Thursday, July 9, 2009

ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (GEBER) (ရ.ဟ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

တော့ပစ် ရဲ့ ဒုတိယ မုစ်လင်မ် ပညာရှင်ကြီးအနေနဲ့ အထက်က ပို့စ် မှာ ပါဝင်တဲ့ အီမာမ် ဂျာဖရ်ဆွာဒိက် (ရဟ်မသုလ္လာဟ် အလိုင်ဟ်)ရဲ့ တပည့် ပညာရှင်ကြီး ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် (GEBER) နဲ့ မိတ်ဆက်ပေးပါ့မယ်။ ပညာရှင်ကြီး ရှိုက်ခ် ရဲ့ အမည်အပြည့်အစုံကတော့ အဘူမူစာ ဂျာဘိရ်ဘင်န် ဟိုင်ယာန် အသ်သရ်သူစီ (အလ်ကူဖီလို့လည်းခေါ်ပါတယ်) ပါ။ ရှိုက်ခ် ဟာ C.E ၇၂၁ မှာ ပါရှားပြည်ခိုရာဆန် သူစ် နယ်မှာ ဖွားမြင်ခဲ့ပါတယ်။ အီမာမ် ဂျာဖရ်ဆွာဒိက် ထံမှာ ပညာမဆည်းပူးမီ အလျှင် ဟရ်ဘီအလ်ဟိမ်ရာရီ ထံမှာ ကုရ်အာန်နဲ့ သင်္ချာ ပညာ အပါအဝင် အခြားပညာ ရပ်တွေကို ဆည်းပူးခဲ့ပါသေးတယ်။ သူ့ရဲ့ ဖခင် က ဆေးဝါးဗေဒ ပညာရှင် ဖြစ်တဲ့အလျောက်သူဟာ ဖခင် ရဲ့ ပရော်ဖရှင်န် ကို အကြောင်းပြုပြီး ဆေးဝါးနဲ့ ဓာတုဗေဒ ပညာရပ်တွေကို စိတ်ဝင်တစ်စား ရှိခဲ့ပါတယ်။
သူဟာ သူ့ခေတ်ဓာတုဗေဒ သိပ္ပံ ပညာရပ် မှာ ပြိုင်စံရှား သူတစ်ဦးဖြစ်ခဲ့ ပြီးဓာတုဗေဒဆိုင်ရာ သိပ္ပံတွေ့ရှိချက် အသစ်တွေကိုလည်းကောင်း၊ဓာတ်ခွဲခန်းသုံး ကိရိယာ အတော်များများကိုလည်းကောင်း တီထွင်ခဲ့တဲ့ အပြင် သိပ္ပံပညာဆိုင်ရာ ကျမ်းပေါင်းများစွာကို ပြုစုခဲ့လို့ သူ့ကိုဂုဏ်ပြုပြီး ဓာတုဗေဒ၏ဖခင်ကြီး (Father of Chemistry) လို့ တောင် ဂုဏ်ထူးတတ်ခေါ်ဝေါ် ခြင်းကို ခံရသူပါ။ ဥရောပ မှာ သူ့ကို (GEBER) ဂဲဗရ် လို့
လက်တင်ဘာသာ အမည်တတ်ပြီး အသိများခဲ့ပါတယ်။ သူဟာဓာတုဗေဒပညာရပ် နယ်ပယ်မှာ ပြိုင်စံရှားရုံမက၊ နက္ခတ္တဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒ ဒဿနိကဗေဒ၊ သင်္ချာပညာ၊ ဆေးပညာ၊ ဆေးဝါးဗေဒတို့မှာလည်း ကျွမ်းကျင်နိုင်နင်းသူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ နည်းစနစ် ကျနစွာ စမ်းသပ်မှုပြုခြင်း ကို အလေးပေး ခဲ့သလို ဓာတ်ခွဲခန်းသုံးကိရိယာအမျိုးအမည် အတော်များများကို တီထွင်ဖန်တီး ခဲ့သူ ဖြစ်ပါတယ် (ဥပမာ- retort)။
ယနေ့ခေတ်အထိသုံးဆဲဖြစ်တဲ့ဓာတုဗေဒ ပစ္စည်း အချို့ (ဥပမာ-ဟိုင်ဒရိုကလိုရစ်အက်စစ်၊ နိုက်ထရစ်အက်စစ်) နဲ့ ဓာတုဗေဒနည်းပညာ တစ်ချို့(Distillation, Crystallization) တွေ ကိုပါတီထွင်ခဲ့သူပါ။ ဒါ့အပြင် ဆာလ်ဖျုရစ် အက်စစ် ကိုလည်း သူရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါတင်မကသေးပါဘူး သံပုရာသီးလိုချဉ်တဲ့အသီးတွေမှာပါတဲ့ စစ်ထရစ်အက်စစ်၊ ရှာလကာရည်မျိုးတွေမှာပါတဲ့ အစဲတစ်အက်စစ်၊ တာတာရစ်အက်စစ်စတဲ့ ဓာတုဗေဒ ဒြပ်ပေါင်းတွေကိုလည်း ယနေ့ ကမ္ဘာအထိ မိတ်ဆက်ကျေးဇူးပြုပေးခဲ့တာပါ။ အဲဒီ ကျေးဇူးတွေနဲ့တင် သူ့ကို ဓာတုဗေဒဖခင်ကြီးလို့ခေါ်ထိုက်နေပါပြီ။
သို့ပေမယ့်လည်း သူ့ရဲ့ ကျေးဇူးပြုမှုတွေဟာ ဒီလောက်နဲ့ရပ်မသွားသေးပါဘူး။ ဓာတုဗေဒဒြပ်စင်တွေဖြစ်တဲ့ အာစဲနစ်၊ အန်တီမိုနီ၊ဘစ်စမသ် တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့သူပါ။ မပြီးသေးပါဘူး။ ကန့်နဲ့ ပြဒါးတို့ဟာလည်း ဒြပ်စင်တွေ ဖြစ်ကြောင်း ပထမဦးဆုံးသက်သေပြခဲ့သူပါ။ အားလုံးကို သူရှာဖွေတွေ့ရှိ တီထွင်ခဲ့သမျှတွေ ကို သာ လိုက်လံသုတေသန ပြု ရင် ကျမ်းတစ်စောင် မကဖွဲ့နိုင်ပါတယ်။
(ကြားဖြတ်စကား- ဓာတုဗေဒကို အထူးပြု မာစတာ ၊ ဒေါက်ထရိတ် ကျမ်းပြုချင်သူ မုစ်လင်မ် ကျောင်းသားတွေများရှိလို့ ကျမ်းခေါင်းစဉ် ရှာရခက်နေရင်ဒီသိပ္ပံ ပညာရှင်ကြီး ရဲ့ တွေ့ရှိချက်တွေ အားလုံးကို ကိုယ်တိုင်စမ်းသပ်သုတေသန ပြု ပြီး သီအိုရီ တစ်ခု ကြိုးစားထုတ်နိုင်ရင်တောင် ကျမ်းကောင်းတစ်ကျမ်း ပြုနိုင်သူ ဖြစ်သွားနိုင်ပါတယ်။ မုစ်လင်မ်ဓာတုမောင်၊ မယ် တွေကြိုးစားသင့်ပါတယ်။)
ပညာရှင်ကြီး ဂျာဘိရ် ဘင်န် ဟိုင်ယာန် ဟာ ဘာသာတရား ကို အလွန် ကိုင်းရှိုင်းသူ တစ်ဦးဖြစ်ပြီး ဆူဖီ လမ်းစဉ်ကိုလည်း လျှောက်လှမ်းသူ တစ်ဦးဖြစ်ပါတယ်။ ရိုးသားလှတဲ့ပညာရှင်ကြီး ဟာ သူဟာ ဂရိ အီဂျစ် နဲ့ ပါရှား လူမျိုး ပညာရှင်ကြီးတွေ ရဲ့ အရေးအသားတွေ ကနေ လည်း အချို့အသိပညာတွေရရှိခဲ့ကြောင်း ဝန်ခံပါသေးတယ်။ ပိုင်သဂိုရတ်စ်၊ ဆိုခရေးတီးစ် စတဲ့ ဂရိပညာရှင်ကြီးတွေ ထံက အသိတစ်ချို့ ရရှိခဲ့ကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ သူဟာ C.E ၈၁၅ မှာ ကူဖွာ မြို့ (ယခု အီရတ်နိုင်ငံ) မှာ အလ္လာ့ဟ် အမိန့်ခံယူတော် မူခဲ့ပါတယ်။ အို.......အလ္လာဟ် အရှင်မြတ် ဓာတုဗေဒဖခင်ကြီး ရှိုက်ခ် ဂျာဘိရ် ဘင်န် ဟိုင်ယာန် ကို ဂျန္နသုလ်ဖိရ်ဒေါစ် မှာ အလွန်မြင့်မားတဲ့အဆင့်အတန်း
ချီးမြှင့်ပေးသနားတော်မူပါ။ အာမီးန်..........။

လေးစားပါတယ်ခင်ဗျာ
The Sage

No comments:

Post a Comment

Note: Only a member of this blog may post a comment.