ရာတိုင်းပြည် ငွေကြေးယူနစ်နဲ့ ကာလပေါက် ဈေးအတိုင်း ဖလှယ် ပြီး ၄၀ ပုံ ပုံ၊ တစ်ပုံ ကို လှုရပါတယ်။ ရာခိုင်နှုန်း နဲ့ဆို ပိုင်ဆိုင်သမျှ ရဲ့ ၂.၅ % (တစ်နည်း) တစ်ထောင်ကျပ်လျှင် နှစ်ဆယ့်ငါးကျပ် နှုန်းနဲ့ပေးလှုရတာပါ။ ပိုင်ဆိုင်သမျှဆိုတဲ့ အထဲ အမျိုးသမီးတွေရဲ့ လက်ဝတ်လက်စားတွေရောပါလားလို့မေးစရာရှိပါတယ်။ လက်ဝတ်လက်စား ပေါ်ဇကားသ်ပေးရခြင်း၊ မပေးရခြင်းနဲ့ ပတ်သတ်ပြီး အဆိုကွဲပြားပါတယ်။ သို့သော်ပို ခိုင်လုံ တဲ့ ဟဒီးစ်အဆိုကတော့ ပေးရတယ် ဆိုတဲ့အဆိုပါ။ ဒီတော့ လက်ဝတ်လက်စား နိစွားဗ် အတိုင်းအတာ ပိုင်သူတွေအနေ နဲ့ ပေးတာပိုကောင်းပါတယ်။ အလှုအတန်းလုပ်ရင် ပိုပြီးတိုးပွါးစေမယ့် အကြောင်း အလ္လာဟ်အရှင်မြတ်က

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် (၂)၊ အာယဟ်တော် (၂၇၆) မှာ အခုလိုမိန့်တော်မူထားပါတယ်။

"အလ္လာဟ်အရှင်မြတ်သည် အတိုးအညွန့်ကို ဆုတ်ယုတ်ပျက်စီး စေတော်မူ၍ (ပေးကမ်းစွန့်ကြဲ သုံးစွဲကြကုန်သော) အလှုဝတ္တုများကိုမူ(ဆထက် ထမ်းပိုး) တိုးပွါးစေတော်မူ၏။ ................."

အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်က ကတိ ပေးထားတာပါ။ ဒီတော့ လှုကြပါ။ ဇကားသ်ဆိုင်ရာ ဟဒီးစ်တော်တွေလည်းအများကြီးပါ။ မိမိဘာသာ လေ့လာကြပါ။ အင်ရှာအလ္လာဟ်ဟုသအာလာ နောက်ပို့စ် မှာ ဇကားသ်စားထိုက်သူတွေစာရင်းကို ရှင်းလင်းချက်လေးတွေနဲ့ တစ်ကွတင်ပြပေးပါ့မယ်။

လေးစားပါတယ်ဗျာ
The Sage

No comments:

Post a Comment

Note: Only a member of this blog may post a comment.