Wednesday, July 29, 2009

အကြီးကျယ်ဆုံးသော တန်ခိုးပြာဋိဟာ သက်သေ လက္ခဏာတော်

အထက်ပါပို့စ် တွင် ကျမ်းတော်မြတ် ကုရ်အာန်သည် "ကိုယ်တော်မြတ် မုဟမ္မဒ်ရရှိခဲ့သော
အကြီးကျယ်ဆုံးသောတန်ခိုးပြာဋိဟာပင် မဟုတ်လော" ဟု ရေးသားတင်ပြအဆိုပြုခဲ့ပါသည်။
ယခုပို့စ် တွင်မူ အထက်ပါအဆို အား ထောက်ခံ ရှင်းလင်းမည့် တင်ဆက်မှု ကို နိဒါန်းပျိုးအစပြု
ရေးသား ပါမည်။

ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မတိုင်မှီ ရှိနှင့် ခဲ့ကြသော နဗီ
တမန်တော်အားလုံးတို့ သည် အရှင်မြတ်အထံတော်မှ သူတို့ ယူဆောင်လာသော အမှန်တရား
(သောဝ်ဟီးဒ်) အား အထောက်အပံ့ပြုရန်အာယားသ် (သက်သေ လက္ခဏာတော်များ) ပေးအပ်ခြင်း
ခံခဲ့ကြရလေသည်။ တမန်တော်မူစာ (အလိုင်ဟိစ္စလာမ်) ၏ တန်ခိုးပြာဋိဟာတော်တစ်ရပ်ဖြစ်သည့်
ပင်လယ်ပြင် ကို နှစ်ခြမ်း ခွဲခြင်း၊ တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်) ၏ တန်ခိုးပြာဋိဟာတော်တစ်
ရပ်ဖြစ်သည့် သေသူကို တစ်ဖန်ပြန်ရှင်အောင် ပြုခြင်း၊ စသည့်အကြောင်းများသာ ကျမ်းတော်မြတ်
ကုရ်အာန်တွင် မပါဝင်ခဲ့ပါက မုစ်လင်မ်များသည် အထက်ပါ တန်ခိုးပြာဋိဟာများအား အဖြစ်မှန်များ
အဖြစ်လက်ခံယုံကြည် ရန် ဧကန်မုချ တွန့်ဆုတ် ကြမည်သာ၊ ငြင်းပယ်ကြမည်သာ။

အရိုးသားဆုံး တွေးခေါ်ရပါမူ အထက်ပါ ကဲ့သို့ သက်သေ လက္ခဏာတော်များ(သို့) တန်ခိုး
ပြာဋိဟာများတို့သည်မိမိကိုယ်တိုင် မမြင်တွေ့ခဲ့ဖူးသော ကျွန်ပ်တို့အပါအဝင်အခြားတို့အဖို့
ထိုစာအုပ် (ကုရ်အာန်) အား ရည်ညွန်းခြင်းမှအပ ယုံကြည်နိုင်လောက်အောင် အခြားခိုင်လုံသော
မည်သည့် သက်သေပြချက်မှ မပေးနိုင်သည့် ရှေး ပုံပြင်ဟောင်းများသဖွယ်ပင်။ မဟုတ်လော?
သို့သော် မုစ်လင်မ်များကမူ အထက်ပါကဲ့သို့သော တန်ခိုးပြာဋိဟာ သဘာဝလွန်များကိုကျမ်းတော
်မြတ် ကုရ်အာန်တွင် ဖော်ပြပါရှိနေ၍ သာ ယုံကြည်ကြလေသည်။ အဘယ်ကြောင့် ဆိုသော် ထိုကျမ်း
တော်မြတ်၏ စစ်မှန်တိကျ မှုကို မုစ်လင်မ်များကအကြွင်းမဲ့ယုံကြည်ကြသော ကြောင့်ပင်။ ထိုကုရ်အာန်ကျမ်းတော်မြတ်သည်အလ္လာဟ်အရှင်မြတ်၏ "စကားတော်" စစ်စစ်ဖြစ် သည်ဟု ယုံကြည်ကြသောကြောင့်ပင်။ မည်သည့်အတွက်ကြောင့်ဤသို့ယုံကြည်ကြသနည်း? ခိုင်လုံသော အကြောင်းပြချက်ကားရှိရမည်သာ။ ရှိသလော? သို့တည်းမဟုတ် "ငါတို့ကိုးကွယ်သည့်ဘာသာတရား၏ အထွတ်အမြတ်ထားရာကျမ်းဖြစ် ၍ ငါတို့ ယုံကြည်သည်" ဆိုသည့် မျက်ကန်း ယုံကြည်ချက်မျိုးလော?

အချို့သောနဗီတမန်တော်များ ပေးအပ်ခြင်းခံခဲ့ရသည့် တန်ခိုးပြာဋိဟာ များနှင့် ကိုယ်တော်မြတ်
မုဟမ္မဒ် ရရှိခဲ့သည့်ကျမ်းတော်မြတ်ကုရ်အာန် ၏ တန်ခိုးပြာဋိဟာတို့ ၏ အခြေအနေ သည်လွန်စွာ
ကွာခြား လှပေသည်။ အချို့သောတမန်တော်များ ၏ တန်ခိုးပြာဋိဟာတို့သည် သူတို့ခေတ်အခါက ပြုခဲ့သည်ဖြစ်သောကြောင့် ယနေ့ခေတ်တွင် သိပ္ပံ နည်းကျစွာမည်သို့မှသက်သေပြနိုင်မည်မဟုတ်ပေ။
၎င်းပြင် ထိုထို တမန်တော်ကြီး တို့ (အလိုင်ဟိမုစ္စလာမ်) ရခဲ့သောကောင်းကင်ကျမူရင်း ကျမ်းတော်
အစစ်တို့သည် လည်း ဤကမ္ဘာမြေမှ မည်သည့်အချိန် မည်သို့ ပျောက်ပျက်သွားခဲ့သည်ကိုလည်း
ယနေ့မည်သူမျှမသိပေ။ သို့သော် ၊ သို့သော်.........လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ကျော် အလျှင်က ကိုယ်တော်မြတ် မုဟမ္မဒ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ထံပို့ ချခြင်းခံ ခဲ့ရသော် ကျမ်းတော်
မြတ်ကား ယနေ့တိုင် မုစ်လင်မ်တိုင်း၏အိမ်၌မူမယွင်း ရှိနေလေသည်။ ဟာဖိဇ်တော်များ ၏ နှလုံးသား
ထက်၌ အက္ခရာမယွင်း တည်ရှိနေလေသည်။ ရွှေဘိုသား မြန်မာလူမျိုး စစ်စစ် ဟာဖိဇ် ဖြစ်ဖြစ်၊ အိန္ဒိယ
သား အသားဖြူ ၊ အသားမည်း ကုလား လူမျိုး ဟာဖိဇ် ဖြစ်ဖြစ်၊ ဆွေမျိုးပေါက်ဖော် အသားဝါ တရုတ်လူမျိုး
ဟာဖိဇ် ဖြစ်ဖြစ်၊ အာဖရိကန်အသားမည်းကပ္ပလီလူမျိုးဟာဖိဇ်ဖြစ်ဖြစ်၊အင်္ဂလန်ပြည်သား ကုလားဖြူခေါ်
အင်္ဂလိပ် လူမျိုးဟာဖိဇ် ဖြစ်ဖြစ်၊ ကန္တာရသား အာရပ်လူမျိုးဟာဖိဇ် ဖြစ်ဖြစ်၊ မည်သည့်လူမျိုးဟာဖိဇ် ဖြစ်ဖြစ် ကျမ်းတော်မြတ်ကို အာဂုံဆောင် ထိန်းသိမ်းထားရာ၌ လုံးဝ အကွဲအလွဲမရှိ အက္ခရာတစ်လုံးဝိဝါဒ မရှိ။
ကမ္ဘ္ဘာ့တောင်ဝင်ရိုးစွန်းရှိ ကျမ်းတော်မြတ်နှင့် ကမ္ဘ္ဘာ့မြောက်ဝင်ရိုးစွန်းရှိ ကျမ်းတော်မြတ်တို့ တစ်ထေရာ
တည်း၊ တစ်မူတည်း၊ မူကွဲလုံးဝ (လုံးဝ) မရှိ။ ဤသို့ ဂုဏ်ကို ဆောင်ထားသော အခြားကျမ်းမျိုးဤကမ္ဘာ
မြေတွင် ရှိသလော? ဤကျမ်းကို နှစ်ပေါင်း ၁၄၀၀ ကျော် အထိ မည်သူကထိန်းသိမ်းထားသနည်း? မည်သူက ထိန်းသိမ်းမည်ဟု တိကျသော အာမခံချက် ပေးခဲ့သနည်း? ကမ္ဘာတည်သရွေ့ မည်သူကဆက်လက်
ထိန်းသိမ်းထားမည်နည်း? အဖြေကားထိုကျမ်းတော်မြတ်တွင်ပင်။ ကဏ္ဏတော် ၁၅၊ အာယဟ်တော် ၉ တွင်

"အင်န်နာနဟ်နု နဇ္ဇလ်နဇ် ဇိက်ရ ဝအင်န်နာလဟူ လဟာဖွိဇူးန်" (ဧကန်စင်စစ်ငါအရှင်မြတ်သည်
ပင်လျှင် (ဤ) ဆုံးမဩဝါဒ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ကို ချပေးသနား
တော်မူခဲ့လေသည်။ ထိုမှတပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို
ထိန်းသိမ်းစောင့်ရှောက်တော်မူမည့်အရှင်မြတ်လည်းဖြစ်တော်မူပေသတည်း။)

ဆက်ပါဦးမည်.............။



လေးစားပါတယ်ဗျာ
The Sage

ရှိုင်ခ် အိဗ်နု အလ်ဟိုင်ယ်သမ် (Alhazen) (ရ.ဟ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

ဒီ တစ်ခါတော့ ညီအစ်ကိုမောင်နှမ များကို အောက်မေ့ဖွယ်ရာ မုစ်လင်မ် သိပ္ပံ ဝိဇ္ဇာ စွယ်စုံပညာရှင်
ကြီးရှိုင်ခ် အိဗ်နု ဟိုင်ယ်သမ် နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှိုင်ခ် ရဲ့အမည်အပြည့်အစုံကတော့
အဗူအလီ အလ်ဟစန် အိဗ်နု အလ်ဟိုင်ယ်သမ်ပါ။ အလယ်ခေတ် ဥရောပ သမိုင်းမှာ (Alhazen)
အလ်ဟေဇဲန်ဆိုတဲ့အမည်နဲ့ ကျော်ကြားခဲ့သူပါ။ C.E ၉၆၅ မှာ ဘစရာ မှာမွေးဖွားခဲ့ပါတယ်။ အချို့
သမိုင်းတွေမှာ ပညာရှင်ကြီးဟာ အရဗ်လူမျိုး တစ်ဦးဖြစ်တယ်လို့ဖော်ပြထားပေမယ့် အချို့သမိုင်းနဲ့
အင်န်စိုင်ကလပေဒီးယား တွေမှာတော့ ပါရှန်းလူမျိုး တစ်ဦးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဝီကီမှာ
တော့ (Arab or Persian ) လို့ ရေးသားထားတာတွေ့ရပါတယ်။ ပညာရှင်ကြီးဟာ အော့ပ်တစ် (ခေါ်)
စက္ခုအတတ်ပညာ သာမက ခန္ဓာဗေဒ၊ နက္ခတ္တဗေဒ၊ သင်္ချာပညာ၊ ဆေးပညာ၊ မျက်စိကုပညာ၊
ရူပဗေဒ၊ ဒဿနိကဗေဒနဲ့ စိတ်ပညာ နယ်ပယ်တွေကို ပညာအလင်းတွေပေးပြီး ကြီးမားတဲ့ကျေးဇူး
တွေပြု ခဲ့သူပါ။

ရှိုင်ခ် ဟာ C.E 965 ခု ဝန်းကျင် ဘစရာမှာ မွေးဖွားခဲ့သော်ငြားလည်း အီဂျစ်ပြည် ကိုင်ရို မှာ အများဆုံး
နေထိုင်ခဲ့ပါ တယ်။ တစ်ကြိမ်တစ်ခါမှာတော့ ရှိုင်ခ်ဟာ သူ့ရဲ့ သင်္ချာပညာ နဲ့ အင်္ဂျင်နီယာ ပညာရပ် ကျွမ်း
ကျင်မှု ကို အလွန်အထင်ကြီးပြီးနိုင်းမြစ်ရေကြီးခြင်း ကို ထိန်းသိမ်းနိုင်မယ့် ရေကာတာကြီး တစ်ခု ကို
တည်ဆောက်နိုင်တယ်လို့ မာနတက် ဖွင့်ဟပြောဆိုမိပါတယ်။ အဲဒီသတင်းဟာ ဖွာသမီယဟ် ဘုရင်
အလ်ဟာကင်မ် ဘင်န် အမ်ရုလ်လာဟ် ထံရောက်ရှိသွားပြီး၊ သူ့ကို အီဂျစ်ပြည်၊ ကိုင်ရို မြို့ကို အာဏာနဲ့
ဆင့်ခေါ်ခြင်းခံရပြီး၊ ရေကာတာကြီး တည်ဆောက်ဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ ရပါတယ်။ လက်တွေ့ကွင်း
ဆင်းပြီး ဆာဗေးလုပ်လေ့လာတော့ မှ ရေကာတာကြီး တည်ဆောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ရှိုင်ခ်ဟာ
သိရှိပြီး သူ့ရဲ့ မာနစကားအတွက် အလွန်နောင်တရခဲ့ရှာပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ မစွမ်းဆောင်နိုင်
မှု ကြောင့် ဘုရင် က အမျက်ထွက်အပြစ်ပေး မှာစိုးရိမ်ပြီး၊ သူ ဟာ ရူးသွတ် နေသူ အဖြစ်ဟန်ဆောင်လိုက်
ပါတော့တယ်။ သို့ပေမယ့် ဘုရင် ကတော့ သူ့ကို နေအိမ်အကျယ်ချုပ် အပြစ်ပေးခဲ့ပါတယ်။ C.E ၁၀၂၁၊
ဘုရင် ကွယ်လွန် တော့မှ အဲဒီအပြစ် ကနေ လွတ်မြောက်ခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ် နေခဲ့ရစဉ် က သူဟာ သူ့ရဲ့ အကျော်ကြားဆုံး ကျမ်းကြီး ဖြစ်တဲ့ "ကိသာဘုလ် မနာဇိရ်"
စက္ခုပညာကျမ်း (BOOK OF OPTICS) ကို ပြုစုခဲ့ပါတယ်။ ဒီ ကျမ်းကြီး ကို နှစ်ပေါင်း ၁၀ နှစ်ကြာ ပြုစုခဲ့တာ
ဖြစ်ပြီး အတွဲ ၇ တွဲ ရှိတဲ့ ကျမ်းကြီးပါ။ ကမ္ဘာ့သမိုင်း ရူပဗေဒ ပညာနယ်ပယ် မှာ အာဏာရှိခဲ့ တဲ့ကျမ်းတွေထ
ဲက တစ်ကျမ်းအပါ အဝင်ဖြစ်ပြီး အင်္ဂလိပ်လူမျိုးရူပဗေဒ ပညာရှင်ကြီး ဆာအိုင်ဆက်ညူတန်ရဲ့ ကျမ်းကြီး
(Philosophiae Naturalis Principia Mathematica) နဲ့ တစ်ပြေးညီအဆင့်အတန်း သတ်မှတ်ထားခြင်းခံ
ထားရပါတယ်။

စက္ခုပညာကျမ်းအပါအဝင် ရူပဗေဒဆိုင်ရာကျမ်းတွေ၊ သင်္ချာပညာ ဆိုင်ရာကျမ်းတွေ၊ နက္ခတ္တဗေဒ ဆိုင်ရာ
ကျမ်းတွေ၊ ဆေးပညာဆိုင်ရာ ကျမ်းတွေ ကိုလည်းပြုစုခဲ့ပါသေးတယ်။ သူ့ရဲ့ စက္ခုပညာဆိုင်ရာ သိပ္ပံ တွေ့
ရှိချက်တွေ၊ ကျမ်းတွေ၊ သင်ကြားမှုတွေကြောင့် ကမ္ဘာကအကျိုးထူးတွေခံစားခဲ့ရတဲ့အလျောက် သူ့ကို
"စက္ခုပညာရဲ့ ဖခင်ကြီး" အဖြစ် သမိုင်းမှာ ဂုဏ်ပေးမှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။ မုစ်လင်မ် စွယ်စုံပညာ
ရှင်ကြီးတွေရဲ့ သဘာဝအတိုင်း သူသည်လည်း ဘာသာတရားကိုင်းရှိုင်းသူတစ်ဦး ဖြစ်ပြီး ပညာရပ်နယ်ပယ်
အတော်များများနဲ့သက်ဆိုင်တဲ့ ကျမ်းတွေ ပြုစုခဲ့ပြီး လူသားတွေကို ပညာအလင်း ပေးခဲ့သူပါ။ ဘာသာရေး
ဆိုင်ရာ ကျမ်းတစ်ချို့ကိုလည်း ပြုစုခဲ့ပါသေးတယ်။ သူပါရဂူမြောက်အောင်ကျွမ်းကျင်တဲ့သင်္ချာပညာ ကို
အသုံးပြုပြီး ကိဗ်လာ (မုစ်လင်မ် များဝတ်ပြုရာတွင် မျက်နှာမူရာ အရပ်) ကို တွက်ချက်တဲ့ နည်း စာတမ်း
ကို လည်းပြုစုခဲ့ပါတယ်။

သူ့ရဲ့ မှတ်သား ဖွယ်ရာ ဘာသာရေးဆိုင်ရာ ခံယူချက် တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

"မျက်စိမှိတ် နောက်လိုက်ပြုခြင်း "သက်လီးဒ်" ဟာ အလ္လာဟ့်တမန်တော် တွေအတွက်ဘဲဖြစ်သင့်ပြီး
အခြား သူတွေကို လုံးဝမျက်စိမှိတ် သက်လီးဒ် ပြုခြင်းမပြုသင့်ပါ"။

အသိပညာ၊ အတတ်ပညာ ဆည်းပူးတာနဲ့ ပတ်သတ်ပြီး ခုလို ခံယူခဲ့ပါသေးတယ်။

"ကျွန်ပ် သည် အသိပညာ၊ အတတ်ပညာ နှင့် အမှန်တရားတို့ကို ပုံမှန် လိုက်စားခဲ့ခြင်းကြောင့်
ကျွန်ပ်သိလာခဲ့ရတာကတော့ အသိပညာ၊ အတတ်ပညာ ရော အလ္လာဟ်အရှင်မြတ်နဲ့ နီးကပ်မှုကို
ပါ ရရှိ ဖို့ အလွန်ကောင်းတဲ့နည်းလမ်းကတော့ အသိပညာ၊ အတတ်ပညာ နှင့် အမှန်တရားတို့ကို
ရှာဖွေ ခြင်းဘဲ ဆိုတာပါ"။

ဒီနေ့ မုစ်လင်မ်တစ်ချို့ရဲ့ အလွန်လွဲမှားတဲ့ အတွေးအခေါ်တစ်ခု ဖြစ်တဲ့ "ဘာသာရေးကို ဦးနှောက်နဲ့
စဉ်းစားလို့မရဘူး" ဆို တာနဲ့ ပညာရှင်ကြီး ရဲ့ အထက်ပါခံယူချက်တို့ကို နှိုင်းယှဉ်ကြည့်ကြပါ။

ပညာရှင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ လကမ္ဘာပေါ်ရှိတွင်းကြီးတစ်တွင်း (crater) ကို "အလ်ဟေဇဲန် ခရတာ"လို့
အမည်ပေးထားပါတယ်။ ပြီးတော့ အင်္ဂါဂြိုဟ် (မားစ်) နဲ့ ကြာသပတေးဂြိုဟ် (ဂျူပီတာ) တို့အကြားမှာရှိတဲ့
(ASTEROIDS) ဂြိုဟ်ငယ်တွေထဲက တစ်ခုကို လည်း သူ့ရဲ့နာမည် "အလ်ဟေဇဲန်" လို့ပေးထားပါသေးတယ်။

ပညာရှင်ကြီး ဟာ C.E ၁၀၄၀၊ အီဂျစ်ပြည် ကိုင်ရိုမြို့မှာ အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူခဲ့ပါတယ်။
သူဟာ မကွယ်လွန်မှီအထိ သိပ္ပံဆိုင်ရာ သုတေသနေတွေကို တစ်စိုက်မတ်မတ် လုပ်ဆောင်သွားခဲ့ပါတယ်။
စာဖတ်သူများအနေနဲ့ အလ်ဟေဇဲန် ရဲ့ဘဝ နဲ့ ပညာကို ဆက်လက်လေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။

အို-အလ္လာဟ် အရှင်မြတ်၊ ဒီပညာရှင်ကြီး အိဗ်နု အလ်ဟိုင်ယ်သမ်(ခေါ်) (Alhazen) (ရဟ်မသုလ္လာဟ်အလိုင်ဟ်)
အား အရှင့်ကရုဏာတော်ဖြင့် လွှမ်းခြုံသနားတော်မူပါ။ အာမီးန်............။

လေးစားပါတယ်ဗျာ
The Sage

Wednesday, July 15, 2009

အစ္စလာမ်သာသနာတော်နှင့် မုတ်ဆိတ်ထားခြင်း(၂)

အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ်လာဟိ ဝဗရကဟ်

မုစ်လင်မ်များ မုတ်ဆိတ်ထားဖို့ ကိုယ်တော်မြတ် ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ရဲ့အမိန့်ကို ဆွဟီးဟ်ဗုခါရီ ကျမ်းလာ ဟဒီးဆ် တော်တစ်ပုဒ် နဲ့ အထောက်အထားပြုတင်ပြခဲ့ပါတယ်။ ဒီတစ်ခါတော့
ဆွဟီးဟ် မုစ်လင်မ် ကျမ်းလာ ဟဒီးဆ်တော်နှစ်ပုဒ်ကို တင်ပြပေးပါ့မယ်။ အဲဒီဟဒီးဆ်တော်တွေကတော့...........

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့သည်မှာ.........
"နှုတ်ခမ်းမွေးကို တိုတိုညှပ်ကြ၊ မုတ်ဆိတ်ထားကြ၊ မီးကိုးကွယ် သည့်သူများနှင့် မတူညီအောင်ပြုကြ။"

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ်လာဟုသအာလအန်ဟု)။
ကျမ်း-ဆွဟီးဟ် မုစ်လင်မ် ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊၊ ဟဒီးစ်အမှတ် (၅၀၁)။

ဆိုတော့ ဒီဟဒီးစ်တော်မှာလည်းပဲ နှုတ်ခမ်းမွေးကို တိုတိုညှပ်ကြပြီး၊ မုတ်ဆိတ်ထားကြဖို့
ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အမိန့်ပေးခဲ့တာကို သိရပါတယ်။

နောက်ဟဒီးစ်တော်တစ်ပုဒ်က..............

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။
ဆယ်မျိုးသောအပြုအမူတို့သည် သဘာဝအရ ပင်ဖြစ်သည်။ (၎င်းတို့မှာ)-
၁။ နှုတ်ခမ်းမွေးကိုညှပ်ခြင်း၊ ၂။ မုတ်ဆိတ်ထားခြင်း၊ ၃။ သွားတိုက်တံအသုံးပြုခြင်း (သွားတိုက်ခြင်း) ၊ ၄။ နှာခေါင်း
တွင်းရေထည့်ခြင်း (ဆေးခြင်း)၊ ၅။ လက်သည်း၊ခြေသည်းညှပ်ခြင်း၊ ၆။ လက်ချောင်းများကြားကိုဆေးကြောခြင်း၊ ၇။ ဂျိုင်းကြားရှိအမွေးအမျှင်များအား နှုတ်ပယ်ခြင်း၊ ၈။ ဆီးခုံမွေးအားရိတ်ပယ်ခြင်း၊ ၉။ အင်္ဂါဇာတ် ကို ရေနှင့်ဆေးကြောသန့်ရှင်းစေခြင်း၊ ဆင့်ပြန်သူ တစ်ဦးက "ကျွန်တော်သည်၁၀ ခုမြောက်သော အချက် ကို မေ့နေပါပြီ။ သို့သော် ဖြစ်နိုင်ခြေရှိသည့် အချက်မှာ ပါးစပ်ကို ပလုတ်ကျင်း ဆေးကြောခြင်း ဖြစ်သည် (ဟုထင်ပါသည်)။

ဆင့်ပြန်သူ-အာအိရှဟ် (ရသွီယလ္လာဟုသအာလာအန်ဟာ)။
ကျမ်း-ဆွဟီးဟ် မုစ်လင်မ် ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် (၅၀၂)။

မုတ်ဆိတ်ထားခြင်း ဟာ အထွေအထူးငြင်းခုံနေရမယ့် ကိစ္စတစ်ရပ်မဟုတ်ဘဲ သဘာဝအရကို ပြုကျင့်ရမယ့် ကိစ္စပါ။ သွားတိုက်ခြင်း ၊ နှာခေါင်းတွင်းဆေးခြင်း ၊လက်သည်း၊ ခြေသည်းညှပ်ခြင်းစတဲ့ အပြုအမူတွေလိုပါဘဲ။ ဆက်လက်ပြီး အခြား ဟဒီးစ်ကျမ်းများလာ မုတ်ဆိတ်ထားခြင်းဆိုင်ရာ ဟဒီးစ်တော်အချို့ကို ရေးသားတင်ပြ
သွားပါ့မယ်ခင်ဗျား။ ပညာရှင် အတော်များများက ဆွဟီးဟ်ဗုခါရီ နဲ့ ဆွဟီးဟ်မုစ်လင်မ် နောက်......အီမာမ်
အဗူအီစာမုဟမ္မဒ်သိရ်မိဇီ သခင်ကြီး (ရဟ်မသုလ်လာအလိုင်ဟိ) စီစစ် စုဆောင်းပြုစုခဲ့တဲ့ ဂျာမိအုသ်သိရ်မိဇီ
ကျမ်းကို အခိုင်မာဆုံးလို့သတ်မှတ်ကြပါတယ်။ ကျမ်းရှင် အီမာမ်ကြီးဟာ အီမာမ်ဗုခါရီ ရဟ်မသုလ်လာအလိုင်ဟိ)
ရဲ့ တပည့်ကျော်ကြီးတစ်ဦးလည်းဖြစ်ပြီး ပညာအရှိန်အဝါအလွန်ကြီးတဲ့ မုဟဒ္ဒိစ် များထဲက တစ်ဦးအပါအဝင်ပါ။
ဟဒီးစ် ဖော်ပြပါ့မယ်..........

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။ "နှုတ်ခမ်းမွေးများကို တိုအောင်ညှပ် (ဖြတ်) ကြ၊ ၎င်းပြင် မုတ်ဆိတ် ထားကြ။"

ဆင့်ပြန်သူ-အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလာအန်ဟုမာ)
ကျမ်း-ဂျာမိအုသ်သိရ်မိဇီ၊ အတွဲ (၂)၊ ကောင်းသောအမူအကျင့်ပုံစံများ ကျမ်းငယ်၊ ဟဒီးစ်အဆင့်အတန်း ဆွဟီးဟ်၊ဟဒီးစ်အမှတ် ၆၂၂။

အောက်ဖော်ပြပါ ဟဒီးစ် ကတော့ မုဟဒ္ဒိစ်ကြီး အီမာမ် အဗူဒါဝုဒ် စုလိုင်ယ်မာန် အိဗ်နိ အရှအသ်
အတ်စ်စဂျိစ်သာနီ (ရဟ်မသုလ်လာအလိုင်ဟိ) သခင်ကြီး စီစစ် စုဆောင်းပြုစုခဲ့တဲ့ စုနန်အဗူဒါဝုဒ်
ဟဒီးစ်ကျမ်းလာ ဟဒီးစ်တော်တစ်ပုဒ်ပါ။

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အမိန့်ပေးခဲ့ပါသည်။
""နှုတ်ခမ်းမွေးများကို ညှပ် (ဖြတ်) ကြ၊ ၎င်းပြင် မုတ်ဆိတ် ထားကြ။"

ဆင့်ပြန်သူ-အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလာအန်ဟုမာ)
ကျမ်း-စုနန်အဗူဒါဝုဒ်၊ ကျမ်းငယ်အမှတ် (၂၈) ခေါင်းဖြီးခြင်းအမှုဆိုင်ရာ ကျမ်းငယ်၊ ဟဒီးစ်အမှတ် (၄၁၈၇)။

ထပ်ပြီး ဖော်ပြပါ ဦးမယ် ခင်ဗျာ။ မုဟဒ္ဒိစ် ကြီး အီမာမ် အဗူအဗ်ဒုရ်ရဟ်မာန် အဟ်မဒ်အိဗ်နိ ရှုအိုင်ယ်ဗ် အိဗ်နိအလီ အိဗ်နိစိနန် အိဗ်နိ ဗဟ်ရ် အိဗ်နိဒီနာရ် အလ်ခုရာစာနီ(အီမာမ် နိစာအီ) (ရဟ်မသုလ်လာအလိုင်ဟိ) သခင်ကြီး
စီစစ် စုဆောင်းပြုစုခဲ့တဲ့ စုနန် နိစာအီ ကနေထုတ်နှုတ် တင်ပြမှာပါ။

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။

"နှုတ်ခမ်းမွေးများကိုတိုအောင်ညှပ် (ဖြတ်) ကြ၊ ၎င်းပြင် မုတ်ဆိတ် ထားကြ။"

ဆင့်ပြန်သူ-အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလာအန်ဟုမာ)
ကျမ်း-စုနန် နိစာအီ၊ အတွဲ (၁)၊ သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၁၅)။

ဆွိဟာစစ်သဟ် (ခေါ်) ဟဒီးစ်ကျမ်းကြီး ခြောက်ကျမ်းအနက် ငါးကျမ်းလာ ဟဒီးစ်တော်များကို တင်ပြပြီး
ပါပြီ။ ယခု တစ်ခါ ဆွိဟာစစ်သဟ် ထဲက ကျန်နေသေးတဲ့၊ မုဟဒ္ဒိစ် ကြီး အီမာမ် အဗူအဗ်ဒုလ္လာဟ် မုဟမ္မဒ် အိဗ်နိ
ယဇီးဒ် အိဗ်နိ မာဂျဟ် အရ်ရဘီ အလ်ကဇ်ဝိနီ (အီမာမ်အိဗ်နိမာဂျဟ်) (ရဟ်မသုလ်လာအလိုင်ဟိ)
သခင်ကြီး စီစစ် စုဆောင်းပြုစုခဲ့တဲ့ စုနန်အိဗ်နိမာဂျဟ် ဟဒီးစ်ကျမ်းက ဟဒီးစ်တစ်ပုဒ်ကို တင်ပေးပါ့မယ်။
ဒီဟဒီးစ်တော်က တော့ အထက်ပို့စ်မှာ တင်ပြခဲ့တဲ့ ဆွဟီးဟ် မုစ်လင်မ် ကျမ်းလာ ဟဒီးစ်တော်အတိုင်းပါဘဲ။

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။
ဆယ်မျိုးသောအပြုအမူတို့သည် သဘာဝအရ ပင်ဖြစ်သည်။ (၎င်းတို့မှာ)- ၁။ နှုတ်ခမ်းမွေးကို
ညှပ်ခြင်း၊ ၂။ မုတ်ဆိတ်ထားခြင်း၊ ၃။ သွားတိုက်တံအသုံးပြုခြင်း (သွားတိုက်ခြင်း) ၊ ၄။ နှာခေါင်း
တွင်းရေထည့်ခြင်း (ဆေးခြင်း)၊ ၅။ လက်သည်း၊ခြေသည်းညှပ်ခြင်း၊ ၆။ လက်ချောင်းများကြားကို
ဆေးကြောခြင်း၊ ၇။ ဂျိုင်းကြားရှိအမွေးအမျှင်များအား နှုတ်ပယ်ခြင်း၊ ၈။ ဆီးခုံမွေးအားရိတ်ပယ်ခြင်း၊
၉။ အင်္ဂါဇာတ် ကို ရေနှင့်ဆေးကြောသန့်ရှင်းစေခြင်း၊ ဆင့်ပြန်သူ ရာဝီ တစ်ဦး ဖြစ်သော ဇိကိရိယာ
က- မုဆ်အဗ် (ဇိကိရိယာအထက်ရာဝီ) ကပြောသည်မှာ-"ကျွန်တော်သည် ၁၀ ခုမြောက်သော အချက် ကိုမေ့နေပါပြီ။ သို့သော် ဖြစ်နိုင်ခြေရှိသည့် အချက်မှာ ပါးစပ်ကိုပလုတ်ကျင်း ဆေးကြောခြင်း ဖြစ်သည်
(ဟုထင်ပါသည်)။

ဆင့်ပြန်သူ-အာအိရှဟ် (ရသွီယလ္လာဟုသအာလာအန်ဟာ)။
ကျမ်း-စုနန်အိဗ်နိမာဂျဟ်၊ အတွဲ (၁) ၊ သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊ ကျမ်းငယ်အမှတ် (၁)၊
ဟဒီးစ် အမှတ် (၂၉၃)။

မာရှာအလ္လာဟုသအာလာ၊ မုတ်ဆိတ်ထားခြင်းဟာ အစ္စလာမ်သာသနာ မှာ အလွန်အခြေခိုင်လှတဲ့ အမိန့်တော်
တစ်ရပ်ဆိုတာကို ဆွိဟာစစ်သဟ် ခြောက်ကျမ်းစလုံးထဲကနေ ကျွန်တော်ထုတ်နှုတ်တင်ပြ အထောက်
အထားပေးပြီးပါပြီ။ ဆွိဟာစစ်သဟ်အပြင်အခြားဟဒီးစ်ကျမ်းတွေကနေလည်း တင်ပြနိုင်ပါသေးတယ်။
ဒါပေမယ့် တင်ပြခဲ့တဲ့ ဟဒီးစ်တွေဟာ အထောက်အတားပြုဖို့လိုအပ်တာထက် ပိုလျှံလို့နေပါပြီ။ ကျွန်တော်ဒီပို့စ်စရေးတုန်းက ဖွေကဟ် နဲ့လည်းတင်ပြမယ်လို့ရေးခဲ့ပါတယ်။ ဖွေကဟ်၊ ဖသာဝါတွေ၊ မုတ်ဆိတ်ထားတဲ့ကမ္ဘာ့ပညာရှင်ကြီးတွေရော၊ မြန်မာပြည်ကပညာရှင်ကြီးတွေရဲ့ အမည်တွေပါ စီတန်း
ရေးပြ ပြီးဓာတ်ပုံတွေပါ တင်ဖို့အထိအစီအစဉ်ရှိခဲ့တာပါ။ ကိယားစ်လုပ်ထားတာတွေလည်းရေးပြမလို့ပါ။ သို့သော်လည်း တင်ပြခဲ့တဲ့ ဟဒီးစ် တွေဟာ အထောက်အတားပြုဖို့လိုအပ်တာထက်ပိုလျှံလို့နေပါပြီ။

မုစ်လင်မ် ညီအစ်ကိုတော်တွေကို အကြံတစ်ခုတော့ပေးချင်ပါတယ်။ အဲဒါဟာဘာလဲဆိုတော့
အကြောင်းအမျိုးမျိုးကြောင့် မုတ်ဆိတ်မထားနိုင်သူတွေ၊ မထားချင်သူတွေ၊ မထားသေးသူတွေ
အနေနဲ့ မုတ်ဆိတ်ထားခြင်းကို မဆန့်ကျင်ကြပါနဲ့၊ မလှောင်ပြောင်ကြပါနဲ့၊ မကဲ့ရဲ့ကြပါနဲ့။
နဗီကိုယ်တော်တိုင်ပေးခဲ့တဲ့ အမိန့်တော်တစ်ရပ်မို့လို့ပါ။ မုတ်ဆိတ်မထားနိုင်တဲ့အတွက်
နဗီရဲ့အမိန့်ကို ဆန့်ကျင်ပုန်ကန်နေတာမဟုတ်ကြောင်း အမြဲနှလုံးသွင်းကြပါ။ "အင်န်ရှာအလ္လာဟ်
မသေခင်တစ်နေ့ထားမယ်" လို့အမြဲနီယသ်ထားကြပါ။ ထားနိုင်အောင်လည်း အလ္လာဟ့်ထံမှာ
အမြဲတမ်း ဒုအာပြုနေပါ။ မထားနိုင်သ၍လည်းအလ္လာဟ်ထံတော်ပါးမှာ အမြဲ မဂ်ဖွိရသ် တောင်းခံနေပါ။
ရှိရ်က် လုပ်တဲ့သူ (ပုန်ကန်တဲ့သူ) ကလွဲလို့ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိရင်
ခွင့်လွှတ်တော်မူနိုင်ပါတယ်။ (ကုရ်အာန် ၄:၄၈) ကိုကိုးကားတာပါ။

(ရယ်စရာ- တရုတ်လူမျိုးတွေမှာ မုတ်ဆိတ်မပေါက်ဘူးလို့ ကျွန်တော့်ကို လာမပြောမိပါစေနဲ့၊
"ရှိမာ? ဟောင်ဝ်? လို့ပြန်ပြောပြီး တရုတ်သိုင်းကား တွေကြည့်ခိုင်းလိုက်ပါ့မယ်၊ မြန်မာပြည်
မှာ မုတ်ဆိတ်ထားရင် အဆင်မပြေဘူးလို့လည်းလာမပြောမိပါစေနဲ့၊ အဆင်ပြေနေတဲ့
ဇော်ဝင်းထွဋ် တို့ ရင်ဂို တို့ ကုသိုလ် တို့ကို ကြည့်ပါလို့ ကျွန်တော်ပြောမိပါလိမ့်မယ်။)

ဒီခေါင်းစဉ်ကို ဒီတင်ဘဲ ရပ်နားခွင့်ပြုပါ။

လေးစားပါတယ်ခင်ဗျာ
The Sage

Sunday, July 12, 2009

ရှိုင်ခ် အိဗ် နိရုရှ်ဒ် (Averroes) (ရ.ဟ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

အောက်မေ့ဖွယ်ရာ မုစ်လင်မ် သိပ္ပံ ဝိဇ္ဇာ စွယ်စုံပညာရှင်ကြီးတွေ ရဲ့အကြောင်းတစ်စိတ်တစ်ဒေသကိုဖတ်ရှုပြီး ညီအစ်ကိုတော်၊ ညီအစ်မတော်များ အသိ တစ်စုံတစ်ရာကို ရရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ စွယ်စုံပညာရှင်ကြီး ရှိုင်ခ် အိဗ် နိရုရှ်ဒ် (ရဟ်မသုလ္လာဟ်အလိုင်ဟ်) နဲ့မိတ်ဆက်ပေးပါ့မယ်။
ပညာရှင်ကြီးဟာ C.E ၁၁၂၆ ခု၊ စပိန်နိုင်ငံ ကော်ဒဗာ ခရိုင်၊ အန်ဒလုစီယာ နယ်မှာ ဖွားမြင်ခဲ့ပါတယ်။ ပညာရှင်
ကြီးဟာ အရဗ်လူမျိုးပါ။ အမည်အပြည့်အစုံကတော့ အဗူလ်ဝလီဒ် မုဟမ္မဒ် အိဗ်နိအဟ်မဒ် အိဗ်နိမုဟမ္မဒ် အိဗ်နိရုရှ်ဒ်ပါ။ ပညာရှင်ကြီး ကို ဥရောပသမိုင်း က လက်တင်အမည် အဗာရိုအေ(ဇ်) (Averroes) နဲ့ မှတ်တမ်းတင်ကြပါတယ်။အထက်မှာမိတ်ဆက်ပေးခဲ့တဲ့ပညာရှင်ကြီးတွေလို ဒီပညာရှင်ကြီးဟာလည်း စွယ်စုံပညာရှင်ကြီးတစ်ပါးပါ။ ဒဿနိကဗေဒ၊ ယုတ္ထိဗေဒ၊ စိတ်ပညာ၊ နိုင်ငံရေးပညာ တို့မှာ ပါရဂူမြောက်ရုံမက ဆေးပညာ၊နက္ခတ္တဗေဒ၊ ပထဝီပညာ၊ သင်္ချာပညာ၊ ရူပဗေဒ စတဲ့ပညာရပ်တွေရဲ့ ဝိဇ္ဇာကြီးပါ။ ဘာသရေးဘက်မှာဆိုရင်လည်း ကုရ်အာန်ဋီကာပညာရှင်၊ ဟဒီးစ်ပညာရှင်၊ မာလိကီ ဥပဒေသိပ္ပံပညာရှင် စတဲ့ ဘွဲ့ထူးတွေကို ပိုင်ဆိုင်ခဲ့သူပါ။

C.E ၁၁၆၀ မှာ စပိန်နိုင်ငံ စဗီးလ် ခရိုင်ရဲ့ တရားသူကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ သူ့ဘဝတစ်လျှောက်
စဗီးလ်၊ ကော်ဒဗာ နဲ့ မော်ရိုကို တို့မှာ တရားရေးအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပညာရှင်ကြီးဟာ အစ္စလာမ့်ဒဿနိကဗေဒ၊ အာရဗီဆေးပညာ၊ အာရဗီသင်္ချာပညာ၊ အာရဗီနက္ခတ္တဗေဒ၊ အာရဗီသဒ္ဒါ၊
ရှရီအဟ် နှင့် အစ္စလာမ့်ဥပဒေ သိပ္ပံဆိုင်ရာကျမ်းပေါင်းများစွာကို ပြုစုခဲ့ပါတယ်။ ဒါ့အပြင် အရစ္စတိုတလ် ရဲ့ အတွေးအခေါ် အတော်များများရဲ့အဖွင့်ကျမ်းတွေ၊ ပလေတိုရဲ့ ရပဘ်လစ် ကျမ်းရဲ့ဋီကာ စတာတွေကို ပြုစုခဲ့ပြီး ဂရိအတွေးအခေါ်နဲ့ ဥရောပ ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဂရိပညာရှင်တွေ ပြုစုခဲ့တဲ့ကျမ်းတွေရဲ့ အဖွင့်ကျမ်းတွေ ပြုစုခဲ့ပေမယ့် မှားတယ် လို့ယူဆတဲ့ အတွေးအခေါ်တွေကိုတော့ ပြတ်ပြတ်သားသားထိထိမိမိ ငြင်းချက် ထုတ်ခဲ့ပါတယ်။ ဆေးပညာဆိုင်ရာကျမ်းတွေကိုလည်းပြုစုခဲ့ပါသေးတယ်။ ထင်ရှားတဲ့ကျမ်းတွေက ကုလ္လီယဟ် ခေါ် အထွေထွေဆေးပညာစွယ်စုံကျမ်း၊ ဂရိပညာရှင်ကြီး ဂလန် ရဲ့ကျမ်းများပေါင်းချုပ် နဲ့ ဋီကာများ၊ အထက်မှာမိတ်ဆက်ပေးခဲ့တဲ့ ပါရှန်းမုစ်လင်မ် စွယ်စုံပညာရှင်ကြီး ရှိုက်ခ်အိဗ်နိစီနာ ရဲ့ "အလ်ကာနူန်ဖွိသ်သွိဗ်" ခေါ် ဆေးပညာဆိုင်ရာကျမ်းစုကြီး ရဲ့ ဋီကာတွေပါ။

ပညာရှင်ကြီး ယုံကြည်ယူဆခဲ့တာက ဘာသာရေး (အစ္စလာမ်) နဲ့ ဒဿနိကဗေဒ ပညာတို့အကြား ဘယ်လိုဝိရောဓိမျိုးမှ မရှိဘူးဆိုတာပါ။ သူ့ရဲ့ အတွေးအခေါ်တွေဟာ အလယ်ခေတ် ခရစ်ရှန် အတွေးအခေါ်ပညာရှင် စိန့်သောမတ်စ်အကွီနတ်စ်၊ ဂျူးလူမျိုးအတွေးအခေါ်ပညာရှင် အတော်များများကိုလည်းလွှမ်းမိုးခဲ့ပါသေးတယ်။ သူရဲ့အတွေးအခေါ်ဝါဒတွေကို အဗာရိုအိဇင်မ် လို့ လူသိထင်ရှားဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့လူသားတွေအပေါ်ပြုခဲ့တဲ့ပညာရှင်ကြီးရဲ့ ကျေးဇူးတွေအထဲက အနည်းငယ်ကို တင်ဆက်ပေးပါ့မယ်။
နက္ခတ္တဗေဒ နယ်ပယ်မှာ ဆိုရင် နေမျက်နှာပြင်ပေါ်မှာရှိတဲ့အစက်အပျောက် နဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေ
ရေးသားခဲ့သူတွေထဲကတစ်ဦးပါ။ ဂြိုဟ်နက္ခတ်တွေရဲ့ လှုပ်ရှားသွားလာပုံကို သုတေသနပြုပြီး နောင်တစ်ခေတ်မှာ
ထင်ရှားလာခဲ့တဲ့ဂျာမန်လူမျိုးနက္ခတ္တဗေဒပညာရှင် ယိုဟာနတ်စ်ကဲပ်လာ လို ပညာရှင်မျိုးတွေအတွက် လမ်းပြ
ခဲ့ပါတယ်။ ရူပဗေဒ ပညာရပ်မှာ...........အိနားရှား ရဲ့သဘောတရားကို ကဲပ်လာမတိုင်ခင်ကတည်းကပထမဦးဆုံး
ရှာဖွေတွေ့ရှိခဲ့သူပါ။ "သက်ရောက်မှုအား" (Force) ရဲ့ သဘောတရား ကိုလည်းပထမဦးဆုံးနဲ့ အမှန်ကန်ဆုံး
တွေးခေါ်တင်ပြခဲ့သူပါ။ ဆေးပညာနယ်ပယ်မှာဆိုရင်................သူပြုစုခဲ့တဲ့ ကုလ္လီယဟ် ခေါ် အထွေထွေ
ဆေးပညာစွယ်စုံကျမ်းမှာ ဇီဝကမ္မဗေဒ၊ အထွေထွေရောဂါဗေဒ၊ ရောဂါရှာဖွေခြင်း၊ဆေးပညာဆိုင်ရာ ပစ္စည်း၊
ကိရိယာများ၊ ကျန်းမာရေးသိပ္ပံ၊ ကုထုံးဆိုင်ရာများစတာတွေ ကို အတော်စုံလင်စွာဖော်ပြထားပါတယ်။
ကျောက်ကြီးရောဂါ ဟာ လူတစ်ယောက်ရဲ့ဘဝမှာ နှစ်ခါမဖြစ်ဆိုတဲ့ အသိကို စတင်ဖော်ပြခဲ့ပါတယ်။ ရတီနာ (retina)(ခေါ်) မြင်လွှာအမြှေးပါးရဲ့ လုပ်ဆောင်ချက်အပြည့်အဝကိုရှာဖွေ တွေ့ရှိခဲ့သူပါ။

သူ့ရဲ့ ကုလ္လီယဟ် ခေါ် အထွေထွေဆေးပညာစွယ်စုံကျမ်းကြီးဟာ လက်တင်ဘာသာနဲ့ဟီဘရူးဘာသာတို့ကို
အကြိမ်ကြိမ်ပြန်ဆိုခြင်းခံခဲ့ရပါတယ်။ လူသေခွဲစိတ်ခြင်းဆိုင်ရာအကြောင်းအရာတို့ကိုလည်းရေးသားခဲ့ပါတယ်။
လူသေခွဲစိတ်ခြင်းနဲ့ပတ်သတ်ပြီးသူ့ရဲ့ အလွန်တရာမှတ်သားဖွယ်ရာ မှတ်ချက်ကတော့ "ခန္ဓာဗေဒနဲ့ လူသေခွဲစိတ်ခြင်းသိပ္ပံ ပညာကို နက်နဲစွာလိုက်စားသူတွေ ဟာသူတို့ရဲ့ အလ္လာဟ် (ဖန်ဆင်းရှင်) နဲ့ပတ်သတ်တဲ့ ယုံကြည်မှုတွေ ပိုပြီးတိုးပွါးခိုင်မာ လာပါတယ်" ဆိုတာပါ ဘဲ။ ဒါဟာလုံးဝ မှန်ကန်တဲ့စကားပါဆိုတာကို လူသေအလောင်း (သို့) လူရှင်ကို ခွဲစိတ်ဖူးတဲ့ မုစ်လင်မ် ဆရာဝန်တိုင်း က ထောက်ခံမှာအသေအချာပါ။ လူသားဟာအလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းမှုတွေထဲမှာ အကောင်းဆုံးဘဲဆိုတာ လုံးဝငြင်းလို့မရပါဘူး။
ဆီးလမ်းကြောင်းနဲ့ အဖိုမျိုးပွါးမှုအင်္ဂါဆိုင်ရာပညာရပ် (ယူရလဂျီ)နဲ့ပတ်သတ်ပြီး အမျိုးသားများရဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှု ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းရောဂါတွေ(Impotency,Sexual dysfunction SD) စတာတွေကိုလည်း ရှင်းလင်းပြပြီး ဆေးဝါးကုထုံးတွေကို ပထမဦးဆုံးတီထွင် ခဲ့သူပါ။အာရုံကြောဆိုင်ရာပညာနဲ့ ဆက်စပ်ပြီး ယနေ့ခေတ်လူတွေသိတဲ့ ပါကင်ဆန် ရောဂါ ဆိုတာ ရှိကြောင်း ကို လည်းဆွေးနွေးခဲ့ပါသေးတယ်။ စက္ခုပညာနဲ့ပတ်သတ်ပြီး ဖိုတိုရစဲပ်တာ ခေါ် အလင်းကိုအာရုံခံတဲ့ဆဲလ်တွေဟာ မြင်လွှာအမြှေးပါးမှာရှိကြောင်း ကို ပထမဦးဆုံးကမ္ဘာကိုတင်ပြခဲ့သူပါ။

အထက်မှာတင်ပြခဲ့တဲ့ စွမ်းဆောင်ချက်တွေအပြင် အစ္စလာမ့်ဥပဒေဆိုင်ရာပညာရပ်တွေမှာ လည်းစွမ်းဆောင်ခဲ့တာတွေရှိပါသေးတယ်။ အစ္စလာမ့်ဥပဒေကို မာလိကီနည်းပညာနဲ့ဖွင့်ဆိုသူ ဖြစ်တဲ့ ပညာရှင်ကြီးဟာ အလွန်ကျော်ကြားတဲ့မာလိကီဥပဒေနည်းပညာဆိုင်ရာဋီကာကျမ်းကြီး"ဘိဒါယသုလ်မုဂ်ျသဟိဒ် ဝန်နိဟာယသုလ်မုက်သစိဒ်" ကိုလည်းပြုစုခဲ့ပါတယ်။ ကမ္ဘာကို ကြီးမားတဲ့ကျေးဇူးတွေပြုခဲ့တဲ့ ပညာရှင်ကြီးဟာ C.E ၁၁၉၈ မော်ရိုကိုနိုင်ငံ မှာ အလ္လာဟ်အရှင်မြတ်ထံတော်ကို ပြန်လည်ကြွမြန်းခဲ့ပါတယ်။ ယာ......ရဗ္ဗလ်အာလမီးန် ပညာရှင်ကြီး ရှိုင်ခ် အိဗ်နိရုရှ်ဒ်(ရဟ်မသုလ္လာဟ်အလိုင်ဟ်)ကို ဂျန္နဟ်သုလ်ဖိရ်ဒေါစ်မှာ အလွန်မြင့်မားတဲ့ အဆင့်အတန်းပေးသနားတော်မူပါ။ အာမီးန်..........။

လေးစားပါတယ်ဗျာ
The Sage

ရှိုက်ခ်အိဗ်နိစီနာ (AVICENNA) (ရ.ဟ)

အစ္စလာမုအလိုင်ကုမ်ဝရဟ်မသုလ်လာဟိဝဗရကဟ်

အစ္စလာမ့်သမိုင်း ကိုသာမက ကမ္ဘာ့သမိုင်းကိုပါ တစ်ခေတ်ဆန်းသစ်စေခဲ့ပြီး ကြီးမားလှတဲ့ကျေးဇူးတွေ
ပြုခဲ့တဲ့ အောက်မေ့ဖွယ်ရာ မုစ်လင်မ် သိပ္ပံ ဝိဇ္ဇာ စွယ်စုံပညာရှင် ကြီးတွေ နဲ့ ညီအစ်ကိုတော်၊ ညီအစ်မတော်
များကို မိတ်ဆက် ပေးခွင့်ရတာဟာ ကျွန်တော့်အတွက် အလွန်ကြီးကျယ်တဲ့အခွင့်အရေးတစ်ခုပါ။

ဒီတစ်ကြိမ်မှာတော့ ဆေးပညာရှင် ကြီးအနေနဲ့ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ စွယ်စုံပညာရှင်ကြီး
ရှိုက်ခ်အိဗ်နိစီနာ (ရဟ်မသုလ္လာဟ် အလိုင်ဟ်) နဲ့မိတ်ဆက်ပေးပါရစေခင်ဗျား။ ဥရောပ မှာ လက်တင်အမည်
"(Avicenna) အာဗာစဲနာ" နဲ့ကျော်ကြားထင်ရှားခဲ့သူပါ။ ပညာရှင်ကြီးဟာ သူ့ခေတ်သူ့အခါက
အကြီးကျယ်ဆုံးသော ဆေးပညာရှင် နဲ့ ဒဿနိကဗေဒပညာရှင် ဖြစ်ခဲ့ရုံမက နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊
ဘူမိဗေဒ၊ ယုတ္ထိဗေဒ၊ သင်္ချာပညာ၊ ရူပဗေဒ၊ စိတ်ပညာ၊ ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာသည့်ပညာ၊
ကဗျာအတတ် စသည်တို့ကို တစ်ဖက်ကမ်းလွန်အောင် တတ်မြောက်ခဲ့တဲ့ ပညာရှင်ကြီးတစ်ပါးပါ။
ပညာရှင်ကြီးရဲ့အမည်အပြည့် အစုံက အဗူအလီ အလ်ဟုစိုင်န် အိဗ်နိ အဗ်ဒုလ္လာဟ် အိဗ်နိစီနာ ပါ။
ပညာရှင်ကြီးရဲ့ ဖခင်ကြီး နေထိုင် အမှုထမ်းခဲ့ရာ ဘလခ်လို့တွင်ခဲ့တဲ့ ပါရှန်းမြို့တစ်မြို့ကို အစွဲပြုပြီး
အိဗ်နိစီနာဘလ်ခီ လို့လဲ လူသိများခဲ့ပါတယ်။ ပညာရှင်ကြီး ဟာ ပါရှန်း (အီရန်) လူမျိုးပါ။ C.E ၉၈၀ ခန့်မှာ
ပါရှန်းအင်ပါယာအတွင်းရှိ ဘုခါရာ မြို့မှာဖွားမြင်ခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ်မှာ ကုရ်အာန်ကျမ်းကို
နှလုံးသားထဲ သိမ်းဆည်းထိန်းသိမ်းစောင့်ရှောက်တဲ့အလွန်မြင့်မြတ်သော သာသနာ့ကျေးကျွန် "ဟာဖိဇ်"
ဆိုတဲ့ ဘွဲ့ဂုဏ်ထူးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပညာရှင်ကြီးရဲ့ သာသနာ့လမ်းသွယ်ကတော့ "အိစ်မာအီလီ" ရှိအဟ် ပါ။
ငယ်ရွယ်စဉ်မှာ ဘဲ အိန္ဒိယသင်္ချာပညာကို သင်ယူတတ်မြောက်ခဲ့ပါတယ်။ ငယ်ရွယ်သူတွေကိုစာပေသင်ကြား၊
နာမကျန်းသူတွေကိုနယ်လှည့်ဆေးကုသပေးနေတဲ့ ပညာရှင် တစ်ပါးထံမှာ ဆေးပညာ အချို့ကိုသင်ကြား ခဲ့ပါတယ်။
အစ္စလာမ့် ဥပဒေ သိပ္ပံပညာ (ဖွေကဟ်) ကို ဟနဖွီ ပညာရှင်ကြီးတစ်ပါးဖြစ်တဲ့ ရှိုင်ခ် အိစ်မာအီလ်အလ်ဇာဟိဒ်
ထံမှာဆည်းပူးခဲ့ပါတယ်။

ပညာရှင်ကြီးဟာ ဂရိပညာရှင်ကြီး အရစ္စတိုတလ် ရဲ့ တက္ကကဗေဒ သဘောတရားတွေကို မုစ်လင်မ်
စွယ်စုံပညာရှင်ကြီး အလ်ဖရာဗီ ရေးသားခဲ့တဲ့ အဖွင့်ကျမ်းကတစ်ဆင့် လေ့လာခဲ့ပါတယ်။ ဆယ်ကျော်သက်
အရွယ်မှာဘဲ ဒဿနိကဗေဒပညာကို စတင်ဆည်းပူးခဲ့ပါတယ်။ ဒဿနိကဗေဒ ကိုစတင်လေ့လာစဉ်က
အတွေးအခေါ်ဆိုင်ရာ အခက်အခဲ ရှုပ်ထွေးမှုတွေနဲ့ ကြုံရပြီး ဆက်လက်အဖြေမထုတ်နိုင်တိုင်း သူလေ့လာ
နေတဲ့စာအုပ်တွေကို အသာအယာထား၊ ဝုဇူပြုပြီး စဂ်ျဒါ ပြုရာဌာနကို သွား ဆွလားသ်ဝတ်ပြုရင်း
အလ္လာဟ်အရှင်မြတ်ထံတော်ပါးကနေ ညဏ်အလင်းတောင်းခံလေ့ရှိခဲ့ပါတယ်။ သူအလိုရှိတဲ့ညဏ်အလင်း
ရတော့မှသာလျှင် တောင်းခံမှုကို အဆုံးသတ်ပြီး ပြန်လာလေ့ရှိပါတယ်။ ဘာသာတရားအလွန်ကိုင်းရှိုင်းခဲ့တဲ့
ပညာရှင်ကြီးပါ။

အသက် ၁၆ နှစ်အရွယ်မှာ ဆေးပညာ ကို စနစ်တကျစတင်သင်ယူခဲ့ပါတယ်။ ဆေးပညာဆိုင်ရာ သီအရီတွေ
သာမက၊သူ့ရဲ့အားကြိုးမာန်တက် မဆုတ်မနစ်ကြိုးစားမှုရဲ့ ရလဒ်အဖြစ် ဆေးပညာဆိုင်ရာ ကုထုံးအသစ်တွေကို
လည်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာ အလွန်ကျွမ်းကျင်တဲ့သမားတော် အဖြစ်ကို
ရရှိခဲ့ပြီး သူ့ရဲ့ဆေးပညာအရှိန်အဝါကြောင့် စတင်နာမည်ကျော်ကြားလာခဲ့ပါတယ်။ သူဟာ လူနာအတော်
များများကို ဆေးကုသခ လုံးဝ မယူဘဲ ပျောက်ကင်းအောင်ကုသပေးခဲ့ပါတယ်။

ခေတ်သစ်ဆေးပညာ၏ဖခင် တစ်ဦး အနေနဲ့ ဥရောပ က သူ့ကို ယနေ့တိုင်အမှတ်ရဆဲပါ။ သူ့ရဲ့
အထင်ရှားဆုံးကျမ်းကြီးတွေက ဒဿနိကဗေဒနဲ့ဆေးပညာရပ်ကို ပိုင်နိုင်စွာလွှမ်းခြုံထားပြီး အကြောင်း
အရာ မြောက်မြားစွာပါတဲ့"ကိသာဗုရှ်ရှိဖွာ" ခေါ် ကုထုံးကျမ်း၊ "အလ်ကာနူန်ဖွိသ်သွိဗ်" ခေါ် ဆေးပညာဆိုင်ရာ
ကျမ်းစု တို့ပါဘဲ။ အဲဒီ "ဆေးပညာဆိုင်ရာကျမ်းစု" ဟာ ကမ္ဘာ့ဆေးပညာသမိုင်းမှာ အကျော်ကြားဆုံး
သောကျမ်းတွေထဲက ကျမ်းတစ်ဆူပါ။ အလယ်ခေတ် ဥရောပတက္ကသိုလ်အချို့မှာC.E ၁၆၅၀ အထိ
ပြဌာန်းစာအုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။

ပညာရှင်ကြီးဟာ ဒဿနိက ဗေဒနဲ့ဆေးပညာကျမ်းများအပြင် ရူပဗေဒ၊ ဓာတုဗေဒ၊ စိတ်ပညာ၊ ဘူမိဗေဒ၊
နက္ခတ္တဗေဒ၊ ယုတ္ထိဗေဒ အပါအဝင် ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ဋီကာ အချို့ကိုလည်းပြုစုခဲ့ပါတယ်။
ဒါတင်မကသေးပါ။ အင်ဂျင်နီယာပညာရပ်နဲ့သက်ဆိုင်တဲ့ စက်မှုဆိုင်ရာ ကိရိယာတွေနဲ့ပတ်သတ်ပြီးလည်း
ရေးသားအလင်းပြခဲ့တာတွေရှိပါတယ်။ ကဗျာအတော်များများလည်း ဖွဲ့ဆိုခဲ့သူပါ။ ပါရှန်းကဗျာဆရာကြီး
ဆိုတဲ့ ဝိသေသ အောက်မှာလည်း သူဟာ ထွန်းတောက်ခဲ့သူပါ။ အီရာန် နိုင်ငံရဲ့အမျိုးသားသူရဲကောင်းအဖြစ်
ယနေ့တိုင် သူ့ကိုအမှတ်ရစဲပါ။ သူ့ရဲ့ပုံတူ ပန်းချီတွေ၊ ရုပ်တုတွေဟာ အီရာန်နိုင်ငံတစ်လွှားအနှံ့ပါဘဲ။
လကမ္ဘာပေါ်ရှိတွင်းကြီးတစ်တွင်း (crater) ကို သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ "အာဗာစဲနာ ခရတာ"လို့
အမည်ပေးထားပါတယ်။ အီရာန်နိုင်ငံ ဟမဒါန်မြို့ရှိ "ဗူအလီစီနာတက္ကသိုလ်"၊ တာဂျစ်စတန်နိုင်ငံရဲ့ မြို့တော်
ဒုရှန်ဘာ က "အိဗ်နိစီနာ တာဂျစ်နိုင်ငံ ဆေးပညာတက္ကသိုလ်"၊ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ "အိဗ်နိစီနာကျောင်း"၊ အာဖဂနစ္စတန် ဘလ်ခ် ခရိုင်ရှိ "အိဗ်နိစီနာဘလ်ခ်ဆေးပညာကျောင်း" ၊ ဖိလစ်ပင်းနိုင်ငံမရဝီမြို့ရှိ "အိဗ်နိစီနာကျောင်း" တို့ဟာသူ့အမည်ကို ဂုဏ်ပြု အစွဲပြု အမည်ပေးထားတဲ့ တက္ကသိုလ်၊ကျောင်းတွေပါ။ ပညာရှင်ကြီးရဲ့ မွေးဖွားရာအရပ် "ဘုခါရာ" ကို အုပ်စိုးခဲ့တဲ့ ဆိုဗီယက်ယူနီယံ က ၁၀၀၀ခုနှစ်မြောက် အာဗာစဲနာ မွေးနေ့ကို ၁၉၈၀ ခုနှစ်မှာကျင်းပခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပါရတ်စ် (ပဲရစ်) ယူနီဗာစိတီ ရဲ့ အာဗာစဲနာဆေးပညာမဟာဌာနခန်းမဆောင် မှာ လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပညာရှင်ကြီးရဲ့ပုံတူ ပန်းချီကား ချိတ်ဆွဲထားပါသေးတယ်။

ပညာရှင်ကြီးဟာ C.E ၁၀၃၇ ခုနှစ်၊ ပါရှားပြည် (ယခုအီရန်နိုင်ငံ) ဟမဒါန်မြို့မှာ အလ္လာဟ့်အမိန့်ခံယူတော်မူ
ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်ပါ။ ယာ......အလ္လာဟ်အရှင်မြတ် ဒီပညာရှင်ကြီး (ရဟ်မသုလ္လာဟ်
အလိုင်ဟ်)ကို ဂျန္နဟ်သုလ်ဖိရ်ဒေါစ်မှာအလွန်မြင့်မားတဲ့ အဆင့်အတန်းပေးသနားတော်မူပါ။ အာမီးန်................။

စွယ်စုံပညာရှင်ကြီးတွေရဲ့ ဘဝနဲ့ပညာ အကြောင်းကို သူတို့ရဲ့ ခြေဖဝါးမှာ အမှတ်တမဲ့ကပ်တဲ့ မြေမှုန့်တစ်မှုန့်
လောက်တောင် အရေးမပါလှတဲ့ကျွန်တော့်လို လူမျိုးက အပြည့်အဝ ချီးမွမ်း ရေးသားတင်ဆက်နိုင်ဖို့ဆိုတာ
လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ သို့အတွက်ကြောင့် ဒီလောက်ဘဲ ရေးသားပြီး ဒီပညာရှင်ကြီးနဲ့ မိတ်ဆက်ပေးခြင်းကို
ရပ်နားလိုက်ပါ့မယ်။ စာရှု အသိယူသူ တွေအနေနဲ့ ဒီပညာရှင်ကြီး တွေရဲ့ အကြောင်းကို ကိုယ်တိုင်ကိုယ်ကျ
လေ့လာကြပြီး မိမိ ရရှိသမျှ အသိတွေကို ကျွန်တော်အပါအဝင်အများအကျိုးအတွက်ဝေမျှကြပါလို့ အနူးအညွတ်
တောင်းဆိုပါတယ်။

လေးစားပါတယ်ဗျာ
The Sage

တရားလမ်းမှန် ဦးဆောင်ညွှန်ပြသည့်ကျမ်းတော်

ယခုတစ်ခါ "တရားလမ်းမှန် ဦးဆောင်ညွှန်ပြသည့်ကျမ်းတော်" ဟူသော ခေါင်းစဉ်ငယ်ကို ရေးသားတင်ပြ မည်ဖြစ်ပါသည်။

ကမ္ဘာ့သမိုင်းတစ်လျှောက်လုံး ပတ်သက်ဆက်နွယ် ရေးသားခြင်းအခံရဆုံးသောကျမ်းဂန် ကို ပြပါဟုတစ်စုံတစ်ယောက်က မေးမြန်းလာအံ့။ ကျမ်းတော်မြတ်ကုရ်အာန်သာလျှင်ဖြစ်ပေသည်ဟု ဖြေကြားရမည်ဖြစ်ပါသည်။ "အုလူမုလ်ကုရ်အာန်" ဟုခေါ်ဆိုသော ကျမ်းတော်မြတ်ဆိုင်ရာ ပညာရပ် အားလုံးတို့ပေါ်ထွက်လာခြင်းကပင်လျှင်အထက်ပါအဖြေအတွက် လုံလောက်သောသက်သေပင်။ ၁၄ခုသော ရာစုနှစ်ပေါင်းကျော်ကျော် မှစ၍ ယနေ့တိုင်သန်းပေါင်းများစွာသောလူသားတို့၏ ဘဝ တည်ဆောက်မှုများကို ဦးဆောင်လမ်းညွှန်ထိန်းကျောင်းပဲ့ပြင်ပေးခဲ့သော အဆုံးမရှိသည့်အဆုံးအမ ပင်ဖြစ်သည်။

ကျမ်းတော်မြတ်တွင် သိပ္ပံ၊ သမိုင်း၊ ဥပဒေ၊ ယဉ်ကျေးမှုများ၊ စီးပွါးရေး၊ ကျင့်ဝတ် များ စသည် စသည်တို့နှင့် သက်ဆိုင်သော လမ်းညွှန်မှုအဆုံးအမများပါရှိသော်လည်းအထက်ပါမည်သည့် တစ်ခုကိုမှ သီးသန့်အထူးပြု တစ်လမ်းသွားထားသောလမ်းညွန်ကျမ်းမဟုတ်ကြောင်းအလွန်ထင်ရှားလှပေသည်။ လောကီအကျိုးစီးပွါး သက်သက်ကိုသာညွှန်ပြသော လမ်းညွှန်ကျမ်းအလျှင်းမဟုတ်၊ ဘက်ပေါင်းစုံလောကီအကျိုးစီးပွါးကို
ရယူလောကကိုအလှဆင်ပြီးတမလွန်အကျိုးစီးပွါးအတွက်အရင်းအနှီးပြုသောနည်းစနစ်ကို လမ်းညွှန်သည့် ကျမ်းဖြစ်ပေသည်။ စကြဝဠှာခပ်သိမ်း၊ လောကခပ်သိမ်း၌ ဤကျမ်းတော်လာ ညဏ်စဉ်အဖွင့်သော့ချက်များကို လိုက်မှီသည့်ကျမ်းဟူသည် လုံးဝမရှိပေ။သို့ဖြစ်ပေရာကျမ်းတော်မြတ်သည် အခြားလမ်းညွှန်ကျမ်းများကဲ့သို့ လမ်းညွှန်ကျမ်းတစ်ကျမ်း မဟုတ်ဘဲ တရားလမ်းမှန်ကို ညွှန်ပြသော တစ်ဆူတည်းသောကျမ်းသာလျှင်
ဖြစ်ပေသည်။ မုစ်လင်မ်များက ဤသို့ယုံကြည်ကြပေသည်။
ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်၏ "စကားတော်" များကို ပကတိအတိုင်းမှတ်တမ်းတင်ထားသော၊ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က ယနေ့တိုင်မက၊ကိယာမဟ်နေ့အထိ ထိန်းသိမ်းစောင့်ရှောက်ထားသော ကျမ်းတော်မြတ်ဖြစ်သည်ဟုလည်း မုစ်လင်မ်များကယုံကြည်ကြလေသည်။ သို့သော် အထောက်အထားမဲ့
အရမ်းကာရောယုံကြည်ကြသည်တော့မဟုတ်။ သက်သေအထောက်အထားခိုင်လုံစွာဖြင့်ယုံကြည်ကြခြင်းသာ ဖြစ်ပေသည်။ ယင်းသက်သေအထောက်အထားများအနက် ယနေ့တိုင် ယခုပင် ပြဆိုနိုင်သော သက်သေအထောက်အထားသည်ကား ကျမ်းတော်မြတ် ကိုယ်တိုင်ပင်ဖြစ်ပေသည်။ အဘယ်ကြောင့် ဤသို့ဆိုရသနည်း? ဆိုသော်၊ ယင်းကျမ်းတော်၌ပင်လျှင် အလ္လာအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်းစောင့်ရှောက်မည်ဟူသော ကတိတော် ပါရှိသောကြောင့်ပင်။ ကျမ်းတော်မြတ်ကုရ်အာန် ၁၅း၉ တွင်"အင်န်နာနဟ်နု နဇ္ဇလ်နဇ် ဇိက်ရ ဝအင်န်နာလဟူ လဟာဖွိဇူးန်" (ဧကန်စင်စစ်ငါအရှင်မြတ်သည်
ပင်လျှင် (ဤ) ဆုံးမဩဝါဒ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ်လည်းဖြစ်တော်မူပေသတည်း။) နှစ်ပေါင်း၁၄၀၀ ကျော်တစ်လျှောက်အမျိုးမျိုးသော ထိုးနှက်ချက်များရှိခဲ့သည့်၊ ရှိနေလင့်ကစားဤကမ္ဘာလောကသို့စတင်ကျရောက်ခဲ့သည့်အချိန်မှ ယနေ့တိုင် မူမယွင်း၊ မူကွဲမရှိ ခြင်းသည်ကပင် ကောင်းကင်ကျအစစ်အမှန် ဖြစ်မှု ကို ထောက်ခံသော သက်သေခံချက်တစ်ချက် မဟုတ်လော။ ကိုယ်တော်မြတ် မုဟမ္မဒ်ရရှိခဲ့သော အကြီးကျယ်ဆုံးသော တန်ခိုးပြာဋိဟာပင်ဖြစ်သည်မဟုတ်လော။ အစ္စလာမ်သာသနာကို ခေတ်တိုင်းခေတ်တိုင်း၌ ထောက်ခံနေသော
အသက်အတိုင်းအတာမရှိသည့် "အမြဲရှင်သန်နေသောသက်သေ" သာလျှင်ဖြစ်ပေသည်။

ဆက်ပါဦးမည်.............။

လေးစားပါတယ်ဗျာ
The Sage

Saturday, July 11, 2009

"အလ်ကုရ်အာန်" ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

၂။ အချို့ဘာသာဗေဒပညာရှင် များက "ကုရ်အာန်" ဟူသော ဝေါဟာရ သည်"စုစည်းရန်" ဟုအဓိပ္ပါယ် ရသော "ကုရ်အ"ဟူသောဝေါဟာရမှဆင်းသက်သော နာမ်ကိုအထူးပြုသောပုဒ်ဖြစ်သည် ဟုယူဆကြသည်။ အရဗ်လူမျိုးများကလည်း"ကရသုလ်မာအ ဖွိလ်ဟောသွ်" ကျွန်တော်သည် ရေကိုဇလားထဲတွင် စုစည်း(ဖြည့်)
ပြီးပြီ။" ဤကဲ့သို့ပြောဆိုလေ့ရှိသည်။ အလ္လာဟ် ၏ "စကားတော်" ကျမ်းတော်မြတ်ကုရ်အာန်သည်လည်း အာယဟ်တော်များ၊ စူရဟ်တော်များကို စုစည်းထားခြင်းသာ ဖြစ်သည်။ ဤသည်ကိုအထောက်အထားပြု၍ "ကုရ်အာန်" သည် "ကုရ်အ" ဟူသောပုဒ်မှ ဆင်းသက်သည်ဟု ယူဆကြပေသည်။

၃။ ပညာရှင်ကြီး အလ်အရှရီအပါအဝင် ပညာရှင်အချို့က ဝေါဟာရ "ကုရ်အာန်" သည်"ဆက်နွယ်သည်"၊ "ဆက်စပ်သည်" ဟု အဓိပ္ပါယ်ရသည့် "ကရန" ဟူသောကြိယာပုဒ် မှ ဆင်းသက်လာသည်ဟုယူဆကြသည်။ အာရဗီစကားဖြင့် တစ်ခုနှင့် တစ်ခုဆက်စပ်သည်ကို "ကရန်သုရှ်ရှိုင်ယ်အ ဘိရှ်ရှိုင်ယ်အ" ဟု ပြောဆိုသည်။ ကျမ်းတော်မြတ်၏ အာယဟ်တော်များနှင့် စူရဟ်တော်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ် ထားခြင်းဖြစ်သည်။ ဤသည့် အတွက်ကြောင့် မြတ်တမန်တော်ထံ ပို့ချခဲ့သည့် ကျမ်း၏ နာမတော်တစ်ခုသည် "ကုရ်အာန်" ဖြစ်သည်ဟု ယူဆကြပါသည်။

၎။ ပညာရှင်ကြီးအလ်ဖရ်ရာ ကမူ ဝေါဟာရ "ကုရ်အာန်" သည် တူညီသည့်အရာများ ဟုအဓိပ္ပါယ်ရသည့် "ကရာအင်န်" ဟူသောပုဒ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းတော်မြတ်၏ အာယဟ်တော်များကလည်း တစ်ခုနှင့်တစ်ခု ဆင်ဆင်တူသယောင် ဖြစ်သည်ဟုယူဆကြသည်။

၅။ ပညာရှင်ကြီး အရှ်ရှာဖွီ ၏အဆိုအရ "အလ်ကုရ်အာန်" ဟူသော ဝေါဟာရသည် အလ္လာဟ်အရှင်မြတ်
အထံတော်မှ မြတ်တမန်တော်ထံသို့ ပို့ချတော်မူခဲ့သော ကျမ်းဂန် ၏ နာမတော် သက်သက်သာလျှင်
ဖြစ်သည်။ အထက်ပါအဆိုများတွင်ဖော်ပြထားသကဲ့သို့ မည်သည့် ပုဒ်များမှဆင်းသက်သည်မဟုတ်။
ရှေးကျမ်းမူရင်းများ သောဝ်ရားသ် နှင့် အင်န်ဂျီင်လ် တို့၏အမည်များကဲ့သို့ပင်ဖြစ်သည် ဟု လေ့လာ
မှတ်သားဖူးပါသည်။

အထက်ပါအဆို၊အယူအဆ တို့အနက်၊ နံပါတ် (၁) နှင့် (၂) တို့မှာ ပိုမိုလက်ခံနိုင်ဖွယ်ရာရှိသည်။ အရေးကြီးသော သိရှိမှတ်သားထားရန်အချက်တစ်ချက်မှာ ကျမ်းတော်မြတ်တွင် အကြိမ် (၇၀) လာရှိသော "ကုရ်အာန်" ဟူသော ဝေါဟာရ နာမတော်သည် ကျမ်းတော်မြတ်တစ်ခုလုံးကို ရည်ညွန်းသည်သာမက၊ စူရဟ်တစ်ပုဒ်ခြင်း၊ အာယဟ်တော် တစ်အာယဟ် ချင်းကိုလည်း ရည်ညွှန်းခေါ်ဝေါ်ကြောင်းပင်ဖြစ်သည်။

ကျမ်းတော်မြတ် ၏ အခြားနာမတော်များ

ဤခေါင်းစဉ်ငယ်တွင် ကျမ်းတော်မြတ်၏အခြားနာမတော်များအနက်မှ အချို့ကို ရေးသားတင်ပြသွားမည် ဖြစ်ပါသည်။

"အလ်ကုရ်အာန်"သည် အလ္လာဟ်အရှင်မြတ် အထံတော်မှ မြတ်တမန်တော်ထံသို့ ပို့ချတော်မူခဲ့သော ကျမ်းတော်မြတ်၏ တစ်ခုတည်းသောနာမတော်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က ကျမ်းတော်မြတ်ကို ကျမ်းတော်မြတ်တွင်ပင်အခြားနာမတော်များဖြင့်လည်း ညွှန်းဆိုထားပေသည်။

ကျမ်းတော်မြတ်ကုရ်အာန် ၂း၂ တွင် "ဇာလိကလ်ကိသားဘု လာရိုင်ယ်ဘဖွီးဟိ" (ယင်းကျမ်းမြတ်နှင့်
စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ဖွယ်ရာအကြောင်းအလျှင်းမရှိပြီ။) ဟုမိန့်တော်မူထားခြင်းကို
အကြောင်းပြု၍ ကျမ်းတော်မြတ်သည် "အလ်ကိသားဗ်" ဟုလည်း အမည်ရကြောင်းလေ့လာသိရှိရပါသည်။

ကျမ်းတော်မြတ်ကုရ်အာန် ၁၅း၉ တွင် "အင်န်နာနဟ်နု နဇ္ဇလ်နဇ် ဇိက်ရ" (ဧကန်စင်စစ်ငါအရှင်မြတ်
သည်ပင်လျှင် (ဤ) ဆုံးမဩဝါဒ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ကို ချပေးသနားတော်မူခ
ဲ့လေသည်။) ဤသို့အားဖြင့် ကျမ်းတော်မြတ် ၏ အခြားနာမတော်တစ်ခုမှာ "အဇ်ဇိက်ရ်" ဖြစ်ကြောင်း
အထောက်အထားရလေသည်။ ၎င်းပြင် ကျမ်းတော်မြတ်ကုရ်အာန် ၂၅း၁ တွင် "သဘာရကလ်လဇီ
နဇ္ဇလလ် ဖုရ်ကာနအလာအဘ်ဒိဟီ" အမှားအမှန်ဝေဖန်ပိုင်းခြားပေးအပ်သော (ကျမ်းဂန် ကုရ်အာန်)
ကို မိမိကျွန်အပေါ်ဝယ် ချပေးသနားတော်မူ ခဲ့သောအရှင်မြတ်သည် ကောင်းချီးမင်္ဂလာ အပေါင်းနှင့်
ပြည့်စုံတော်မူပါပေသည်။

အထက်ပါအာယဟ်တော်အားဖြင့် ကျမ်းတော်မြတ်သည် "အလ်ဖုရ်ကာန်" (အမှားအမှန်ဝေဖန်ပိုင်းခြား
အပ်သော ကျမ်းဂန်) ဟုလည်း နာမတော်ရကြောင်းသိရှိရပေသည်။ နောက်တစ်မျိုးသော နာမတော်သည်
ကား "သန်ဇီလ်" ဖြစ်ပေသည်။ ကျမ်းတော်မြတ်လာ အထောက်အထားကိုတင်ပြရသော် ကျမ်းတော်မြတ်
ကုရ်အာန် ၂၆း၁၉၂ တွင် "ဝအင်န်နဟူ လသန်ဇီးလု ရဗ္ဖိလ်အားလမီးန်" (၎င်းပြင်မလွဲဧကန် ဤ (ကုရ်အာန်
ကျမ်းတော်မြတ်) သည် စကြဝဠှာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသည့် အရှင်ချပေးတော်မူသော
(ကျမ်းဂန်) ပင်ဖြစ်ချေသည်။)

ဤတွင် "အလ်ကုရ်အာန်" ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်" ခေါင်းစဉ်ငယ် နှင့် "ကျမ်းတော်မြတ် ၏ အခြားနာမတော်များ"ခေါင်းစဉ်ငယ် ကို အလ္လာဟ်အရှင်မြတ်အလိုတော်ဖြင့် ရေးသားပြီးဆုံးပြီဖြစ်ပါသည်။

Friday, July 10, 2009

အစ္စလာမ်သာသနာတော်နှင့် မုတ်ဆိတ်ထားခြင်း

အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ်လာဟိ ဝဗရကဟ်
မုစ်လင်မ် ဆိုက်ရီဒါများ အကျိုးရှိစေဖို့ အစ္စလာမ်သာသနာ ကပြဌာန်းထားတဲ့ "မုတ်ဆိတ်ထားရခြင်း"
ဆိုတဲ့ မုစ်လင်မ် တို့ရဲ့သာသနာ့အထိမ်းအမှတ်၊ သာသနာ့သင်္ကေတ၊ သာသနာ့လက္ခဏာ ကို ကုရ်အာန်၊ ဟဒီးစ်၊ ဖွေကာ၊ အိဂ်ျမာ၊ ကိယားစ် အထောက်အထားတွေနဲ့ အခန်းဆက်ရေးသား တင်ပြသွားပါ့မယ်။ သာသနာ့စိတ်ဓာတ် တစ်ကယ်ရှိကြတဲ့ မုစ်လင်မ် များ သာသနာ့ အသိတရားတိုးပွါးပြီး သာသနာ့ကျင့်စဉ်
တွေ ကိုအားတက်သရော ကျေကျေနပ်နပ်ကြီးကျင့်သုံးဆောက်တည်နိုင်တဲ့ ဘဝပိုင်ရှင်တွေဖြစ်ကြပါစေလို့ ကြီးကျယ်မြင့်မြတ်တော် မူလှသော အလ္လာဟ်အရှင်မြတ်ထံတော်ပါးကျိုးနွံစွာဆုမွန်တောင်း၍ စကြဝဠှာခပ်
သိမ်း အတွက် ကရုဏာတော်တစ်ရပ် အဖြစ်စေလွှတ်တော်မူခြင်းခံရသောကိုယ်တော် မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အားဆွလဝါးသ်စလားမ်ပို့သရင်း.........

ဦးစွာပထမ "မုတ်ဆိတ်" ဟူသော စကားရပ်၏ အဓိပ္ပါယ် ကို မြန်မာဘာသာစကား၊ အာရဗီဘာသာ စကားနှင့် အင်္ဂလိပ်ဘာသာစကား တို့တွင်မည်သို့ဖွင့်ဆိုထားသည်ကိုရှင်းလင်းပြပါမည်။"မုတ်ဆိတ်" ဟူသော စကားရပ် ၏အဓိပ္ပါယ်ကို ပညာရေးဝန်ကြီးဌာနမြန်မာစာအဖွဲ့ဦးစီးဌာနမှထုတ်ဝေသော မြန်မာအဘိဓာန်တွင် "မုတ်ဆိတ်-နာမ်၊ မေးဖျားတစ်ဝိုက်တွင်ပေါက်သောအမွေးအမှင်။" ဟုဖွင့်ဆိုထားပါသည်။

မုတ်ဆိတ်ကို အာရဗီဘာသာဖြင့် "လိဟ်ယာဟ်" ဟုခေါ်ပါသည်။ "လဟ်ရွန်" (မေးရိုး) ဟူသော ပုဒ် နှင့် "လဟ်ယာန်" (မေးရိုးနှစ်ခု) ဟူသောပုဒ်တို့မှ ဆင်းသက်လာသည်ဖြစ်၏။ "မုတ်ဆိတ်" (လိဟ်ယာဟ်)
ဟူသည် ပါးပြင်နှင့် မေးရိုးပေါ်တွင် ပေါက်သောအမွေးအမှင်တို့ကိုခေါ်သည်ဟု အိဗ်နိမန်ဇူးရ် ပြုစုသော လိစာနုလ်အရဗ် နှင့် အလ်ဖွေရိုးဇ်အာဘာဒီပြုစုသောအလ်ကာမူစုလ် မုဟစ် အာရဗီအဘိဓာန် ကျမ်းတို့
တွင် ဖော်ပြထားပါသည်။

မုတ်ဆိတ်ကိုအင်္ဂလိပ်ဘာသာဖြင့် "ဘိအဒ်" (Beard) ဟုခေါ်ပြီး၊ အော့ခ်စ်ဖိုဒ် အဘိဓာန် တွင် "hair that
grows on the chin and cheeks of a man’s face; similar hair that grows on some animals" လို့ဖွင့်ဆိုထားပါတယ်။ ဝက်ဘ်စတားစ် အဘိဓာန်ကတော့ "the hair that grows on a man's face
often excluding the mustache" လို့ဖွင့်ဆိုထားပါတယ်။
ခုလိုဘာသာစကားသုံးမျိုးက မုတ်ဆိတ် ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုပြီးပြီဆိုတော့ ရှေ့ဆက်ကြရအောင်။ဒီတော့ ကုရ်အာန် ကျမ်းတော်မြတ် က မုတ်ဆိတ်ထားခြင်း နဲ့ပတ်သတ်ပြီး ဘယ်လို မိန့်ဆိုထားလဲ ဆိုတာလေ့လာမယ်ဆိုရင်......... ကုရ်အာန် ကျမ်းတော်မြတ် မှာ မုတ်ဆိတ်နဲ့ပတ်သတ်ပြီး မိန့်ဆိုထားတဲ့ အာယဟ်တော် တစ်ခုဘဲရှိပါတယ်။ အဲဒီအာယဟ်တော်ကလည်း "မုတ်ဆိတ်ထားဖို့"၊ "မုတ်ဆိတ်မထားဖို့" ညွှန်ကြားတဲ့၊ အားပေးတဲ့ အာယဟ် မဟုတ်ပါဘူး။ စူရဟ် ၂၀၊ အာယဟ်တော် ၉၄ ပါ။ လေ့လာကြည့်ကြပါ။ ဒီတော့ ကုရ်အာန် ကျမ်းတော်မြတ် မှာ "မုတ်ဆိတ်ထားဖို့"၊ "မုတ်ဆိတ်မထားဖို့" တိုက်ရိုက်ညွှန်ကြားချက် မရှိပါဘူး။ဒါပေမယ့် ဒီအာယဟ် တော် အရသိရတာက တမန်တော်ဟာရူန် (အလိုင်ဟိစ္စလာမ်) မှာ မုတ်ဆိတ် ရှိတယ်၊ တမန်တော်ဟာရူန် (အလိုင်ဟိစ္စလာမ်)ဟာမုတ်ဆိတ်ထားသူတစ်ဦးဖြစ်တယ်ဆိုတာပါဘဲ။ ဆိုတော့ မေးချင်သူတွေဘက်က မေးစရာပေါ်လာနိုင်တယ်။ "
ဒါဆို ကုရ်အာန် ကျမ်းတော်မြတ်မှာ မုတ်ဆိတ်ထားဖို့ညွှန်ကြားချက်၊ အမိန့်တော်မပါဘူးပေါ့ ?"ဒီတော့ အဖြေက "ဟုတ်ပါတယ်၊ ကုရ်အာန် ကျမ်းတော်မြတ် မှာ "မုတ်ဆိတ်ထားဖို့"၊ "မုတ်ဆိတ်မထားဖို့" တိုက်ရိုက်ညွှန်ကြားချက် မရှိပါဘူး"။ ကုရ်အာန် ကျမ်းတော်မြတ် မှာ တိုက်ရိုက် ညွှန်ကြားချက် မပါပေမဲ့ အစ္စလာမ်သာသနာတော်မှာ မပြုမနေရ ဖွရဇ် အဖြစ်သတ်မှတ် ကျင့်သုံးရတာတွေ အများကြီးပါ။ ဥပမာ တွေတော့ မလိုအပ်ဘူး ထင်လို့မပေးတော့ပါဘူး။ ကုရ်အာန် ကျမ်းတော်မြတ် မှာတိုက်ရိုက် ညွှန်ကြားမှုမျိုး မရှိတဲ့ အခါ ကိုယ်တော်မြတ်ရဲ့ ညွှန်ကြားချက်တွေ ကို လိုက်နာဖို့တာဝန်ရှိပါသေးတယ်။ဘာလို့လဲဆိုတော့ ကိုယ်တော်မြတ်ရဲ့ ညွှန်ကြားချက်တွေ ကို လိုက်နာခြင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကိုလိုက်နာသလို ဖြစ်လို့ပါ။ ဒီ စကားရဲ့ သက်သေက..........ကုရ်အာန် ကျမ်းတော်မြတ် စူရဟ် ၄ အာယဟ်တော် ၈၀ မှာ အလ္လာဟ်အရှင်မြတ်က ခုလို အမိန့်ပေးတော်မူထားပါတယ်။မြန်မာဘာသာပြန်က -
"မည်သူမဆို ရစူလ်တမန်တော်၏ အမိန့်တော်များကို လိုက်နာပါလျှင်၊ ထိုသူသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ် ၏အမိန့်တော်များကို လိုက်နာသည်မည်၏။ သို့ရာတွင် မည်သူမဆို(အသင်၏အမိန့်များကို သွေဖည်၍) မျက်နှာလွဲဖယ်သွားပါမူ (အသင်၏တာဝန်မဟုတ်ချေ) ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့ အပေါ်၌ (တာဝန်ခံ) အုပ်ထိန်းသူ အဖြစ် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။”
ဘာသာပြန်ဆိုသူ- မုဖတ်စိရုလ်ကုရ်အာန် အလ္လာမဟ် သီရိပျံချီ ဃာဇီမုဟမ္မဒ် ဟာရှင်မ် (တာဝန်ခံဘာသာပြန်မှူး) (ရဟ်မသုလ်လာအလိုင်ဟိ)
ဒီအာယဟ်တော်အရ သိရတာက ကိုယ်တော်မြတ်ရဲ့ အမိန့်တော်တွေကို လိုက်နာခြင်းဟာလည်းဘဲ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကိုလိုက်နာသလိုဘဲ ဆိုတာကိုပါ။ တစ်ခါ စူရဟ် ၃၃ အာယဟ်တော်
၂၁ မှာ ဘယ်လို မိန့်တော်မူထားသလဲဆိုတော့..........မြန်မာဘာသာပြန် -
"ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ နောက်ဆုံးနေ့ကို လည်းကောင်း၊ ကြောက်ရွံ့သည့် ပြင် အလ္လာဟ်အရှင်မြတ် အားများစွာ အောက်မေ့တသ သတိရလျက် ရှိသူ၏ အဖို့အလ္လာဟ်အရှင်မြတ် ၏ ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော စံနမူနာ သည်ရှိပေသည်။"
ဘာသာပြန်ဆိုသူ- မုဖတ်စိရုလ်ကုရ်အာန် အလ္လာမဟ် သီရိပျံချီ ဃာဇီမုဟမ္မဒ် ဟာရှင်မ် (တာဝန်ခံဘာသာပြန်မှူး) (ရဟ်မသုလ်လာအလိုင်ဟိ)
ဒီတော့ ကိုယ်တော်မြတ်ထံတော်မှာ အကောင်းဆုံးသော စံနမူ နာ ရှိတယ်ဆိုတာကိုလဲ အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်ကသက်သေထွက်ဆိုသလို အမိန့်လည်းပေးထားပါတယ်။

ဒီတော့ တင်းပြည့်ကျပ်ပြည့်တဲ့ မုစ်လင်မ် တစ်ယောက်ဖြစ်ချင်ရင် အလ္လာဟ့်ရဲ့အမိန့်တော်အရကိုယ်တော်မြတ် ရဲ့အမိန့်တော်တွေကိုလိုက်နာရပါမယ်၊ ကိုယ်တော်မြတ် ကို စံနမူနာထားရပါမယ်။ဒါဟာ မပြုမနေ ရတာဝန်ပါ။ အလ္လာ့ဟ် အမိန့်ကို ဆန့်ကျင်ရင် ၊ လက်မခံရင် အဲဒီလူ ဟာ မုစ်လင်မ် မဟုတ်တော့ပါဘူး။အလ္လာ့ဟ် အမိန့် ကို မဆန့်ကျင် ဘဲ ယုံကြည်လက်ခံသော်လည်း အမိန့်ကိုလိုက်နာသမှုမပြုနိုင်ရင် တော့ မုစ်လင်မ် အဖြစ်ကနေ ကျဆင်းမသွားပါဘူး။ သို့သော် အမိန့်တော်မလိုက်နာတဲ့အတွက် အပြစ် ဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် ရဲ့အာယဟ်တော်နောက်တစ်ခုကိုလည်း တင်ပြပါဦးမယ်။ ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် ၄၊ အာယဟ်တော် ၁၁၅ မှာ အလ္လာဟ်အရှင်မြတ်က...........မြန်မာဘာသာပြန် -
သို့ရာတွင် မည်သူမဆို မိမိအဘို့ တရားဓမ္မလမ်းစဉ်သည်ထင်ရှားခဲ့ပြီး နောက် ရစူလ်တမန်တော်ကို ဆန့်ကျင်အံ့၊ ၎င်းပြင် ထိုသူသည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့၏ လမ်းစဉ်မှအပ အခြား လမ်းစဉ်ကို လိုက်နာအံ့၊ သို့ဖြစ်လျှင်ငါအရှင်မြတ်သည် ထိုသူအား ၎င်းကိုယ်တိုင် လှည့်ရာဘက်သို့ လှည့်ပေးတော်မူအံ့။ ထို့နောက်တဖန် ငါအရှင်မြတ် သည်ထိုသူအား ဂျဟန္နမ်ငရဲဘုံသို့ ထည့်သွင်းတော်မူအံ့။ စင်စစ် ထို ဂျဟန္နမ် ငရဲဘုံသည် အလွန်ယုတ်ညံ့လှသောပြန်လည်ရာဌာန ပင်ဖြစ်ပေသည်။
ဘာသာပြန်ဆိုသူ- မုဖတ်စိရုလ်ကုရ်အာန် အလ္လာမဟ် သီရိပျံချီ ဃာဇီမုဟမ္မဒ် ဟာရှင်မ် (တာဝန်ခံဘာသာပြန်မှူး) (ရဟ်မသုလ်လာအလိုင်ဟိ)
အထက်ပါ အာယဟ်တော်မှာ မိန့်ဆိုထားတဲ့ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ လမ်းစဉ် ဆိုတာက ကိုယ်တော်မြတ် ကိုယ်တော်တိုင် လျှောက်လှမ်းပြသခဲ့ပြီး အဆ်ွဟာဗ် တော်တွေ ကဖဝါးခြေထပ်နင်း လျှောက်ခဲ့ကြတဲ့ လမ်းပါ။ တစ်နည်းအားဖြင့် ပြောရရင် စုန္နသုန္နဗီ ပါ ၊ သွရီကသုလ်ရစူလ်ပါ။။ ကဲ ဒီတော့ နဗီရဲ့စုန္နဟ် ဟာ မုစ်လင်မ်တွေအပေါ်မှာ ဘယ်လို တာဝန်ရှိ နေလဲဆိုတာ သိသွားကြပါပြီ။ ဒီတော့ စုန္နဟ် တော်တွေဟာ ဘယ်မှာရှိလဲ? ဘယ်ကရမလဲ? ရှိပါတယ်။ဟဒီးစ်တော်တွေပါ။ ဟဒီးစ်တော်တွေ မှာ ကိုယ်တော်မြတ်ကြီးရဲ့ စုန္နဟ်တော်တွေကို မှတ်တမ်းတင်ထားတာတွေအများကြီးရှိပါတယ်။ (စစ်မှန်တဲ့ (ဆွဟီးဟ်) ဟဒီးစ် တော်တွေကို လုံးဝ လက်မခံဘူးဆိုသော မုစ်လင်မ် များနှင့် ဟဒီးစ် တော်တွေကို စော
ဒက တက်ပြီး ရွေးချယ်လက်ခံ တတ်တဲ့ မုစ်လင်မ် တွေ လာရောက်ဆွေးနွေးချင်ရင် ကြိုဆိုပါတယ်။ အဲဒီအခါကျမှ ဟဒီးစ် အကြောင်းအသေးစိတ်ရေးပါ့မယ်။) ဆိုတော့ ဟဒီးစ် တော်တွေကတစ်ဆင့်"မုတ်ဆိတ်ထားခြင်း" ဆိုတဲ့ သာသနာ့ အထိမ်းအမှတ် ကိုညွန်ကြားတဲ့ စုန္နဟ်တော်တွေကို လေ့လာကြပါစို့လား။
စုန်နသ်တော်တွေကို တန်ဖိုးထားကျင့်သုံးတဲ့ မုစ်လင်မ် ပညာရှင် တွေရဲ့ အကြား အလွန်ကျော်ကြားတာက အီမာမ်မုဟမ္မဒ် ဘင်န် အိစ်မာအီးလ် ဘင်န် အလ်မုဂီရဟ် အလ်ဗုခါရီ (ရဟ်မသုလ်လာအလိုင်ဟိ)
(၁၉၄ A.H-၂၅၆ A.H)ပြုစုခဲ့တဲ့ ဆွဟီးဟ်ဗုခါရီဟဒီးစ်ကျမ်းဟာ ဟဒီးစ်မှတ်တမ်းကျမ်းတွေထဲမှာ အခိုင်လုံ
ဆုံး ဆိုတာပါ။ အဲဒီဟဒီးစ်ကျမ်းကြီးမှာမုတ်ဆိတ်ထားခြင်း ဆိုတဲ့ စုန္နဟ် ကိုလေ့လာရှာဖွေ ကြည့်လိုက်တော့ ........ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်တော်မူခဲ့သည်ဟု အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလအန်ဟုမာ)သခင်က ပြောပြခဲ့သည်မှာ-
"မုရှ်ရစ်က်များ၏လုပ်ရပ်များနှင့် မတူညီကွဲပြားအောင်လုပ်ကြလော့၊ မုတ်ဆိတ်ထားကြပြီး နှုတ်ခမ်းမွေးကို
တိုတို ညှပ်ကြ"၊ (ဆင့်ပြန်သူရာဝီကဆက်လက်ပြောပြသည်) အိဗ်နိအုမရ် (ရသွီ) သည်ဟဂ်ျ (သို့) အုမ်ရဟ် ပြုတိုင်း သူ၏မုတ်ဆိတ်ကိုလက်နှင့်ဆုပ်ကိုင်၍ သူ့လက်ဆုပ်ထဲမှ ကျော်လွန်နေသော မုတ်ဆိတ်တို့ကို ဖြတ်
/ ညှပ်ပစ်လေ့ရှိသည်။ အိဗ်နိအုမရ် (ရသွီ) သည်သူ၏နှုတ်ခမ်းမွေးတို့ကို မည်မျှတိုအောင်ညှပ်သနည်းဆိုမူ
သူ့ အရေပြား အဖြူရောင်ပေါ်လာသည် အပေါ်နှုတ်ခမ်းအထက်အသား၏ အရောင်ပေါ်လာသည်
ကိုဆိုလိုသည်) အထိပင်။ ၎င်းပြင်သူသည်နှုတ်ခမ်းမွေးနှင့်မုတ်ဆိတ် အကြားရှိ အမွေးအမှင်တို့
အားလည်းပယ်လေ့ရှိပါသည်။
ဆင့်ပြန်သူ-နာဖိအ်သခင် (ရသွီယလ်လာဟုသအာလအန်ဟု)။ကျမ်း-ဆွဟီးဟ်အလ်ဗုခါရီ၊ အတွဲ (၇)၊ ကျမ်းငယ်အမှတ် (၇၂) ဝတ်စားဆင်ယင်မှုဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် (၇၈၀)။

အထက်ပါ ဟဒီးစ် တော်မှာပါဝင် တဲ့ အိဗ်နိအုမရ် ဆိုတာ အစ္စလာမ့် ဒုတိယခလီဖွာ သမ္မတကြီး အုမရ်
အိဗ်နိ အလ်ခသ်သွားဗ်(ရသွီယလ်လာဟုသအာလအန်ဟုမာ) ရဲ့ သားပါ။ အစ္စလာမ့်ရေးရာတွေ အလွန်ကျွမ်းကျင်တဲ့ ဆွဟာဗဟ်ကြီးတစ်ပါးပါ။ သူကိုယ်တိုင် သက်သေထွက်ဆိုထားတာက ကာဖိရ်
မုရှ်ရိက် တွေနဲ့ မုစ်လင်မ်တွေ ကွဲပြားခြားနား အောင် မုတ်ဆိတ်ထားကြ ပြီး နှုတ်ခမ်းမွေးကို တိုတို
ညှပ်ကြတဲ့။ နဗီရဲ့ "ကောလ်" ပါ။ နဗီရဲ့ နှုတ်ထွက်အမိန့်တော်ပါ။ အထက်မှာ တင်ပြခဲ့တဲ့စူရဟ် ၄ အာယဟ်တော် ၈၀ နဲ့ စူရဟ် ၃၃ အာယဟ်တော် ၂၁ ကို ပြန်လည်သတိရကြပါ။ အိဗ်နိအုမရ်သခင်ကိုယ်တိုင်ကကိုယ်တော်မြတ်ရဲ့ အဲဒီ အမိန့်ကို ပြုကျင့် ခဲ့ပါတယ်။ အိဗ်နိအုမရ်သခင်တင် မဟုတ်ပါဘူး။ ရှိရှိသမျှသော အဆ်ွဟာဗ်တော်တွေ အားလုံးဟာ အဲဒီ အမိန့် ကို လိုက်နာခဲ့ကြပါတယ်။ တစ်ဦးတစ်ယောက်မှစောဒကတက် ငြင်းဆန်ခဲ့တာမျိုး မရှိပါဘူး။

ခဏ နားပါဦးမယ်ခင်ဗျား။

Thursday, July 9, 2009

ကုရ်အာန်

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသော
အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။

ကျမ်းတော်မြတ် ကုရ်အာန်သမိုင်း

"အလ်ကုရ်အာန်" ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

ဤခေါင်းစဉ်ငယ်တွင်...............

မွတ်စ်လင်မ်များနှင့်သာမက မွတ်စ်လင်မ်မဟုတ်သူအတော်များများနှင့်ပါ အတန်အသင့်ရင်းနှီးပြီးဖြစ်သော
အာရဗီဝေါဟာရ "ကုရ်အာန်" ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ဝေါဟာရဆင်းသက်ပုံကို တင်ပြရန်ရည်ရွည်သည်
ဖြစ်ကြောင်း ဦးစွာပထမ လေးစားစွာအသိပေးပါရစေ။အမိမြန်မာပြည်တွင်းမှီတင်းနေထိုင်လျှက်ရှိသော မွတ်စ်လင်မ်အများစုက မိမိတို့၏ ဘာသာတရားကိုတည်ဆောက်ထားသောပြဌာန်းထားသော အခြေခံ အုတ်မြစ်ဖြစ်သည့် ကျမ်းဂန်ကို မြန်မာဘာသာဖြင့်ုရေးသားရာတွင် "ကုရ်အာန်"ဟုရေးသားသုံးစွဲကြသော်လည်း၊ မွတ်စ်လင်မ်မဟုတ်သည့်ဘာသာခြား အများစုမှာမူ "ကိုရန်" ကျမ်းဟု ရေးသားသုံးစွဲနေကြသည်ကို တွေ့ရှိရပါသည်။ ဤသို့ဖြစ်ရခြင်းသည် မွတ်စ်လင်မ်အများစုမှာ ငယ်စဉ်ကလေးဘဝကပင် အာရဗီ အသံထွက်များဖြင့် ရင်းနှီးပြီးသားဖြစ်သော်လည်း ဘာသာခြားတို့မှာမူ အာရဗီအသံထွက်များဖြင့် ကျွမ်းဝင်
ရင်းနှီးမှုမရှိခဲ့ကြသည့်အလျှောက် မိမိတို့အနေဖြင့် လျှာယဉ်နေသော အသံထွက်ဖြင့်သာလျှင် ခေါ်ဝေါသုံးစွဲနေ
ကြခြင်းကြောင့်ဖြစ်ပေသည်။ ဤသည်ကားဓမ္မတာပင်။ ဤခေါင်းစဉ်တွင် အသံထွက်အမှန်ဖြစ်သော "ကုရ်အာန်"
ဟူ၍သာရေးသားသုံးစွဲသွားမည်ဖြစ်ပါသည်။

အစ္စလာမ်ဘာသာဝင်အားလုံးတို့က ကျမ်းတော်မြတ် ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ် ထံတော်မှ သတင်းစကားကို လူသားတို့အားပို့ ချဖြန်ချီခဲ့သည့် တမန်တော်များအစဉ်အဆက်တွင် နောက်ဆုံး နှင့် တံဆိပ်တော် ဖြစ်တော်မူသော မြတ်တမန်တော် မုဟမ္မဒ် (အလ္လာဟ်အရှင်မြတ်အထံတော်မှ ငြိမ်းချမ်းသာယာမှုအဖြာဖြာကိုယ်တော့်အပေါ်သို့ ကျရောက်ပါစေ)ထံသို့ အလ္လာဟ်အရှင်မြတ်မှ ကောင်းကင်တမန်တော် ဂျိဘ်ရာအိလ် ကိုစေလွှတ်၍ ပို့ချခဲ့သော အလ္လာဟ်အရှင်မြတ်၏ "စကားတော်"
ဖြစ်သည်ဟု ယုံကြည်ကြပါသည်။ စကားလုံးဝေါဟာရများသည်လည်းကောင်း၊ အဓိပ္ပါယ်သည်လည်းကောင်း အလ္လာဟ်အရှင်မြတ် အထံတော်မှဖြစ်ပြီး ကျမ်းတော်လာ အာယဟ် တော်များသည် ပြိုင်ဘက်ကင်းပြီး၊ လိုက်လံတုပရေးသား၍လည်းအလျှဉ်းမဖြစ်နိုင်ကြောင်း ကမ္ဘာ့သမိုင်းတစ်ခုလုံးက သက်သေခံလျှက်ရှိပါသည်။

ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဈယ်ခြင်းသည် အလ္လာဟ်အရှင်မြတ်အားသက်ဝင်ယုံကြည်ကိုးကွယ်၍ပြုသော
အမှုများအနက်မှ ခဝပ်ကိုးကွယ်ခြင်းဆိုင်ရာအမှုတစ်မှုလည်းဖြစ်ပေသည်။ ဤကျမ်းတော်မြတ်သည် အကွဲအလွဲ
မရှိတစ်ညီတစ်ညွတ်တည်းဖြစ်သော အခိုင်အမာထောက်ခံမှုတို့ဖြင့် လက်ဆင့်ကမ်း ပို့ချခြင်းခံရသလို ကျမ်းတော်မြတ် အစအဦး အခန်းဖြစ်သော စူရဟ်အလ်ဖွာသိဟဟ် မှ နောက်ဆုံးအခန်းဖြစ်သောစူရဟ် အန္နားစ်အထိ စာအုပ်အသွင်ဖြင့် ကနဦးကတည်းကရေသားမှတ်တမ်း တင်ထားခြင်းခံရသောကျမ်းလည်း ဖြစ်ပေသည်။ အာရဗီဝေါဟာရ "ကုရ်အာန်" ၏ ဆင်းသက်ပုံကိုဘာသာစကားဗေဒ ပညာရှင်တို့၏အထံတွင်မူ အယူအဆအမျိုးမျိုးကွဲပြားလျှက်ရှိပေသည်။ ကွဲပြားလျှက်ရှိသောဘာသာစကားဗေဒ ပညာရှင်တို့၏ အယူအဆများအနက် အောက်ပါအယူအဆတို့မှာအလွန်ထင်ရှားလှပေသည်။
၁။ ဘာသာစကားဗေဒပညာရှင်အပါအဝင် အချို့ပညာရှင် တို့၏အဆိုအရ "ကုရ်အာန်" ဟူသောဝေါဟာရ သည်
"ကရအ" ဟူသော ကြိယာပုဒ် မှဆင်းသက်လာသော "ဖတ်ခြင်း"၊ "ရွတ်ခြင်း" "ဖတ်ရန်"၊ "ရွတ်ရန်" ဟု အဓိပ္ပါယ်ရသည့် ကြိယာနာမ် ဖြစ်သည်ဟု ဆိုကြလေသည်။ ဤသည့် ဝေါဟာရအဓိပ္ပါယ် ဖွင့်ဆိုချက်ကို ကျမ်းတော်မြတ်"ကုရ်အာန်" တွင်လည်း သက်သေခံချက်လာရှိကြောင်း အောက်ပါအာယဟ်တော်များကို ဖတ်ရှုလေ့လာသိရှိနိုင်ကြပေသည်။

ကျမ်းတော်မြတ်ကုရ်အာန် ၇၅:၁၇-၁၈ တွင်

"အင်န်နအလိုင်နာ ဂျမ်အဟူ ဝကုရ်အာနဟူ"

ဧကန်စင်စစ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကိုစုပေါင်းခြင်းသည်လည်းကောင်း၊ ထိုနည်းတူစွာ
(ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို) ဖတ်စေခြင်းသည်လည်းကောင်း၊ ငါအရှင်မြတ်၏ တာဝန်ဖြစ်၏။
(ကျမ်းတော်မြတ်ကုရ်အာန် ၇၅:၁၇)

"ဖအိဇာ ကရအ်နာဟု ဖသ်သဘိအ် ကုရ်အာနဟူ"

သို့ဖြစ်ပေရာ အကြင်အခါဝယ် ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ဖတ်ကြားတော်မူခဲ့အံ့။
ထိုအခါ (ယင်းကုရ်အာန်၏ ဖတ်ကြားချက်ကို) အသင်သည် လိုက် (၍ဖတ်) ပါလေ။ နားထောင်ပါလေ။
(ကျမ်းတော်မြတ်ကုရ်အာန် ၇၅:၁၈)

ကဗျာသီကုံးဖွဲ့ဆိုခြင်းအတတ်ကို ကျွမ်းကျင်သော ဆွဟာဗဟ်ကြီး ဟစ္စါန်ဘင်န်သာဘစ်သ် (ရသွီယလ်လာဟုသအာလါအန်ဟု)က သူ၏ကဗျာတစ်ပုဒ်တွင် တတိယခလီဖွာကြီး အုသ်မာန် ဘင်န် အဖ်ွဖွာန် သခင်ကြီး ကွယ်လွန်ခြင်းနှင့်ပတ်သတ်၍..............

"အလ္လာဟ်အရှင်မြတ်အားတသရင်း၊ ကျမ်းတော်မြတ်ကုရ်အာန် ရွတ်ဖတ်သရဇ္ဈယ်ခြင်းအမှုတို့၌မွေ့လျော၍ သူ၏ ညတို့ကိုကုန်ဆုံးစေလေ့ရှိသော၊ သက်ဝင်ယုံကြည်ခဝပ်ကိုးကွယ်မှု ၏ လက္ခဏာဖြစ်သည့် အဘိုးအိုအား သူတို့သည် စွန့်လွှတ်ခဲ့လေပြီတကား" ဟုဖွဲ့ဆိုထားကြောင်းကိုလည်း လေ့လာသိရှိမှတ်သားခဲ့ဖူးပါသည်။ ဤကဗျာစာပိုဒ်၏အာရဗီမူရင်းတွင်လည်း "ကုရ်အာန်" ဟူသော ဝေါဟာရကို "ရွတ်ဖတ်သရဇ္ဈယ်ခြင်း" ဟု အဓိပ္ပါယ်ဖွင့်ဖွဲ့ဆိုထားပါသည်။

ဆက်လက်ရေးသားမည်ဖြစ်ကြောင်း..............


--
The Sage

အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက်(ရဟ်မသုလ္လာဟ် အလိုင်ဟ်)

ဒီတော့ပစ် မှာ ညီအစ်ကိုတော်၊ ညီအစ်မတော် များကို အောက်မေ့ဖွယ်ရာ မုစ်လင်မ် သိပ္ပံ ဝိဇ္ဇာ ပညာရှင်ကြီး
အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက်(ရဟ်မသုလ္လာဟ် အလိုင်ဟ်) နဲ့ ဦးဆုံး မိတ်ဆက် ပေးချင်ပါတယ်။
အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက် ဟာ C.E ၆၉၉ / ၇၀၀ (သို့) ၇၀၂ / ၇၀၃ ခုမှာ အာရေဗျကျွန်းဆွယ် မဒီနဟ် မြို့မှာ ဖွားမြင်တော်မူ ခဲ့ပါတယ်။အီမာမ် ကြီးဟာ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ရဲ့ "တွတ်" တော်ပါ။ အထက်အဆက်အနွယ်တော် အစဉ်အဆက်ကိုဖော်ပြရရင် အီမာမ် ဂျာဖရ် အဆွ်ဆွာဒိက် ဘင်န် အီမာမ် မုဟမ္မဒ် အလ်ဘာကိရ် ဘင်န် အီမာမ် အလီ (အီမာမ် ဇိုင်နုလ် အာဗေဒီးန်)ဘင်န် အီမာမ်ဟုစိုင်းန် (မြေးတော်) ဘင်န် အလီအိဗ်နိ အဗီသွာလိဗ် (စတုတ္ထ ခလီဖွာကြီး) + သမီးတော် ဖာသွိမဟ် ဘင်န်သိ မုဟမ္မဒ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ပါ

အီမာမ်ကြီးကို စွန်နီ မုစ်လင်မ်တွေ ရော ရှိအဟ် မုစ်လင်မ် တွေကပါ အစ္စလာမ် သာသနာရေးရာပညာရပ်များ ၊ ဝိဇ္ဇာ နဲ့ သိပ္ပံ ပညာ တို့ရဲ့ပညာရှင် ကြီးတစ်ဦးအဖြစ် ယနေ့တိုင် ရိုသေလေးစားကြပါတယ်။ ရှိအဟ်မုစ်လင်မ် တွေက အီမာမ်ကြီးကို ကိုယ်တော်မြတ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ရဲ့ အရိုက်အရာ ကို ဆက်ခံတဲ့ ခြောက်ပါးမြောက် အီမာမ် အဖြစ်ယုံကြည်လက်ခံကြပါတယ်။ရှိအဟ် မုစ်လင်မ် တို့ရဲ့ ဂျာဖရီ ဖိကဟ် ဟာအီမာမ်ကြီး ကို ရည်ညွှန်းတာပါ။ ဒါ့အပြင် ဆူဖီသွရီကဟ်လမ်းစဉ်အတော်များများဟာ သူတို့ရဲ့ ဆရာအစဉ်အဆက်ကို အီမာမ်ကြီးထံဆက်နွယ်ဖော်ပြကြပါသေးတယ်။ အဲဒီလို ဆက်နွယ်ဖော်ပြကြတဲ့ သွရီကဟ် လမ်းစဉ်တွေထဲမှာနက်ခ်ရှ်ဘန်ဒီယာ လမ်းစဉ် ဟာ ထင်ရှားပါတယ်။
အီမာမ် ကြီးဟာ ကုရ်အာန်၊ ဟဒီးဆ်၊ စုန္နဟ်၊ ဖွေကဟ် ပညာရပ်တို့ကို ပါရဂူမြောက် ကျွမ်းကျင် ရုံသာမက၊ သူ့ခေတ်သမယက နက္ခတ္တဗေဒ၊ဒဿနိကဗေဒ၊ တက္ကဗေဒ၊ ဓာတုဗေဒ (ရှေးဟောင်း)၊ ဆေးပညာ၊ ဆေးဝါးဗေဒ စတဲ့ ဝိဇ္ဇာ၊ သိပ္ပံပညာတို့ရဲ့ အဓိပတိကြီးတစ်ပါး လည်းဖြစ်ပါတယ်။အီမာမ်ကြီးထံမှာ ပညာဆည်းပူးခဲ့တဲ့ မြောက်မြားစွာသောတပည့်တွေထဲမှာ အီမာမ် အဗူဟနီဖဟ် (ဖွေကဟ်ပညာရှင်ကြီး) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊အီမာမ် မာလိက် ဘင်န် အနတ်စ် (ဖွေကဟ်ပညာရှင်ကြီး နှင့် မုအသ်သွာဟဒီးစ် ကျမ်းရှင်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်)၊ အီမာမ် မူစာအလ်ကာဇွင်မ်(အီမာမ်ကြီး၏သားတော်နှင့် အစ်သ်နအရှရီရှိ အဟ်မုစ်လင်မ် တို့၏ ခုနှစ်ပါးမြောက် အီမာမ်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊ အီမာမ် အိစ်မာအိလ် (အီမာမ်ကြီး၏သားတော်နှင့် အိစ်မာအိလီ ရှိအဟ်မုစ်လင်မ် တို့၏ ခုနှစ်ပါးမြောက် အီမာမ်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ၊ အီမာမ် ဝစိလ် ဘင်န် အသွာ(မုသဇိလဟ် အတွေးအခေါ်ရှင်) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) နှင့် ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (ဥရောပ သိပ္ပံပညာသမိုင်းတွင် လက်တင် အမည်GEBER ဖြင့် ကျော်ကြားသော သိပ္ပံပညာရှင်ကြီး) (ရဟ်မသုလ္လာဟ် အလိုင်ဟ်) တို့ဟာ အလွန်ထင်ရှားကြပါတယ်။ အီမာမ်ကြီးဟာ သာသနာရေး၊သိပ္ပံ ဝိဇ္ဇာဆိုင်ရာ ကျမ်းပေါင်းများစွာကို ကိုယ်တိုင်ပြုစုခဲ့သလို သူ့တပည့်တွေ ကိုလည်း ကျမ်းပြု ပါရဂူ မြောက်တဲ့အထိ သင်ကြားပျိုးထောင်ခဲ့သူ ဖြစ်ပါတယ်။
အီမာမ် ကြီးဟာ အဗ္ဗဆီယာမင်း အလ်မန်စူးရ် လက်ထက် C.E ၇၆၅ ဒီဇင်ဘာလ မှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူခဲ့ပြီး၊ မဒီနဟ်မြို့ရှိဂျန်နသုလ်ဗကီးဟ် မှာ မြှုပ်နှံခြင်းခံခဲ့ရပါတယ်။

ရှိုက်ခ် အိဗ်နိ နဖီးစ် (ရ.ဟ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

ဒီတစ်ခါလည်း ညီအစ်ကိုတော်၊ ညီအစ်မတော် များကို သာသနာရေးနဲ့သိပ္ပံ၊ ဝိဇ္ဇာ စွယ်စုံပညာရှင်ကြီး နောက်တစ်ဦးနဲ့မိတ်ဆက်ပေးပါဦးမယ်။ ဒီပညာရှင်ကြီးက တော့ ရှိုက်ခ် အိဗ်နိ နဖီးစ် ပါ။ ပညာရှင်ကြီးရဲ့ နာမည်အပြည့်အစုံကတော့အလာအုဒ်ဒီးန် အဘူလ်ဟစန် အလီအိဗ်နိ အဗီဟဇမ် အလ်ကုရိုက်ရှ်ရှီ အဒ်ဒိမတ်ရှ်ကီ ပါ။ ပညာရှင်ကြီးဟာ အသွယ်သွယ်သော ဆေးပညာရပ်များရဲ့ ပါရဂူကြီးတစ်ဦးအနေနဲ့ ထင်ရှားသော်လည်း ဒဿနိကဗေဒ၊ သမိုင်းပညာ၊ တက္ကဗေဒ၊နက္ခတ္တဗေဒ၊ ဥပဒေ ပညာရှင် စတဲ့ ဂုဏ်ပုဒ်တွေကိုလည်း ပိုင်ဆိုင်ခဲ့သူပါ။ ကုရ်အာန်ကိုအာဂုံဆောင်ခဲ့တဲ့ ဟာဖိဇ် တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဟဒီးဆ် သိပ္ပံဆိုင်ရာ ပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ရှာဖွီဓမ္မသတ် ပညာရှင်ကြီးလည်း ဖြစ်ပါတယ်။
ပညာရှင်ကြီးဟာ C.E ၁၂၁၃ ခု ဆီးရီးယားနိုင်ငံ ဒမတ်စ်ကတ်စ်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ကုရိုက်ရှ် အာရပ်အနွယ်ဝင် တစ်ဦးပါ။ အဲဒါကြောင့်လည်း ပညာရှင်ကြီးကို အလ်ကုရိုက်ရှ်ရှီ အဒ်ဒိမတ်ရှ်ကီ လို့ ခေါ်ဝေါ်တာဖြစ်ပါတယ်။ ဒမတ်စ်ကတ်စ်ရှိဆေးရုံနဲ့တွဲထားတဲ့ ဆေးကော်လိပ် ကနေ ဆေးပညာ သင်ကြားခဲ့ပါတယ်။ C.E ၁၂၃၆ ခုလောက်မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ကိုင်ရိုမြို့က အန်နစ်ရီ ဆေးရုံကြီးမှာ ကျောင်းအုပ်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ရင်း ခွဲစိတ်ကုဆေးပညာရှင်ကြီးများစွာ ကိုသင်ကြားပို့ချမွေးထုတ် ပေးခဲ့ပါတယ်။ ပညာရှင်ကြီးဟာ ကိုင်ရိုမြို့ အလ်မန်ဆူရီယာ ဆေးရုံကြီးမှာလည်း သမားတော်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ အသက် ၂၉နှစ် အရွယ်မှာ သူ့ရဲ့အကျော်ကြားဆုံး စာအုပ်ဖြစ်တဲ့ "အိဗ်နိ ဆီနာ၏ခန္ဓာဗေဒ ဆေးကျမ်း အဖွင့်ကျမ်း" ကို ပြုစုခဲ့ပါတယ်။ (ပညာရှင်ကြီး အိဗ်နိဆီနာနဲ့လည်း ညီအစ်ကိုတော်၊ ညီအစ်မတော် များကို နောက်တော့ မိတ်ဆက်ပေးပါ့မယ်) မြောက်များစွာသော ခန္ဓာဗေဒဆိုင်ရာတွေ့ရှိချက် အသစ်တွေကို အဲဒီစာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ သူဟာ "အရှ်ရှာမိလ်ဖွိလ်သွိဗ်" "The Comprehensive Book on Medicine" ဆိုတဲ့ ဆေးပညာစွယ်စုံကျမ်းကြီးကို ပြုစုခဲ့ပါတယ်။ အဲဒီ ဆေးပညာစွယ်စုံကျမ်း ကို အတွဲ (၈၀) အထိဘဲ ပြုစုနိုင်ခဲ့ရှာပါတယ်။ အဆုံးမသတ်ခင်ဘဲသူဟာကွယ်လွန်သွားရှာခဲ့လို့ပါ။ အဲဒီအဆုံးမသတ်ခဲ့တဲ့ အတွဲ (၈၀) ဆေးပညာစွယ်စုံကျမ်းကြီးဟာ သူ့ခေတ်မှာ အကြီးဆုံးဆေးပညာစွယ်စုံကျမ်းကြီးဖြစ်ခဲ့ရုံမက ယနေ့ခေတ်တိုင် အဲဒီကျမ်းကြီးလောက် များပြားတဲ့ဆေးပညာအကြောင်းအရာတွေပါတဲ့ကျမ်းမျိုးယနေ့အထိမပေါ်ဖူးသေးပါဘူး။
သူ့ရဲ့အလွန်ထင်ရှားတဲ့ ဆေးသိပ္ပံသုတေသနတွေ့ရှိချက် ကြီးကတော့ နှလုံး၊အဆုတ်သွေးလည်ပတ်မှုစနစ်ကို မှန်ကန်တိကျစွာဖော်ထုတ်ခဲ့ခြင်းပါဘဲ။ သူဟာသူ့အရင်ရှိခဲ့တဲ့ ဂရိပညာရှင်ကြီး "ဂလန်" (ဂေလန်) ရဲ့ သွေးလည်ပတ်မှုစနစ် အယူအဆဟာမှားကြောင်းသက်သေပြခဲ့ပြီး မှန်ကန်တဲ့အယူအဆကို ဆေးလောကအား သင်ပေးခဲ့ပါတယ်။ သူ့ရဲ့သင်ကြားချက်တွေဟာ ကျမ်းတွေအဖြစ်တည်ရှိခဲ့ပေမယ့် တစ်ခါမှာကျမ်းတစ်ချို့ဟာ ပျောက်ပျက်သွားခဲ့ပါတယ် (ခရူးဆိတ်နဲ့မွန်ဂိုတွေရဲ့တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတယ်လို့ယူဆပါတယ်၊
ဒါကျွန်တော့်ယူဆချက်သက်သက်ပါ၊ မှန်မမှန်ကျွန်တော်အာမ မခံနိုင်ပါဘူး။ ဆက်လက် လေ့လာကြစေလိုပါတယ်။) သို့ပေမယ့်လည်း သွေးလည်ပတ်မှု ဆိုင်ရာတွေ့ရှိချက်ပါဝင်တဲ့ သူပြုစုခဲ့တဲ့ ကျမ်းကတော့ အီတလီနိုင်ငံဗင်းနစ်မြို့မှာ အာရဗီဘာသာစာပေနဲ့ရှိနေခဲ့ပြီး လက်တင်ဘာသာကို လည်းပြန်ဆိုခဲ့တယ်လို့ ပညာရှင်တွေကယူဆကြပါတယ်။
ရှိုက်ခ် အိဗ်နိ နဖီးစ် က သွေးလည်ပတ်မှုဆိုင်ရာစနစ်ကိုတွေ့ရှိကျမ်းပြုပြီးနောင်နှစ်ပေါင်း၃၀၀ ကျော်လောက် ကြာတော့ အင်္ဂလိပ်လူမျိုးဆေးသိပ္ပံပညာရှင်ကြီး (C.E ၁၅၇၈-၁၆၅၇) ဝီလီယမ်ဟာဝေး က နှလုံးသွေး လည်ပတ်မှုစနစ်ကို အသေးစိတ်သုတေသနပြုပြီး ကမ္ဘာကိုပြန်လည်တင်ပြု အကျိုးပြုခဲ့ပါတယ်။ သူတင်ပြခဲ့တာဟာ ပိုမိုအသေးစိတ်ပေမယ့် သွေးလည်ပတ်မှုစနစ်ဆိုင်ရာ ဇီဝကမ္မဗေဒရဲ့ဖခင်ကြီး ဆိုတဲ့ဂုဏ်ပုဒ်ကိုတော့ ရှိုက်ခ် အိဗ်နိနဖီးစ် က ရခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းမှာ သွေးလည်ပတ်မှုစနစ် ကို ပထမဦးဆုံးမှန်ကန်စွာတင်ပြခဲ့တဲ့အတွက်ပါ။
(အင်န်ဆိုင်ကလပေးဒီးယားဘရိတာနိကာ အလိုအရ ရှိုက်ခ်ရဲ့ဒီတွေ့ရှိချက်ကို ၂၀ ရာစုကျမှ ကမ္ဘာက အာရုံစိုက်မိခဲ့တယ်လို့ဆိုပါတယ်။)သူ့ရဲ့လူသားအကျိုးပြု၊ ကမ္ဘာ့ဆေးလောက ကိုပြုခဲ့တဲ့ အခြားစွမ်းဆောင်ချက် တွေလည်းရှိပါသေးတယ်။ သူဟာ အော်တော့ပ်စီ (ခေါ်) လူသေအလောင်းအား ခွဲစိတ်ဖြတ်တောက် သုတေသနပြုခြင်း၊ ခွဲစိတ်ကုဆေးပညာ၊ မျက်စိခွဲစိတ်ကုပညာ၊ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ စတဲ့ဆေး သိပ္ပံဘာသာရပ်တွေနဲ့ပတ်သတ်ပြီးလည်း မြောက်များစွာသော တွေ့ရှိချက်တွေ ကိုမှတ်တမ်းတင်ခဲ့ပြီး နောင်လာနောက်သားပညာရှင်တွေကိုလမ်းဖောက်ပေးခဲ့သူပါ။ ကမ္ဘာ့သမိုင်းမှာ ရှိုက်ခ် အိဗ်နိ နဖီးစ် လိုမုစ်လင်မ်စွယ်စုံပညာရှင်ကြီးတွေ အများကြီးပေါ်ထွန်းခဲ့ကြောင်းနောက်လာမယ့်ပို့စ်တွေမှာဖတ်ရှုရပါလိမ့်မယ်။ ပညာရှင်ကြီးဟာ C.E ၁၂၈၈ ခုနှစ် အီဂျစ်နိုင်ငံကိုင်ရိုမြို့မှာဘဲ အလ္လာ့ဟ်အမိန့်တော်ခံယူခဲ့ပါတယ်။ (အင်းန်နလိလ္လလာဟိဝအင်းန်နအိလိုင်ဟိရာဂျိအူးန်။) သူကွယ်လွန်ပြီးနောက် သူဆေးကျမ်းတွေပြုစုခဲ့လို့ ဂုဏ်ပြုဆုရရှိခဲ့တဲ့ဓနဥစ္စာတွေနဲ့ တည်ဆောက်ထားတဲ့သူ့ရဲ့အိမ်၊ စာကြည့်တိုက်နဲ့ဆေးခန်းတို့ကို အလ်မန်ဆူရီယာ ဆေးရုံကြီးသို့ လှုဒါန်းခဲ့ပါတယ်။ (ရဟ်မသုလ္လာဟ် အလိုင်ဟ်) ကျွန်တော်ခုရေးပြခဲ့တဲ့ ပညာရှင်ကြီးရဲ့အရည်အချင်း၊ စွမ်းဆောင်ချက် စတာတွေဟာပညာရှင်ကြီး အကြောင်းတွေထဲက တစ်ကယ့်ကိုနည်းနည်းလေးပါ။
စာဖတ်သူတွေအနေနဲ့ မိမိဘာသာဆက်လက်လေ့လာကြပါလို့ တိုက်တွန်းနှိုးဆော်၍အလ္လာဟ်အရှင်မြတ် ဤပညာရှင်ကြီး(ရဟ်မသုလ္လာဟ် အလိုင်ဟ်)ကဲ့သို့ စွယ်စုံပညာရှင်ကြီးနောက်ထပ်အများကြီး မုစ်လင်မ်များထဲမှ ပေါ်ထွက်လာနိုင်စေရန် ပြုပေးသနားတော်မူပါဟု တောင်းဆုဒုအာပြုရင်း ရှိုက်ခ်အိဗ်နိ နဖီးစ် အား ညီအစ်ကိုတော်၊ ညီအစ်မတော်များနဲ့မိတ်ဆက်ပေးခြင်းကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျား။

The Sage

ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (GEBER) (ရ.ဟ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

တော့ပစ် ရဲ့ ဒုတိယ မုစ်လင်မ် ပညာရှင်ကြီးအနေနဲ့ အထက်က ပို့စ် မှာ ပါဝင်တဲ့ အီမာမ် ဂျာဖရ်ဆွာဒိက် (ရဟ်မသုလ္လာဟ် အလိုင်ဟ်)ရဲ့ တပည့် ပညာရှင်ကြီး ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (GEBER) နဲ့ မိတ်ဆက်ပေးပါ့မယ်။ ပညာရှင်ကြီး ရှိုက်ခ် ရဲ့ အမည်အပြည့်အစုံကတော့ အဘူမူစာ ဂျာဘိရ်ဘင်န် ဟိုင်ယာန် အသ်သရ်သူစီ (အလ်ကူဖီလို့လည်းခေါ်ပါတယ်) ပါ။ ရှိုက်ခ် ဟာ C.E ၇၂၁ မှာ ပါရှားပြည်ခိုရာဆန် သူစ် နယ်မှာ ဖွားမြင်ခဲ့ပါတယ်။ အီမာမ် ဂျာဖရ်ဆွာဒိက် ထံမှာ ပညာမဆည်းပူးမီ အလျှင် ဟရ်ဘီအလ်ဟိမ်ရာရီ ထံမှာ ကုရ်အာန်နဲ့ သင်္ချာ ပညာ အပါအဝင် အခြားပညာ ရပ်တွေကို ဆည်းပူးခဲ့ပါသေးတယ်။ သူ့ရဲ့ ဖခင် က ဆေးဝါးဗေဒ ပညာရှင် ဖြစ်တဲ့အလျောက်သူဟာ ဖခင် ရဲ့ ပရော်ဖရှင်န် ကို အကြောင်းပြုပြီး ဆေးဝါးနဲ့ ဓာတုဗေဒ ပညာရပ်တွေကို စိတ်ဝင်တစ်စား ရှိခဲ့ပါတယ်။
သူဟာ သူ့ခေတ်ဓာတုဗေဒ သိပ္ပံ ပညာရပ် မှာ ပြိုင်စံရှား သူတစ်ဦးဖြစ်ခဲ့ ပြီးဓာတုဗေဒဆိုင်ရာ သိပ္ပံတွေ့ရှိချက် အသစ်တွေကိုလည်းကောင်း၊ဓာတ်ခွဲခန်းသုံး ကိရိယာ အတော်များများကိုလည်းကောင်း တီထွင်ခဲ့တဲ့ အပြင် သိပ္ပံပညာဆိုင်ရာ ကျမ်းပေါင်းများစွာကို ပြုစုခဲ့လို့ သူ့ကိုဂုဏ်ပြုပြီး ဓာတုဗေဒ၏ဖခင်ကြီး (Father of Chemistry) လို့ တောင် ဂုဏ်ထူးတတ်ခေါ်ဝေါ် ခြင်းကို ခံရသူပါ။ ဥရောပ မှာ သူ့ကို (GEBER) ဂဲဗရ် လို့
လက်တင်ဘာသာ အမည်တတ်ပြီး အသိများခဲ့ပါတယ်။ သူဟာဓာတုဗေဒပညာရပ် နယ်ပယ်မှာ ပြိုင်စံရှားရုံမက၊ နက္ခတ္တဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒ ဒဿနိကဗေဒ၊ သင်္ချာပညာ၊ ဆေးပညာ၊ ဆေးဝါးဗေဒတို့မှာလည်း ကျွမ်းကျင်နိုင်နင်းသူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ နည်းစနစ် ကျနစွာ စမ်းသပ်မှုပြုခြင်း ကို အလေးပေး ခဲ့သလို ဓာတ်ခွဲခန်းသုံးကိရိယာအမျိုးအမည် အတော်များများကို တီထွင်ဖန်တီး ခဲ့သူ ဖြစ်ပါတယ် (ဥပမာ- retort)။
ယနေ့ခေတ်အထိသုံးဆဲဖြစ်တဲ့ဓာတုဗေဒ ပစ္စည်း အချို့ (ဥပမာ-ဟိုင်ဒရိုကလိုရစ်အက်စစ်၊ နိုက်ထရစ်အက်စစ်) နဲ့ ဓာတုဗေဒနည်းပညာ တစ်ချို့(Distillation, Crystallization) တွေ ကိုပါတီထွင်ခဲ့သူပါ။ ဒါ့အပြင် ဆာလ်ဖျုရစ် အက်စစ် ကိုလည်း သူရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါတင်မကသေးပါဘူး သံပုရာသီးလိုချဉ်တဲ့အသီးတွေမှာပါတဲ့ စစ်ထရစ်အက်စစ်၊ ရှာလကာရည်မျိုးတွေမှာပါတဲ့ အစဲတစ်အက်စစ်၊ တာတာရစ်အက်စစ်စတဲ့ ဓာတုဗေဒ ဒြပ်ပေါင်းတွေကိုလည်း ယနေ့ ကမ္ဘာအထိ မိတ်ဆက်ကျေးဇူးပြုပေးခဲ့တာပါ။ အဲဒီ ကျေးဇူးတွေနဲ့တင် သူ့ကို ဓာတုဗေဒဖခင်ကြီးလို့ခေါ်ထိုက်နေပါပြီ။
သို့ပေမယ့်လည်း သူ့ရဲ့ ကျေးဇူးပြုမှုတွေဟာ ဒီလောက်နဲ့ရပ်မသွားသေးပါဘူး။ ဓာတုဗေဒဒြပ်စင်တွေဖြစ်တဲ့ အာစဲနစ်၊ အန်တီမိုနီ၊ဘစ်စမသ် တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့သူပါ။ မပြီးသေးပါဘူး။ ကန့်နဲ့ ပြဒါးတို့ဟာလည်း ဒြပ်စင်တွေ ဖြစ်ကြောင်း ပထမဦးဆုံးသက်သေပြခဲ့သူပါ။ အားလုံးကို သူရှာဖွေတွေ့ရှိ တီထွင်ခဲ့သမျှတွေ ကို သာ လိုက်လံသုတေသန ပြု ရင် ကျမ်းတစ်စောင် မကဖွဲ့နိုင်ပါတယ်။
(ကြားဖြတ်စကား- ဓာတုဗေဒကို အထူးပြု မာစတာ ၊ ဒေါက်ထရိတ် ကျမ်းပြုချင်သူ မုစ်လင်မ် ကျောင်းသားတွေများရှိလို့ ကျမ်းခေါင်းစဉ် ရှာရခက်နေရင်ဒီသိပ္ပံ ပညာရှင်ကြီး ရဲ့ တွေ့ရှိချက်တွေ အားလုံးကို ကိုယ်တိုင်စမ်းသပ်သုတေသန ပြု ပြီး သီအိုရီ တစ်ခု ကြိုးစားထုတ်နိုင်ရင်တောင် ကျမ်းကောင်းတစ်ကျမ်း ပြုနိုင်သူ ဖြစ်သွားနိုင်ပါတယ်။ မုစ်လင်မ်ဓာတုမောင်၊ မယ် တွေကြိုးစားသင့်ပါတယ်။)
ပညာရှင်ကြီး ဂျာဘိရ် ဘင်န် ဟိုင်ယာန် ဟာ ဘာသာတရား ကို အလွန် ကိုင်းရှိုင်းသူ တစ်ဦးဖြစ်ပြီး ဆူဖီ လမ်းစဉ်ကိုလည်း လျှောက်လှမ်းသူ တစ်ဦးဖြစ်ပါတယ်။ ရိုးသားလှတဲ့ပညာရှင်ကြီး ဟာ သူဟာ ဂရိ အီဂျစ် နဲ့ ပါရှား လူမျိုး ပညာရှင်ကြီးတွေ ရဲ့ အရေးအသားတွေ ကနေ လည်း အချို့အသိပညာတွေရရှိခဲ့ကြောင်း ဝန်ခံပါသေးတယ်။ ပိုင်သဂိုရတ်စ်၊ ဆိုခရေးတီးစ် စတဲ့ ဂရိပညာရှင်ကြီးတွေ ထံက အသိတစ်ချို့ ရရှိခဲ့ကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ သူဟာ C.E ၈၁၅ မှာ ကူဖွာ မြို့ (ယခု အီရတ်နိုင်ငံ) မှာ အလ္လာ့ဟ် အမိန့်ခံယူတော် မူခဲ့ပါတယ်။ အို.......အလ္လာဟ် အရှင်မြတ် ဓာတုဗေဒဖခင်ကြီး ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် ကို ဂျန္နသုလ်ဖိရ်ဒေါစ် မှာ အလွန်မြင့်မားတဲ့အဆင့်အတန်း
ချီးမြှင့်ပေးသနားတော်မူပါ။ အာမီးန်..........။

လေးစားပါတယ်ခင်ဗျာ
The Sage