Friday, August 21, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(7)

ဇကားသ် (သို့) အစ္စလာမ့် တတိယမဏ္ဍိုင်

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်ခေါင်းစဉ်ရဲ့ နောက်ဆုံးခေါင်းစဉ်ငယ်အနေနဲ့ ဇကားသ် (ဆင်းရဲသားအခွင့်အရေးဆိုင်ရာ ဓန အလှု) လို့အမည်ပညတ်ရတဲ့ အစ္စလာမ့် မဏ္ဏိုင်ကြီး ငါးခုထဲက တတိယမြောက် ရဲ့ အခြေခံ"အသိ" တွေကို ရေးသားတင်ဆက်ပါ့မယ်။ ဇကားသ်ပေးလှုခြင်းဟာတတ်စွမ်းသူဓနအင်အားပြည့်စုံသူ မုစ်လင်မ် တိုင်းအတွက် ဖွရဇ် ဖြစ်ပါတယ်။ ဇကားသ်ပေးရန်တာဝန်မရှိလောက်တဲ့ ဓနအင်အားပိုင်ဆိုင်ထားသူ ဆင်းရဲသားတွေအတွက်တော့ ဖွရဇ်မဟုတ်ပါဘူး။ ဇကားသ်နဲ့ပတ်သတ်တဲ့ အာယဟ် တော်တွေဟာ
ဆွလားသ်တည်ဆောက်ဖို့အမိန့်တော်နဲ့အတူတွဲလျက ကျမ်းတော်မြတ် ကုရ်အာန်နေရာအတော်များများမှာလာရှိပါတယ်။ ဆွလားသ်နဲ့ ဇကားသ် ဟာ ကိုယ်တော်မြတ်ရဲ့ ရှရီအသ်မှာတင် ပြဋ္ဌာန်းထားတာမဟုတ်ပါဘူး။ မူစာ(အလိုင်ဟိစ္စလာမ်) ရဲ့ ရှရီအသ်မှာလည်း ပြဋ္ဌာန်းခဲ့ကြောင်း

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် (၂)၊ အာယဟ်တော် (၄၃) မှာ

"(အို အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ဆွလာတ် ဝတ်ပြုကြကုန်၊ တရားဝင်ဒါနကြေးဖြစ်သော ဇကာတ် ကိုလည်းပေးဆောင်ကြကုန်၊ ထို့ပြင်တဝ ကိုင်းညွတ်ရိုကျိုးသော သူများနှင့်အတူ (ညီညာဖျဖျ) ကိုင်းညွတ်ရိုကျိုးကြကုန်။"

ဒီအာယဟ်တော်မှာ အလ္လာဟ်အရှင်မြတ်က အစ္စရာအီလီ လူမျိုးအပေါ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အမိန့်တော်တွေ ထဲက ဆွလားသ်နဲ့ဇကားသ်ဆိုင်ရာ အမိန့်ပြဋ္ဌာန်းချက်ကို ကိုယ်တော်မြတ်ရဲ့ အုမ္မသ် မုစ်လင်မ်တွေ ရဲ့ "အသိ" အတွက် ပြန်ပြောင်း မိန့်တော်မူထားခြင်းဖြစ်ပါတယ်။ ကိုယ်တော်မြတ်ရဲ့ အုမ္မသ် မုစ်လင်မ်တွေကိုတော့ အလ္လာဟ်အရှင်မြတ်က

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် (၂)၊ အာယဟ်တော် (၁၁၀) မှာ ခုလို တိုက်ရိုက်အမိန့်ပေးပြဋ္ဌာန်းထားတော်မူပါတယ်။

"ထိုမှတပါး အသင်တို့သည် "ဆွလာတ်" ဝတ်ပြုခြင်းကို အမြဲတစေ ဆောက်တည်ကြလေကုန်၊ ၎င်းပြင်အသင်တို့သည်"ဇကာတ်" တရားဝင်ဒါနကြေးများကို ပေးဆောင်ကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် မည်သည့် ကောင်းမှု ကုသိုလ်ကို မဆို မိမိတို့အဘို့အရာ ရှေ့သို့ တင်ကြိုပို့ထားနှင့်ကြပါမူ အလ္လာဟ်အရှင်မြတ် အထံတော်မှ ယင်းကောင်းမှု (၏ကုသိုလ်အကျိုး) ကို အသင်တို့ ရရှိကြအံ့၊ မုချအမှန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူကြကုန်သော အရာခပ်သိမ်း တို့ကိုအကြွင်း မရှိ သိမြင်တော်မူသော အရှင်ဖြစ်တော်မူ၏။"


အစ္စလာမ်သာသနာတော် မှာ မရှိ ဆင်းရဲနွမ်းပါးချို့တဲ့ သူတွေကို လှုဖို့တန်းဖို့ကြည့်ရှုစောင့်ရှောက်ဖို့ ပညတ်ချက်တွေရှိသလောက်အခြားအယူဝါဒသင်ကြားမှုတွေမှာ အဲဒီလောက်မရှိပါဘူး။ (ရှိတယ်လို့ပြောချင်သူများ လာဆွေးနွေးလှည့်ပါလို့နွေးထွေးစွာ၊ လေးစားစွာဖိတ်ခေါ်ပါတယ်)။ ပြည့်ဝတဲ့ မုစ်လင်မ် ဆိုတာ အစ္စလာမ့်ပညတ်ချက်တွေကိုလိုက်နာစောင့်ထိန်းရင်း
အလှုအတန်းကို တတ်အားသရွေ့ လုပ်နေတဲ့သူဆိုတာ အောက်ပါအာယဟ်တော်ကသက်သေပါ။


"၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးဇူးတော်ဖြင့် ရက်ရောစွာ ပေးသနားတော်မူသော ဥစ္စာပစ္စည်းနှင့် စပ်လျဉ်း၍ စစ်စီစေးနဲကြကုန်သော သူတို့သည် (ယင်းကဲသို့) စစ်စီစေးနဲခြင်းသည် မိမိတို့အဘို့ကောင်းမြတ် သည်ဟူ၍ မထင်မှတ်ကြရာချေ။ စင်စစ်မူကား (ယင်းကဲ့သို့) စစ်စီစေးနဲခြင်းသည်ထိုသူတို့အဘို့ဆိုးရွားလှပေသည်။ (အဘယ်ကြောင့်ဟူမူ) ထိုသူတို့သည် မုချ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ စစ်စီစေးနဲ (သိုမှီးစုဆောင်း) ခဲ့ကြကုန်သော ဥစ္စာပစ္စည်း များဖြင့်လည်ပင်း၌ ကွင်းစွပ်ခြင်း ကိုခံကြရမည် (ဖြစ်သောကြောင့်တည်း)။ အမှန်သော်ကား ကောင်းကင်ဘုံများ၌၎င်း၊ ပထဝီမြေပြင်၌ ၎င်း၊ ရှိရှိသမျှသော အမွေပစ္စည်း အစုစု တို့သည် အလ္လာဟ်အရှင်မြတ် အဘို့သာဖြစ်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြ ကုန်သော ကိစ္စ အရပ်ရပ် တို့ကိုအကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။"


မရှိ ဆင်းရဲသားတွေ ကို မလှုမတန်း ဘဲ ရသမျှ တွေကိုကုတ်ခြစ် ပြီး ငါ့ဥစ္စာ၊ ငါ့ဥစ္စာ လုပ်နေတဲ့သူတွေ တွေ့ကြုံရမယ့်အပြစ်ဒဏ်ကိုအလ္လာဟ်အရှင်မြတ်က ပွင့်လင်းစွာ ပြတ်သားစွာ မိန့်တော်မူထားပြီးပါပြီ။ ဖွီစဗီလိလ္လာဟ် လည်းမလှု၊ ရမသွာန်လရောက်မှ အခွန်ရှောင်သလို ညဏ်နီညဏ်နက် သုံး၊ ဇကားသ်ရှောင်ဖို့ ဖသ်ဝါ အမျိုးမျိုးလိုက်ရှာ တတ်တဲ့ အချို့သော မုစ်လင်မ် ဓနရှင်တွေအလွန်သတိကြီးကြီးထားရမယ့် အာယဟ်တော် ဖြစ်ပါတယ်။

ဇကားသ် ဘယ်လိုတွက်ချက်ရသလည်း ဆိုတဲ့အသေးစိတ်ကို တော့ နီးစပ်ရာအာလင်မ်ပညာရှင်တွေ ထံမှာသေသေချာချာမေးမြန်းသင်ယူထားကြပါ။ ဆက်လက်ပြီး ဇကားသ်ပေးရန်တာဝန်ရှိစေတဲ့ ဓန ပမာဏ (နိစွားဗ်)၊ ဇကားသ်လက်ခံထိုက်သူတွေစတာတွေကို အနည်းငယ်တင်ပြပေးပါ့မယ်။

နိစွားဗ် သတ်မှတ်ချက်ကို ရိုးရှင်းစွာ ရှင်းလင်းပြရရင်........ တစ်နှစ်တာရှိ မိမိပိုင်ဆိုင်တဲ့ (ကြွေးမှီ နှုတ်ပြီး) ရွှေဆို ရင် ငါးကျပ် တစ်ဆယ်ပဲသား၊ ငွေထည် ဆိုရင် လေးဆယ်ကျပ်သားပါ။ ရွှေ၊ ငွေ (ထည်)၊ ကုန်ပစ္စည်း စတာတွေကို သက်ဆိုင်ရာတိုင်းပြည် ငွေကြေးယူနစ်နဲ့ ကာလပေါက် ဈေးအတိုင်း ဖလှယ် ပြီး ၄၀ ပုံ ပုံ၊ တစ်ပုံ ကို လှုရပါတယ်။ ရာခိုင်နှုန်း နဲ့ဆို ပိုင်ဆိုင်သမျှ ရဲ့ ၂.၅ % (တစ်နည်း) တစ်ထောင်ကျပ်လျှင် နှစ်ဆယ့်ငါးကျပ် နှုန်းနဲ့ပေးလှုရတာပါ။ ပိုင်ဆိုင်သမျှဆိုတဲ့ အထဲ အမျိုးသမီးတွေရဲ့ လက်ဝတ်လက်စားတွေရောပါလားလို့မေးစရာရှိပါတယ်။ လက်ဝတ်လက်စား ပေါ်ဇကားသ်ပေးရခြင်း၊ မပေးရခြင်းနဲ့ ပတ်သတ်ပြီး အဆိုကွဲပြားပါတယ်။ သို့သော်ပို ခိုင်လုံ တဲ့ ဟဒီးစ်အဆိုကတော့ ပေးရတယ် ဆိုတဲ့အဆိုပါ။ ဒီတော့ လက်ဝတ်လက်စား နိစွားဗ် အတိုင်းအတာ ပိုင်သူတွေအနေ နဲ့ ပေးတာပိုကောင်းပါတယ်။ အလှုအတန်းလုပ်ရင် ပိုပြီးတိုးပွါးစေမယ့် အကြောင်း အလ္လာဟ်အရှင်မြတ်က

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် (၂)၊ အာယဟ်တော် (၂၇၆) မှာ အခုလိုမိန့်တော်မူထားပါတယ်။

"အလ္လာဟ်အရှင်မြတ်သည် အတိုးအညွန့်ကို ဆုတ်ယုတ်ပျက်စီး စေတော်မူ၍ (ပေးကမ်းစွန့်ကြဲ သုံးစွဲကြကုန်သော) အလှုဝတ္တုများကိုမူ(ဆထက် ထမ်းပိုး) တိုးပွါးစေတော်မူ၏။ ................."

အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်က ကတိ ပေးထားတာပါ။ ဒီတော့ လှုကြပါ။ ဇကားသ်ဆိုင်ရာ ဟဒီးစ်တော်တွေလည်းအများကြီးပါ။ မိမိဘာသာ လေ့လာကြပါ။ အင်ရှာအလ္လာဟ်ဟုသအာလာ နောက်ပို့စ် မှာ ဇကားသ်စားထိုက်သူတွေစာရင်းကို ရှင်းလင်းချက်လေးတွေနဲ့ တစ်ကွတင်ပြပေးပါ့မယ်။

လေးစားပါတယ်ဗျာ
The Sage

Tuesday, August 18, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(6)

သရာဝီးဟ် နဲ့ပတ်သတ်လို့ ဆက်လက်ရေးသားပါပြီ။ သရာဝီးဟ်ဆွလားသ် ကို နှစ်ရကအသ် တစ်ခါ စလာမ် ပို့ခြင်းအားဖြင့် ဝတ်ပြုရပါတယ်။ ဝိသိရ် (၃) ရကအားသ် အပါအဝင် စုစုပေါင်း (၁၁) ရကအားသ်ဝတ်ပြုခြင်းဟာ ကိုယ်တော်မြတ် (ဆွလ်လလ္လာဟ်ဟုအလိုင်ဟိဝစ္စလာမ်) ရဲ့ စုန္နဟ်တော် ဖြစ်ပါတယ်။ ရမသွာန်လမှာ ကိုယ်တော်မြတ် ရဲ့ ညဆွလားသ် (ဆွလာသုလ်လိုင်လ်၊ သရာဝီးဟ်) ဟာ ဘယ်သို့ဘယ်ပုံ ရှိခဲ့သလဲလို့ ဆွဟာဗဟ်တစ်ပါးက မိခင်မွန်ကြီး အာအိရှဟ် (ရသွီယလ္လာဟ် ဟုသအာလာအန်ဟာ) သခင်မ ကိုမေးခဲ့တော့.................

အဗူစလမဟ်ဘင်န်အဗ်ဒုရ်ရဟ်မာန်က ပြောပြခဲ့သည်မှာ ရမသွာန်လတွင် အလ္လာဟ့်တမန်တော် ရဲ့ ဆွလားသ်ဟာဘယ်သို့ ဘယ်ပုံ ရှိခဲ့သလဲ လို့ သူက အာအိရှဟ် (ရသွီယလ္လာဟ် ဟုသအာလာအန်ဟာ) သခင်မ ကိုမေးခဲ့ပါတယ်။ သူမက ပြန်ပြောခဲ့တာက ရမသွာန်လမှာ ဖြစ်စေ၊ ကျန်လတွေမှာ ဖြစ်စေ ကိုယ်တော်မြတ်ဟာ (၁၁)ရကအားသ် ထက် ပိုပြီးဝတ်ပြုခဲ့တာမရှိပါဘူး။ ..................

ဆင့်ပြန်သူ-အဗူစလမဟ်ဘင်န်အဗ်ဒုရ်ရဟ်မာန် (ရသွီယလ္လာဟ် ဟုသအာလာအန်ဟု)။
ကျမ်း-ဆွဟီးဟ်ဗုခါရီ၊ အတွဲ (၃)၊ ကျမ်းငယ်အမှတ် (၃၂)၊ ရမသွာန်လတွင်ညဘက်ဝတ်ပြုခြင်းဆိုင်ရာကျမ်းငယ်၊
ဟဒီးစ်အမှတ် (၂၃၀)။

ဒီတော့ သိရတာက စုန္နဟ်တော်အရ ရမသွာန်လ ရဲ့ ညဆွလားသ် (သရာဝီးဟ်) ဟာ (၁၁) ရကအားသ်ပါ။သို့သော် နဝါဖိလ်အနေနဲ့ (၁၁) ထက်ပိုပြီးတော့ ဖတ်ရင် လည်းရပါတယ်။ ရမသွာန်လမှာ တတ်နိုင်သလောက်ဆွလားသ် များများဝတ်ပြုလေ ကောင်းလေပါ။ တစ်ခုတော့ ရှိတယ်၊ ဆွလားသ်ဝတ်ပြုရင် ကိုယ့်ဟာကိုယ်တစ်ဦးတည်း ဖြစ်ဖြစ်၊ အီမာမ်ကဦးဆောင်ရင် ဖြစ်ဖြစ် ကိရာအသ်ကို ဖြည်းဖြည်းမှန်မှန် ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ်ဖို့အလွန်အရေးကြီးပါတယ်။ ပြီးတော့ ဆွလားသ် ရဲ့ လှုပ်ရှားမှု တွေပြောင်းရင်လည်း ဖြည်းဖြည်း မှန်မှန် တိတိကျကျပြုရပါ့မယ်။ (ဥပမာ- အလ္လာဟ်ဟုအက်ဗရ် အလ်ဟမ်ဒု {အမြန် အမြန် အမြန် အမြန် } သွားလီန်၊ စဗ္ဗိဟိစ်မ {အမြန် အမြန် အမြန် အမြန် လျှာတွေလိပ် ၊ လျှာတွေခေါက် ခလုတ်တွေတိုက် } အိဗ်ရာဟီးမ ဝ မူဆာ၊ အလ္လာဟ်ဟုအက်ဗရ်၊ {ရူကူမှာ-စွန်စွန်စွန်} စမိအလ္လာဟု လိမန်ဟမိဒဟ် {တစ်ဆက်တည်း} အလ္လာဟ်ဟုအက်ဗရ် {စိဂ်ျဒဟ်မှာ- စွန်စွန်စွန်} အဲလိုတွေ မဖတ်ရပါဘူး။ အဲလိုဖတ်ရင် အပြစ်တွေထိုက်ပါတယ်။ အရမ်းအရေးကြီးတဲ့ အချက်ပါ။ ဘယ်လိုဆွလားသ် ဘဲဝတ်ပြုပြု အေးအေးသက်သာုံမှန်လေးနဲ့ဝတ်ပြုရပါတယ်။ အဲသလို အလ်ထရာဆိုးနစ် ကြက်အစာကောက်ကျီးကန်းတောင်းမှောက် ဆွလားသ် မျိုးကို ဂျမာအသ်နဲ့ ဝတ်ပြုမယ့်အစားကိုယ့်ဟာ ကိုယ် တစ်ဦးတည်း (သို့မဟုတ်)မိသားစုဝင်တွေကို ဦးဆောင်ပြီး ကိုယ့်အိမ်မှာကိုယ်မှန်မှန်ကန်ကန်တိတိကျကျလေး ဝတ်ပြုတာက ပိုကောင်းပါတယ်လို့ ကျွန်တော် ခံယူထားပါတယ်။ (ကျွန်တော်ဟာ အဲသလို အလ်ထရာဆိုးနစ် ဆွလားသ် ကို မဖတ်ချင်လို့ကိုယ့်ဟာ ကိုယ်အိမ်မှာဘဲ(၁၁)ရကအားသ်ဝတ်ပြုလေ့ရှိပါတယ်။)

နောက်တစ်ချက်က သရာဝီးဟ် (၁၁) ရကအားသ်ဖတ်တဲ့လူက (၁၁) ထက်ပိုဖတ်တဲ့လူကို၊ (၁၁) ရကအားသ်မက ဖတ်တဲ့ လူက(၁၁) ရကအားသ် ဖတ်တဲ့လူကို ထိပါးစော်ကားပြောတာမျိုးမလုပ်သင့်ပါဘူး။ မုဖ်သီဆိုတဲ့လူတစ်ယောက် ရမသွာန်လ မှာ ဗလီ မင်မ်ဘရ် ပေါ်ကနေ ဒေါသတကြီး (၁၁) ရကအားသ် ဖတ်တဲ့ မုစ်လင်မ်တွေကို နှိပ်ကွပ် နေတဲ့ မတရား ဟောတာကို (တရားမဟုတ်ပါ) ကက်ဆက်ခွေ ကတစ်ဆင့် နားထောင်ဖူးပါတယ်။သရာဝီးဟ် (၈) ရကအားသ် (ဝိသိရ် ၃ ရကအားသ်မပါ) ဖတ်တဲ့သူတွေက ငပျင်းတွေတဲ့၊ ဒီကောင်တွေ (ဒီကောင်တွေလို့ကိုသုံးပြီးမိုက်ရိုင်းတာနော်) ဝါဖြေပြီး ဗိုက်လေးလို့ (၈) ရကအားသ် ဖတ်တာတဲ့။ အဲဒီကောင်တွေကို ဖိနပ်နဲ့ ရိုက်ရမယ်တဲ့။ အဲဒါကိုကြားပြီး အနားမှာရှိတဲ့ (၁၀) နှစ်သားအရွယ် တူလေးက အဲဒီဆရာ ကိုမေးရမယ်တဲ့၊ ကျွန်တော်တို့ကို ငပျင်းလို့ပြောရအောင် ဆရာ့သရာဝီးဟ် နဲ့ ကျွန်တော်တို့ သရာဝီးဟ်ဘယ်ဟာက ပိုကြာလည်းဆိုတာ ပြိုင်မလားလို့။ ကလေးဆိုတော့လည်း ကလေးစကားပေါ့။ ဒီတော့ အဲဒီ မုဖ်သီ ဆိုသူ ဟာဘယ်သူ့ကိုတောင်စော်ကားရာ၊ မိုက်ရိုင်းရာရောက်သွားသလဲ စဉ်းစားကြပါ။ ပါးစပ်သရမ်းပြီးအဲဒါမျိုးတွေ မပြောမိဖို့အရေးကြီးတယ်နော်။ လန်ဘားကုရ်သာကြီးဝတ်၊ စုန္နဟ်တော် မုတ်ဆိတ် နဲ့၊ နေရူးတိုပီ (တိုပီ=ဦးထုပ်) လေးဆောင်းပြီး အလွန်မိုက်ရိုင်းတတ်တဲ့ အဲဒီလူဟာ မုဖ်သီလား၊ မုဖသီယာ လား သူ့ဟာသူစဉ်းစားပြီးသော်ဝ်ဗဟ် လုပ်ရင် သူ့အတွက်ကောင်းလိမ့်မယ်။ ကျွန်တော် ကတော့ အမြင်မတော်ရင် အမှန်ကို ဒဲ့ဒိုး ပြောတတ်တယ်နော်။ ရှူးဂါးကိုတဒ် မဟုတ်တဲ့ ဆေးခါးကြီးဆိုတော့ အဝင်ဆိုးရင်ဆိုးမယ်၊ ကြိတ်မှိတ်ပြီး သာမျိုချလိုက်၊ ဆေးပတ်လည်တာနဲ့ ရောဂါပျောက်သွားမယ် (အင်န်ရှာအလ္လာဟ်ဟုသအာလာ)။

ဪ........ရေးဖို့ကျန်သွားတယ်။ မေ့တော့မလို့ တော်သေးတယ်။ ဆွဟာဗဟ်ကြီး အုမရ်ဖွာရူးက် (ရသွီယလ္လာဟ်ဟုသအာလာ အန်ဟု) သခင်လက်ထက်မှာ ဟာဖိဇ်ဆွဟာဗဟ်ကြီးနှစ်ပါးကို အီမာမ်တာဝန်ပေးပြီး အခြားဆွဟာဗဟ်တွေရဲ့ ဂျမာအသ်ကို သရာဝီးဟ်ဦးဆောင် စေခဲ့ပါတယ်။ ရမသွာန်တစ်လလုံး သရာဝီးဟ် မှာ ကုရ်အာန်အစအဆုံး ဂျမာအသ်နဲ့ ဖတ်ခြင်း ဟာအဲဒီအချိန်ကစတင်ခဲ့တာပါ။ ကိုယ်တော်မြတ်နဲ့ ပထမခလီဖွာကြီး အဗူဗကရ် လက်ထက်မှာ တော့ သရာဝီးဟ်မှာ ကုရ်အာန်အစအဆုံး ဂျမာအသ်နဲ့ ဖတ်ခြင်းအလေ့အထ မရှိခဲ့ပါဘူး။ အုမရ်သခင်လက်ထက်မှာ ဖတ်တဲ့ ရကအားသ် အရေအတွက်နဲ့ ပတ်သတ်ပြီး အဆိုကွဲတွေ အများကြီးရှိပါတယ်။ (၁၁) ရကအားသ် အဆိုလည်းရှိသလို၊ (၂၃) ရကအားသ် အဆိုလည်း ရှိပါတယ်။ ဖွိကဟ်ပညာရှင်ကြီး အများစုကတော့ (၂၃) ရကအားသ် ကို လက်ခံ ကျင့်သုံး ကြတယ်လို့ အီမာမ်သိရ်မိဇီက သူ့ရဲ့ ဂျာမိအုသ် သိရ်မိဇီ ကျမ်းမှာ ရေးသားထားပါတယ်။

ဒီတင်ဘဲ သရာဝီးဟ် အကြောင်းရေးသားလို့ပြီးပါပြီခင်ဗျား။

ဝလ္လာဟ်ဟုအအ်လမ်၊ ဝစ္စလာမ်။

လေးစားပါတယ်ဗျာ
The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(5)

ဒီပို့စ်ကနေအစပြုလို့ ခေါင်းစဉ်ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ သရာဝီးဟ်အကြောင်းကို ရေးပါ့မယ်။

"သရာဝီးဟ်" ဆိုတာက ရမသွာန်လရဲ့ ညဘက်တွေမှာ (အိရှာဆွလားသ်အပြီး) ဂျမာအသ်နဲ့ဆွလားသ် ဝတ်ပြုခြင်းကို ခေါ်တာပါ။ အချိန်အကန့်အသတ်ဘောင်ကတော့ အိရှာအပြီးမှ ဖွဂျရ်ဆွလားသ် အချိန်မစခင်အထိပါ။ ရမသွာန်လမှာ ညဘက်ဆွလားသ်ဝတ်ပြုဖို့ကိုယ်တော်မြတ် (ဆွလ်လလ္လာဟ်ဟု အလိုင်ဟိဝစ္စလာမ်) ကတိုက်တွန်းထားကြောင်း ဆွဟီးဟ်ဗုခါရီကျမ်းမှာ ခုလိုလာရှိပါတယ်။

အလ္လာဟ့်တမန်တော်က ရမသွာန်လနှင့်ပတ်သတ်၍ (ဤသို့) မိန့်တော်မူခဲ့သည် ကို ကျွန်တော်ကြားခဲ့ရပါသည်။
တစ်စုံတစ်ယောက်သည် ရမသွာန်လတွင် ရိုးသားဖြူစင်သောစိတ်ဓာတ်နှင့် အလ္လာဟ်အရှင်မြတ်အထံတော်မှအကျိုး
မျှော်ကိုးပြီး ညဘက်တွင်ဆွလားသ်ဝတ်ပြုပါက ထိုသူ၏အတိတ်မှ အပြစ်များအားလုံးသည်ခွင့်လွှတ်ခြင်းခံရမည်
ဖြစ်သည်။


ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ်ဟုသအာလာ) သခင်ကျမ်း-ဆွဟီးဟ်ဗုခါရီကျမ်း၊ အတွဲ (၃) ကျမ်းငယ် အမှတ် (၃၂) ရမသွာန်လတွင် ညဘက်ဝတ်ပြုခြင်း ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် (၂၂၆)။

ဗုခါရီကျမ်းလာနောက်ဟဒီးစ်တော်တစ်ပုဒ်မှာတော့

တစ်ညမှာ ကိုယ်တော်မြတ် (ဆွလ်လလ္လာဟ်ဟုအလိုင်ဟိဝစ္စလာမ်) ဟာ ဗလီထဲမှာ ဆွလားသ်ဝတ်ပြုခဲ့ပါတယ်။ အခြား သူတွေဟာ ကိုယ်တော်မြတ်နောက်ကနေလိုက်ဝတ်ပြုခဲ့ကြတယ်။ နောက်ညမှာလည်းကိုယ်တော်မြတ်ဟာ ဆွလားသ် ဝတ်ပြုခဲ့တယ်။ လူတွေအများကြီးစုသွားခဲ့တယ် (လူတွေအများကြီးက နောက်ကနေလိုက် ဝတ်ပြုခဲ့တယ်)။ တတိယနဲ့စတုတ္ထညမှာ လူတွေပိုများလာခဲ့တယ်၊ ဒါပေမယ့် ကိုယ်တော်မြတ်က (ဆွလားသ် ဦးဆောင်ဝတ်ပြုဖို့)ထွက်မလာခဲ့ဘူး။ မနက်ကျတော့ ကိုယ်တော်မြတ်ကမိန့်တော်မူတယ်၊ "သင်တို့ဘာလုပ်နေခဲ့လဲဆိုတာ ငါကိုယ်တော်တွေ့တယ်၊ (သင်တို့ဆွလားသ်ဝတ်ပြုဖို့စောင့်နေတာကို) သင်တို့အပေါ် ဖွရဇ်ဖြစ်သွားမှာ ငါကိုယ်တော် စိုးရိမ်လို့ ထွက်မလာခဲ့တာပါ။"အဲဒါရမသွာန်လရဲ့ညမှာပါ။

အထက်ပါဟဒီးစ်တော်တွေ အရ သိရတာက ရမသွာန်လရဲ့ ညတွေမှာ ဆွလားသ်ဝတ်ပြုခြင်း (သရာဝီးဟ်) ဟာအလွန်ကိုကောင်းမြတ်ပြီးအကျိုးဆွဝါးဗ်ရတဲ့ ကျင့်စဉ် ဖြစ်ပေမယ့် ဖွရဇ် မဟုတ်ဘူး၊ ဝါဂျိဗ်မဟုတ်ဘူး ဆိုတာပါ။ တတ်နိုင်တဲ့လူဝတ်ပြု၊ မတတ်နိုင်တဲ့လူ မဝတ်ပြုလို့ရပါတယ်။ တစ်ချို့လူတွေဟာ သရာဝီးဟ် ဆွလားသ်ကို ဖွရဇ်လိုလို ဝါဂျိဗ်လိုလို မှတ်ယူပြောဆို တတ်ကြပါတယ်။ တစ်ချို့က ဘယ်လောက်တောင် ပြောကြထင်မှတ်ကြသလဲဆိုရင်၊ သရာဝီးဟ်မဖတ်ရင် ဘဲ ဆွိယာမ်အထမမြောက်သယောင်ယောင်၊ အလွန်ငရဲကြီး သယောင်ယောင်။ တစ်ချို့က "ကျွန်တော့်မှာ အစာအိမ်ရှိတယ်" ဆိုပြီး (အစာအိမ်ရှိတယ် သာပြောတာ ဆေးလိပ်နဲ့ကွမ်းကတော့ မပြတ်) နေ့ဘက်သာဆွိယာမ် မထားတာ ညဆိုရင်တော့ သရာဝီးဟ်
ကိုတော့ ပုံမှန်ဖတ်ကြတယ်။ အရေးကြီးတာနဲ့ အရေးမကြီးတာ ဘယ်ဟာကို ဦးစားပေးရမှန်းမသိကြဘူး။ အဲ.......တစ်ချို့တစ်ကယ်ဘဲ ဝေဒနာကြောင့် ဆွိယာမ်မထားနိုင်တဲ့ သူတွေ သရာဝီးဟ် ကို ကြိုးစားပမ်းစား ဖတ်ရှာတာတော့ ချီးကျူးစရာပါ။အဓိက က ဆွိယာမ်ပါ။ တော်ရုံတန်ရုံ အစာအိမ်အချဉ်ပေါက်တတ်တဲ့ သူမျိုးက ဆွိယာမ်ဆောက်တည်ရင် ဘာမှမဖြစ်တဲ့အပြင် ရောဂါတောင် ပိုသက်သာလာတယ်ဆိုတာ လက်တွေ့ စမ်းသပ်ကြည့်သူတွေသိသွားမှာပါ။

ရေးပါဦးမယ်။

လေးစားပါတယ်ဗျာ
The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(4)

လမြတ် ရမသွာန်၊ ဆွိယာမ် နဲ့ ပတ်သတ်တဲ့ အမိန့်တော် ၊ ထူးမြတ်မှု တွေ ကို ကုရ်အာန် အာယဟ်တော် နဲ့ဆွဟီးဟ်ဟဒီးစ်တော် တွေကို ကိုးကားပြီး အကျဉ်းရုံး တင်ပြပြီးပါပြီ။ ယခုတစ်ခါ ဆွိယာမ် ရဲ့ ဥပဒေစည်းကမ်းတွေထဲ က အရေးကြီးတဲ့ အချို့အချက်တွေကို အကျဉ်းချုပ်တင်ပြပေးပါဦးမယ်။ဆွိယာမ် ဟာ အရွယ်ရောက်ပြီးသူ မုစ်လင်မ် အမျိုးသား

အမျိုးသမီးများ (ရူးသွပ်နေသူများ၊ နာမကျန်းသူ များ၊ သဘာဝအရ နေထိုင်မကောင်းသူ အမျိုးသမီးများ၊ ခရီးသည်များမှအပ) အပေါ် ဖရသွ် တာဝန်ရှိပါတယ်။ ခေတ္တ နာမ ကျန်းသူ နဲ့ ခရီးသည် တွေဟာ ပြန်လည် ကျန်းမာလာပြီ၊ ဌာနေရောက်ပြီ ဆိုတာနဲ့ ပျက်ကွက် ခဲ့တဲ့ ဆွိယာမ် အရေအတွက် ကို ပြန် လည်စောင့်ထိန်း ဖို့တာဝန်ရှိပါတယ်။ ဆွိယာမ် မဆောက်တည် နိုင်လောက်အောင် (သို့) ဆွိယာမ်ဆောက်တည် လိုက်ရင် ကျန်းမာရေး ထိခိုက်နိုင်သူ တွေ အသက်အရွယ်ကြီးရင့်သူများ အနေနဲ့ ကတော့ အကယ်၍ တတ်နိုင်ရင်မရှိဆင်းရဲသားတွေကို ပျက်ကွက်သလောက်ရက်တွက်ပြီး တစ်နပ်စာ ကျွေးမွေးရပါမယ်။ သဘာဝအရ နေထိုင်မကောင်းသူအမျိုးသမီးတွေ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ နေထိုင်မကောင်းတဲ့ ကာလပြီးဆုံး မွေးဖွားပြီး ပြန်လည်ပုံမှန် ဖြစ်ပြီပြီဆိုတာနဲ့ ပျက်ကွက်ခဲ့သမျှကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းဖို့တာဝန် ရှိပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၁၈၅ မှာ အလ္လာဟ်အရှင်မြတ်က

..........သို့ဖြစ်လေရာ အသင်တို့အနက်မှ မည်သူမဆို ထို (ရမသွာန်) လမြတ်နှင့် ကြုံကြိုက်ခဲ့ပါလျှင်ထိုသူသည် ယင်းလမြတ်၌ (တလပတ်လုံး) ဥပုသ် သီတင်း ဆောက်တည်ရပေမည်။ သို့ရာတွင် အကြင်သူတစ်ဦးတစ်ယောက် သည် တစုံတရာ ဝေဒနာ စွဲကပ် ၍ မကျန်းမမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက်လျက်ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြားသောနေ့ရက်များတွင် (မိမိ ပျက်ကွက်ခဲ့သော ဥပုသ် ရက် များကို)တွက်စစ်၍ (ဖြည့်စွက်) ဆောက် တည်ရန် တာဝန်ရှိပေသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဘို့သက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဖို့ခက်ခဲ မှု ကိုကား (အလျင်း) လိုလားတော်မူသည်မဟုတ်ချေ။ ထို့ပြင်တဝ(အလ္လာဟ်အရှင်မြတ်သည်) အသင်တို့ (ပျက်ကွက်ခဲ့သော နေ့ရက်) အရေအတွက်ကိုပြည့်စုံ အောင်ပြု စေရန်၎င်း၊ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ် ညွှန်ပြတော်မူသော နည်းလမ်းအတိုင်း ကြီးကဲမြင့်မြတ်တော်မူကြောင်း ရွတ်ဆိုကြရန် ၎င်း (အလိုဆန္ဒ ရှိတော်မူသည်) ၊ သို့မှသာလျှင် အသင်တို့သည် (ထိုအရှင်မြတ် ၏) ကျေးဇူးကိုသိသောသူ များ ဖြစ်ကြရာသည်။

ဆွိယာမ် မဆောက်တည်နိုင်သူတွေ ဟာ မရှိဆင်းရဲသားတွေ ကို ကျွေးမွေးရတယ်ဆိုတဲ့ အမိန့်တော်ကတော့

ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၁၈၄ မှာပါ။

...........တဖန်အကြင်သူတို့သည် ခဲယဉ်းစွာ သီလဆောက်တည် ကြရပါမူ ယင်းသူတို့သည်(ထိုပျက်ကွက်သော နေ့ရက်များ) အစား (တရက်လျှင်) သူဆင်းရဲ တစ်ဦးကို (ထမင်းတရက်စာ) ကျွေးမွေးကြရမည်။

အချို့ပညာရှင်တွေက အထက်ပါအာယဟ် တော်မှာပါတဲ့ "ခဲယင်းစွာသီလဆောက်တည်" ဆိုတဲ့ စာရင်းမှာအသက်အရွယ် ကြီးရင့်သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ မွေးစလသားအရွယ်ကလေးကို မေတ္တာရည် တိုက်ကျွေးအာဟာရ ဖြည့် ပေးနေတဲ့ မိခင်တွေ ကိုထည့်သွင်းနားလည်ထားပါတယ်။ ကျွန်တော်လည်း အဲဒီအဆိုကို လက်ခံပါတယ်။

ဆွိယာမ် ဆောက်တည်နေသူဟာ မိမိ ရဲ့ အတွေး၊ အပြောအဆို၊ အမူအရာ၊ အပြုအမူ တွေကို အထူးထိန်းသိမ်းရပါမယ်။ ဘာလို့လဲ ဆိုတော့ ဆွိယာမ် အထမမြောက်မှာကို စိုးရိမ်ရလို့ပါ။ ဒါနဲ့ပတ်သတ်ပြီး ဆွဟီးဟ်ဗုခါရီကျမ်းလာ ဟဒီးစ်တော်တစ်ပုဒ် ကို တင်ပြပေးပါ့မယ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်တော် မူ ခဲ့သည်မှာ၊ "အချည်းနှီး အကျိုးမဲ့ စကားပြောဆိုခြင်း၊ မကောင်းမှုများ ကို ကျူးလွန်ခြင်း ကိုမစွန့်လွှတ်သောသူ ၏ စားဖွယ် သောက်ဖွယ် စွန့်လွှတ်မှု(ဆွိယာမ်) ကို အလ္လာဟ်အရှင်မြတ် သည် အလိုမရှိပေ။"

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)

ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၃) ကျမ်းငယ်အမှတ် (၃၁) ဆွိယာမ်ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် ၁၂၇။

အထက်ပါဟဒီးစ် တော်ပါ "အချည်းနှီး အကျိုးမဲ့ စကားပြောဆိုခြင်း၊ မကောင်းမှုများ ကို ကျူးလွန်ခြင်း" ဆိုတာ ဘာကိုဆိုလိုလဲဆိုတော့ လိမ်ညာမုသားပြောဆိုခြင်း၊ နောက်ကွယ် အတင်းပြောခြင်း၊ သူတစ်ပါးအား ရှုံ့ချပြောဆိုခြင်း၊ ခိုးဝှက်ခြင်း၊ သူတစ်ပါးအား သက်သက်အနိုင် ကျင့်ခြင်း၊ သူတစ်ပါးအား ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ နာကျင်အောင်ပြုခြင်း၊ တရားတော်မှတားမြစ်ထားသော ကိစ္စများခိုးပြုခြင်း (ဥပမာ-သီချင်းနားထောင်ခြင်း၊ ဇာတ်လမ်းရုပ်ရှင်ကြည့်ခြင်း၊ ပွဲလမ်းသဘင်သွားခြင်း၊ ကာမဂုဏ်ကိစ္စများကို အတား အဆီးမရှိတွေးတောခြင်း၊ သာယာစေရန်တမင်တွေးခြင်း စတဲ့ အချက်တွေကို ဆိုလိုတာပါ။ ဒီတော့ ဆွိယာမ် ဆောက်တည်တဲ့ သူဟာ အထူး ထိန်းထိန်း သိမ်းသိမ်းသတိကြီးကြီးနဲ့ နေထိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အထက်မှာဖော်ပြထားတဲ့ ပုံစံမျိုးတွေကို သာမန်အချိန်တွေ မှာ ပြုမိရင် သာမန်အပြစ်ထိုက်ပြီး ဆွိယာမ် ဆောက်တည်နေတဲ့အချိန်မှာ ပြုမိရင်တော့ အလ္လာဟ်အရှင်မြတ် အလိုမရှိတော်မူတဲ့ စာရင်းဝင် ဖြစ်သွားမှာမို့လို့ပါ။

ဆွိယာမ်နဲ့သက်ဆိုင်တဲ့ ဆောင်ရန် ၊ ရှောင်ရန် အသေးစိတ်တွေကိုတော့ မိမိတို့ မတ်စ်လတ်က် အလိုက်နီးစပ်ရာအာလင်မ် တွေထံမှာမေးမြန်းကြပါ။ မေးမြန်းရင်လည်း ကုရ်အာန် ဟဒီးစ် အထောက်အထားတောင်းဆိုပါ။

ပို့စ်ခေါင်းစဉ် ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ "လမြတ်ရမသွာန်၊ ဆွိယာမ်.........." ကို ဒီတင်ဘဲ အဆုံးသတ်လိုက်ပါရစေ။

လေးစားပါတယ်ဗျာ

The Sage

Saturday, August 15, 2009

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (9)

အလ်ဟဂ်ျရ် အလ်အဆ်ဝဒ် (ကျောက်နက်တုံး) အငြင်းပွါးမှု

ကိုယ်တော်မြတ်၏ သက်တော် သုံးဆယ့်ငါးနှစ် အရွယ်တွင် ရေလွှမ်းမိုးမှုကြီး တစ်ခုကြောင့် ကအ်ဗဟ် ကျောင်းတော် ပျက်စီးယိုယွင်း ခဲ့ရ လေသည်။ ကအ်ဗဟ် ကျောင်းတော် နံရံများသည် ရေမလွှမ်းမိုးမှီအလျှင်က ဖြစ်ပွါးခဲ့သော မီးလောင်မှု တစ်ခု ကြောင့် အတန် ပျက်စီးနေခဲ့ပြီး ရေလွှမ်းမိုးသည့်ဒဏ်ကြောင့်ပို၍ ပျက်စီးသွားခဲ့လေသည်။ ကုရိုက်ရှ် တို့အထွတ်အမြတ်ထားရာ အဆောက်
အအုံ သည်ပြိုကျ ပျက်စီးတော့မည့် အလားပင်။

သူတို့အထွတ်အမြတ်ထားရာ အဆောက်အအုံ ပြိုကျ ပျက်စီးမည့် အရေးကို စိုးရိမ်ပြီး ကုရိုက်ရှ် တို့သည် ကအ်ဗဟ် ကျောင်းတော်ကို ပြန်လည် မွမ်းမံ တည်ဆောက်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ကအ်ဗဟ် ကျောင်းတော် ပြန်လည် မွမ်းမံ တည်ဆောက် သည့် စီမံကိန်း တွင် ပြည့်တန်ဆာလုပ်ငန်း၊အတိုးအညွန့်စားခြင်း၊ မတရားရယူထားသော ငွေကြေး၊ ပစ္စည်း စသည်တို့ကို လုံးဝမပါဝင်စေရဟု စည်းကမ်းသတ်မှတ် ခဲ့ကြသည်။

ကအ်ဗဟ် ကျောင်းတော် ကို မွမ်းမံတည်ဆောက်ရန် နံရံများကို ဖြိုချရမည် ဖြစ်ရာ၊ထိုသို့ဖြိုချ လျှင် အလ္လာဟ်အရှင်မြတ်သည် ကျောင်းတော်အား လက်ရောက်သူ အား ပြစ်ဒဏ် ခတ်မည်ကို စိုးရိမ် မိခဲ့ကြသည်။ သို့သော်ဝလီးဒ် ဘင်န် မုဂီရာ ဆိုသူက "အလ္လာဟ် အရှင်မြတ်သည် ကအ်ဗဟ် ကျောင်းတော် ကိုပြုပြင်ထိန်းသိမ်းရန် ရည်ရွည်ချက်ဖြင့် လက်ရောက်သူတို့အားပြစ်ဒဏ်ခတ်မည် မဟုတ်" ဟုကျွေးကျော်ပြီး ကအ်ဗဟ် နံရံကို ဖြိုချ ရန် ပထမဦးဆုံး အားထုတ်ခဲ့သူဖြစ်သည်။ ဝလီးဒ် ၏ အားထုတ်မှု နှင့် အလ္လာဟ့် ထံမှ မည်သို့သော အပြစ်ဒဏ် မှ မကျရောက်သည်ကို တွေ့ရှိပြီးကျန်သူများကပါကအ်ဗဟ် နံရံများအား စတင် ဖြိုချကြလေတော့သည်။ ကအ်ဗဟ် ကျောင်းတော်၏ နံရံ တို့အား တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) တည်ခဲ့သော အုတ်မြစ်ပေါ်လာသည်အထိ အောင်မြင်စွာ ဖြိုချ နိုင်ခဲ့ကြလေသည်။
၎င်းနောက် မျိုးနွယ်စု အသီးသီးအတွက် သက်ဆိုင်ရာ တာဝန်များချမှတ်ပြီး ကအ်ဗဟ် ကျောင်းတော်တည်ဆောက်သည့် လုပ်ငန်းကို စတင်ခဲ့ကြတော့သည်။ လူအများထဲမှ ဂုဏ်သရေရှိ လူများသည်ကျောက်တုံးများကို သယ်ယူလာကြပြီးကျောင်းတော်အနီးတွင် ပုံထားကြလေသည်။ ကိုယ်တော်မြတ်သည်လည်း သူ၏ ဦးလေးတော် အဗ္ဗားစ်နှင့် အတူကျောက်တုံးသယ်သည့်တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ဘကူးမ် အမည်ရှိ ရောမ လူမျိုး ပန်းရန် ပညာရှင်သည် ကအ်ဗဟ် ကျောင်းတော် တည်ဆောက်ရာအလုပ်တွင် ဦးဆောင်ခဲ့သည်။ ကုရိုက်ရှ်တို့သည် ကအ်ဗဟ် ကျောင်းတော်ကို အပြီးသတ် တည်ဆောက်ရန် လိုအပ်သော ငွေကို မစုဆောင်း နိုင်ခဲ့သဖြင့် မြောက်ဖက်နံရံနေရာတစ်ခုတွင် ကိုးပေခွဲခန့် ဧရိယာကိုသာ လွှမ်းခြုံနိုင်သော နံရံလေး တစ်ခုသာ တည်ဆောက်နိုင်ခဲ့ပြီး ထိုနံရံလေးအား ဟိဂ်ျရ် အိစ်မာအီလ် ဟုခေါ်ဆိုခဲ့ကြသည်။ နံရံတည်ဆောက်ရင်း အလ်ဟဂ်ျရ် အလ်အဆ်ဝဒ် (ကျောက်နက်တုံး) ထားရှိမည့် နေရာသို့ရောက်သောအခါ အငြင်းပွါးမှု တစ်ရပ် စတင်လေတော့သည်။
အားလုံးသော အနွယ်ခေါင်းဆောင်တို့က ကျောက်နက်တုံး ကို ကျောင်းတော်နံရံတွင်း ထည့်သွင်းသည့်တာဝန်ကို ယူလိုကြသည်။ ဤ အငြင်းပွါးမှုသည် လေးငါးရက်ခန့်ကြာမြင့်လာပြီး သွေးထွက်သံယို ဖြစ်ကြမည့် အခြေအနေ သို့ပင်ဆိုက်ရောက်ခဲ့ပေသည်။ထိုစဉ် လူအများထဲမှ အသက်အရွယ်အကြီးဆုံးဖြစ်သော အဗူ အုမိုင်ယ်ယာက အငြင်းပွါးမှုကို ပြေလည်စေမည့် အကြံပေးချက် တစ်ခုကို တင်ပြခဲ့လေသည်။သူ ၏ အကြံပေးချက်ကို အားလုံးက သဘောတူခဲ့လေသည်။ ထိုအကြံပေးချက်ကား ကအ်ဗဟ်ကျောင်းတော် အဝင်ဝ မှပထမဦး ဆုံး ဝင်ရောက်လာမည့် သူအား အငြင်းပွါးမှုကို ဖြေရှင်းရန်အာဏာလွှဲအပ်ရမည်ဟူ၍ပင်။ အလ္လာဟ်အရှင်မြတ်၏ အလိုတော်အရ ကအ်ဗဟ်ကျောင်းတော် အဝင်ဝ မှပထမဦး ဆုံး ဝင်ရောက်လာသူသည် ကိုယ်တော်မြတ် ဖြစ်နေလေသည်။
"ဟာ-မုဟမ္မဒ်ပါလား!!! သူက သစ္စာရှင် ဘဲ၊ ဒီတော့တို့အားလုံး သူ့ရဲ့ အဆုံးအဖြတ်ကို ခံယူကြမယ်"။ လူတို့က ဤသို့ ရေရွတ်ခဲ့ကြသည်။ သို့နှင့် ကိုယ်တော်မြတ်အားအကျိုးအကြောင်းရှင်းပြ ခဲ့ကြပြီးနောက် ကိုယ်တော်မြတ်က ပိတ်စ ကြီးကြီး တစ်စယူလာရန်ပြောလေသည်။ ထို့နောက် ကိုယ်တော်မြတ်သည် ကျောက်နက်တုံးအားထိုပိတ်စပေါ်တွင် တင်ထားခိုင်းပြီး မျိုးနွယ်အသီးသီး၏ ခေါင်းဆောင် အသီးသီးတို့အား ပတ်စကြီး၏အနားသတ်များကို ကိုင်ခိုင်းပြီး ပိတ်စကြီးအား တစ်ညီတစ်ညွတ်တည်း မခိုင်းလိုက်လေသည်။ ခေါင်းဆောင်အားလုံးတို့က ကျောက်နက်တုံးကို တင်ထားသော ပိတ်စကြီးအားမပြီး ကျောက်နက်တုံး ထည့်သွင်းမည့် နံရံ ပေါက် အား တည်ပြီးသော်၊ ကိုယ်တော်မြတ်သည် ယင်း ကျောက်နက်တုံး အားသူ၏လက်တော်တို့ဖြင့်
နံရံပေါက်တွင်းသို့ တွန်းသွင်းလိုက်လေတော့သည်။ ကိုယ်တော်မြတ် ၏ ဤဆုံးဖြတ်ချက်နှင့် အမှုကို ခေါင်းဆောင်အားလုံးက အလွန်ကျေနပ် ပျော်ရွှင်ခဲ့ကြလေသည်။ ဤသို့ဖြင့်ကိုယ်တော်မြတ်သည် အလ်ဟဂ်ျရ်အလ်အဆ်ဝဒ် (ကျောက်နက်တုံး) အငြင်းပွါးမှု ကြီးကို ဖြေရှင်းပေးခဲ့သည်။

နောက်ရေးသားမည့်ခေါင်းစဉ်- တမန်တော်မဖြစ်ခင်က ကိုယ်တော်မြတ်
(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ စာရိတ္တတော်

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (8)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ အသက်မွေးဝမ်းကျောင်း

ဖခင် ၊ မိခင် နှင့် အဘိုးတို့ ဆုံးပါးပြီးနောက် ဦးလေးတော် ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာရသော ကိုယ်တော်မြတ် သည် ဆက်ခံစရာ မည်သည့်အမွေမှ မရှိသည့် ဆင်းရဲသား တစ်ဦး ဘဝဖြင့်သာရှိနေလေသည်။ အစတွင် မိမိ အသက်ရှင်နေ ထိုင် ဖို့ရာ အလုပ်အကိုင် အဖြစ် ဗနူ စအဒ် အနွယ် ပိုင်ဆိတ်များကို ကျောင်းခဲ့သော် လည်း ဆီးရီးယားမရောက်ခင် မက္ကဟ် သို့ လှည့် ပြန်လာခဲ့သည့် ခရီးစဉ် နောက်ပိုင်းမှစ၍ ကုရိုက်ရှ်တို့၏ ဆိတ်များကိုအဖိုးအခအနည်းငယ်မျှသာယူ၍ ကျောင်း ခဲ့လေသည်။

ဆိတ်ကျောင်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ခြင်း သည် တမန်တော်ဖြစ်ခြင်း၏ လက္ခဏာများအနက် တစ်ခုဖြစ်ကြောင်း တမန်တော်ဖြစ်ပြီးနောက်တွင် ကိုယ်တော်တိုင်ကမိန့်တော်မူခဲ့လေသည်။ "အလ္လာာဟ် တမန်တော်များအနက် ဆိတ်၊ သိုး ကျောင်းသည့် အလုပ်ကို မလုပ်ကိုင်ခဲ့ဖူးသည့် သူတစ်ဦးတစ်ယောတ် မှမရှိ" ဟု။ ကိုယ်တော်မြတ်၏ မှန်ကန်တိကျသစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှု တို့ကြောင့် လူအများက ကိုယ်တော် အား "အလ်အမီန်း" (သစ္စာရှင်) ဟူသော ဂုဏ်ထူးဖြင့် ခေါ်ဝေါ် လာကြလေသည်။

ခဒီဂျဟ် (ရသွီယလ်လာဟုသအာလာအန်ဟာ) သခင်မ ၏ လူယုံတော် အဖြစ်

ကိုယ်တော်မြတ် သည် "အလ်အမီးန်" ဟူသော ဂုဏ်ထူး ဖြင့်ထင်ရှားလာသောအခါ မက္ကဟ်မြို့ရှိ ချမ်းသောသော မုဆိုးမ တစ်ဦးဖြစ်သည့် ခဒီဂျဟ် ဘင်န်သိ ခုဝိုင်လိဒ် က သူမ ပိုင်ဆိုင်သော ကုန်စည်တို့အား ဆီးရီးယားသို့ သွားရောက် ရောင်းချကုန်သွယ်ရန် ကိုယ်တော်မြတ်အား ကမ်းလှမ်း၍ လူယုံတော်အဖြစ် ခန့်အပ်လိုက်လေသည်။ သူမသည် ဂုဏ်သရေရှိ ကုရိုက်ရှ် မိသားစုမှဖြစ်ပြီး ချမ်းသာကြွယ်ဝသော်လည်း အမျိုးသမီးဖြစ်သည့်အားလျော်စွာ သူမ၏ ကုန်စည်များအား နိုင်ငံရပ်ခြားသို့သွားရောက် ရောင်းချပေးရန် လူယုံတော် ခန့်အပ်လေ့ရှိသည်။

လုလင်ပျို မုဟမ္မဒ် သည် ခဒီဂျဟ် ၏ ကျွန်တစ်ဦးဖြစ်သည့် မိုင်စရဟ် နှင့်အတူ ကုန်စည်များ ကိုယူဆောင်၍ ဆီးရီးယားသို့ ခရီးထွက်လေသည်။ ထိုကုန်ခရီးသည် အလွန်အောင်မြင်ပြီးအလွန်အမြတ်အစွန်း ရ ခဲ့သောခရီးတစ်ခု ဖြစ်ခဲ့ပြီး မက္ကဟ်မြို့သို့ ပြန်ရောက်သောအခါ ရရှိခဲ့သမျှအမြတ်အစွန်းအားလုံးအား ခဒီဂျဟ် ထံသို့ အပ်နှံခဲ့လေသည်။

ခဒီဂျဟ် သခင်မနှင့် ထိမ်းမြားတော်မူခြင်း

ခဒီဂျဟ် သည် သူမဘဝတွင် နှစ်ကြိမ် မုဆိုးမ ဖြစ်ခဲ့ ရရှာသူ တစ်ယောက်ဖြစ်သည်။သူမသည်ပထမဦးဆုံး အသီးက် ဘင်န် အရဲဒ် နှင့်လက်ထပ်ခဲ့ပြီး အသီးက် ကွယ်လွန် သောအခါ အဗူဟလာ နှင့် လက်ထပ်ခဲ့လေသည်။ အဗူဟလာ နှင့်သားတစ်ဦး ထွန်းကားခဲ့သည်။ အဗူဟလာကွယ်လွန်သောအခါ ကုရိုက်ရှ် မှ ခေါင်းဆောင်အသီးသီးတို့က သူမအား ထိမ်းမြားရန် ကမ်းလှမ်းခဲ့သည်။ သို့ရာတွင် သူမသည် မည်သူ၏ ကမ်းလှမ်း ချက်ကိုမှ လက်မခံခဲ့ပေ။ သူမ၏ ကျွန် မိုင်စရဟ် ထံမှမုဟမ္မဒ်၏ စာရိတ္တ၊ အရည်အချင်းနှင့် ပတ်သတ်သည့် လျှောက်တင်ချက်ကို ကြားရသည့် အခါသူမသည် မုဟမ္မဒ်အား သူမ၏ဘဝ ကြင်ဖော် အဖြစ် လက်တွဲရန် စဉ်းစားမိလေတော့သည်။ သို့နှင့် သူမ ၏ မိတ်ဆွေရင်းချာ ဖြစ်သူ နဖီစဟ် မှတစ်ဆင့် မုဟမ္မဒ် ထံ သတင်းပေါက်ကြားစေလိုက်တော့ သည်။ ကိုယ်တော်မြတ် သည် နဖီစဟ် ထံမှ တစ်ဆင့် ကြားရသော သတင်းစကားကို မူတည်၍သူ၏ ဦးလေးတော်များ နှင့်တိုင်ပင်လေသည်။

သူ၏ ဦးလေးများသည်လည်း အချင်းချင်းတိုင်ပင်ကြပြီးနောက် ခဒီဂျဟ် သခင်မ ၏ ဦးလေးဖြစ် သူ အမရ် ဘင်န် အဆဒ် ထံ မုဟမ္မဒ် ၏ မင်္ဂလာစကား ကို ကမ်းလှမ်းခဲ့ကြလေသည်။ အမရ်ဘင်န် အဆဒ် သည် ကမ်းလှမ်းချက်အား သူ၏ တူမတော် ကိုယ်စား ဝမ်းမြောက်စွာ လက်ခံလိုက်လေတော့သည်။ ကိုယ်တော်မြတ်သည် ခဒီဂျဟ်သခင်မ အား မင်္ဂလာဦး လက်ဆောင်အဖြစ်ကုလားအုပ် အကောင်နှစ်ဆယ် (အချို့ ပညာရှင် တို့ အဆိုအရ ကုလားအုပ် ခြောက်ကောင်) ပေးခဲ့လေသည်။ ဗနူဟာရှင်မ် အနွယ်ခေါင်း ဆောင်များနှင့် အခြား ကုရိုက်ရှ် ခေါင်းဆောင်များ ၏ရှေ့မှောက်တွင် လက်ထပ်ထိမ်းမြားခဲ့လေသည်။ အလ္လာဟ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် အဗူသွာလိဘ် သည် မင်္ဂလာဆုံးမစကား (ခုသ်ွဗဟ်) ကို မြွက်ကြားခဲ့လေသည်။ ဤသို့ဖြင့် ကိုယ်တော်မြတ် ဆီးရီးယား ခရီးမှ ပြန်ရောက်ရှိပြီး နှစ်လ နှစ်ရက်အနည်းငယ် အကြာတွင် ကိုယ်တော်မြတ် နှင့် ခဒီဂျဟ် သခင်မတို့ လက်ထပ်ထိမ်းမြား ခဲ့ကြလေသည်။ ထိမ်းမြားစဉ်က ကိုယ်တော်မြတ် ၏ သက်တော် မှာ နှစ်ဆယ့်ငါးနှစ် ရှိပြီး ခဒီဂျဟ် သခင်မ ၏ သက်တော်မှာ လေးဆယ်ရှိလေသည်။ (အချို့အဆိုအရ သူမ၏ သက်တော် နှစ်ဆယ့်ရှစ်နှစ်)။

ခဒီဂျဟ် (ရသွီယလ်လာဟုသအာလာအန်ဟာ) သခင်မ သည် ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ ပထမဦးဆုံးဇနီး ကြင်ရာတော် ဖြစ်ခဲ့သည်။ ခဒီဂျဟ် သခင်မ သက်တော်ထင်ရှားရှိစဉ် ကာလ တွင် ကိုယ်တော်မြတ်သည် အခြား မည်သူနှင့် မျှလက်ထပ်ထိမ်းမြား ခြင်းမပြုခဲ့ပေ။ ခဒီဂျဟ် သခင်မ သည် အိဗ်ရာဟီးမ် သခင်လေး မှလွဲ၍ ကိုယ်တော်၏ ရင်သွေးအားလုံး ၏ မိခင် ဖြစ်ခဲ့ပေ သည်။ မွေးဖွားရာအစဉ်အတိုင်း အမည်နာမတို့ကို ဖော်ပြရသော် ကာစင်မ်သခင်လေး၊ ဇိုင်ယ်နဗ်သခင်မ၊ ရုကိုင်ယ်ယဟ်သခင်မ၊ အုမ်မိကုလ်စူးမ်သခင်မ၊ ဖွာသိမဟ် သခင်မ၊ အဗ်ဒုလ္လာဟ် သခင်လေးတို့ဖြစ် ကြ လေသည်။ အိဗ်ရာဟီးမ် သခင်လေးသည် မာရိယဟ် ကိဗ်သွိယာ (ကော့ပ်တစ် မေရီ) နှင့် ကိုယ်တော်မြတ် တို့၏ ရင်သွေးဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ သားတော်အားလုံးတို့သည် ကလေးဘဝ ၌ပင် ကွယ်လွန် ခဲ့ကြပြီး ကိုယ်တော်မြတ် ၏ သမီးတော် သုံးပါးစလုံးသည် သူမတို့ ဖခင်၏ တမန်တော်ဘဝကို ကြုံကြိုက် ခဲ့ကြလေသည်။ အားလုံးသောသမီးတော် တို့သည် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ကြပြီး မဒီနဟ် သို့ဟိဂ်ျရသ်ပြုခဲ့သူများတွင် အပါအဝင်ဖြစ်ခဲ့ကြသည်။ သမီးတော် ဖွာသွိမဟ် သခင်မ မှ လွဲ၍ ကျန် သမီးတော်နှစ်ပါးမှာ ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်ပင် ကွယ်လွန် ခဲ့ကြသည်။ ကိုယ်တော်မြတ် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ကြွမြန်းတော်မူပြီး ခြောက်လ အကြာတွင် သမီးတော်ဖွာသိမဟ် ကွယ်လွန်ခဲ့လေ သည်။ (အင်န်နလိလ္လာဟိ၊ဝအင်န်နအိလိုင်ဟိရားဂျိအူးန်)။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (7)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) နှင့် ဖိဂျရ် စစ်ပွဲ

ကိုယ်တော်မြတ် သက်တော် နှစ်ဆယ်အရောက် ဇုလ်ကအ်ဒဟ်လ တွင် ကုရိုက်ရှ် လူမျိုးစုနှင့် ကိနာနာလူမျိုးစု တို့ကတစ်ဖက်၊ ကိုင်ယ်စ် ဂီလာန် လူမျိုးစု ကတစ်ဖက် စစ်ပွဲဖြစ်ပွါးခဲ့လေသည်။ တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်မှု များသည် အလွန်ပြင်းထန်ခဲ့ပြီး နှစ်ဖက်စလုံးတွင် အကျအဆုံးအလွန်များခဲ့သည်။
နောက်ဆုံးတွင် ထိခိုက်ကျဆုံးမှု ပိုများသောတစ်ဖက် အားကျန် တစ်ဖက်က အသက်ဖိုးလျော်ကြေးငွေပေးရမည် ဟူသော သဘောတူညီချက် ထား၍ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ကြလေသည်။ ဤစစ်ပွဲသည်လွန်ခဲ့သောသုံးနှစ်အတွင်းဖြစ်ပွါးခဲ့သော စစ်ပွဲများတွင် စတုတ္ထမြောက်စစ်ပွဲဖြစ်ပြီးအပြင်းထန်ဆုံးနှင့်အသေအပျောက်အများဆုံးသောစစ်ပွဲ တစ်ပွဲဖြစ်သည်။ ဤစစ်ပွဲသည် အရဗ်လူမျိုးစု များအကြားဖြစ်ပွါးခဲ့သော စစ်ပွဲများတွင် နောက်ဆုံးဖြစ်ခဲ့ သော စစ်ပွဲ ဖြစ်ပြီး "ဖိဂျရ် စစ်ပွဲ" ဟု သမိုင်းတွင် အမည်ရခဲ့ လေသည်။ အာရဗီဘာသာစကားတွင် "ဖိဂျရ်" ဟူသည် "အကျင့်တန်ခြင်း" ဟုအဓိပ္ပါယ်ရလေသည်။ အဘယ်ကြောင့်ဤအမည်တွင်ခဲ့သနည်း ဟူမူယင်းစစ်ပွဲသည် စစ်မက်ပြိုင် ဆိုင်တိုက်ခိုက်ခြင်းကို တားမြစ်ထားသော မြင့်မြတ်သောလ တွင် ဖြစ်ပွါးခဲ့ ပြီး ဤလ ၏ ထူးမြတ်မှုကို ဖောက်ဖျက်၍ သွေးစွန်းစေခဲ့ ကြခြင်းကြောင့်ပင်။ ကိုယ်တော်မြတ်သည် ကုရိုက်ရှ်လူမျိုး စုဝင် တစ်ဦးဖြစ်သည့်အားလျော်စွာ ထိုစစ်ပွဲတွင် ပါဝင်ခဲ့လေသည်။ စစ်မြေပြင်တွင် ကိုယ်တော်မြတ် ထမ်းဆောင်ခဲ့သောတာဝန်မှာ ရန်သူတို့ပစ်လွှတ်သော မြားတံ များကို စုဆောင်း၍ ကုရိုက်ရှ်လူမျိုးစုဝင်များဖြစ်ကြသောသူ၏ ဦးလေးများထံ ပို့ပေး ရခြင်းပင်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) နှင့် ဟိလ်ဖူလ် ဖုဒူလ

ဖိဂျရ်စစ်ပွဲ ပြေငြိမ်းပြီး နောက်လတွင် ကုရိုက်ရှ် လူမျိုးစုကြီး ဝင် အနွယ်ငါးနွယ်က စုပေါင်း၍ ပဋိညာဉ် တစ်ခုချုပ်ဆိုခဲ့လေသည်။ ယင်း အနွယ်ငါးနွယ်ကား ဗနူဟာရှင်မ်၊ ဗနူအဗ်ဒုလ် မုသွာလိဘ်၊ ဗနူအဆဒ်၊ ဗနူ ဇဟ်ရာနှင့် ဗနူ တိုင်မ် တို့ဖြစ်ကြလေသည်။
ဤ ပဋိညာဉ် ချုပ်ဆိုရခြင်းအကြောင်းကား............တစ်နယ်တစ်ကျေးမှ တစ်စိမ်းတစ်ရံစာ တစ်ဦးအားတရားမျှတမှု ကို ပြုပေးရန် ပျက်ကွက်ခဲ့သည့် ရှက်ဖွယ်ရာ အကြောင်းတစ်ရပ်ရှိခဲ့လေသည်။ ဇာဘိဒ်မြို့(ယီမင် အနောက်ပိုင်း မှမြို့တစ်မြို့) မှ လူတစ်ဦးသည် မက္ကဟ်မြို့သို့လာရောက်၍ သူ၏ ကုန်စည်များကိုရောင်းချလေသည်။ မက္ကဟ်မြို့ခံတစ်ဦးဖြစ်သည့် အားဆ်ဘင်န် ဝိုင်လ် သည် ထိုသူ၏ကုန်စည်အားလုံးအားယူဆောင်၍ ငွေကိုကားလုံးဝမပေးပေ။ မတရားမှုပြုခံရသော ထိုဇာဘိဒ် မြို့သားကုန်သည် သည်ဗနူ အဗ်ဒုလ် ဒရ်၊ ဗနူ မခ်ဇူးမ်၊ ဗနူ ဂျမဟ်၊ ဗနူ စဟ်မ် နှင့် ဗနူအဒီယ် လူမျိုးစုဝင်တို့ထံ ချဉ်းကပ်၍သူ့အား တရားမျှတ စွာပြုပေးရန် အကူအညီ တောင်းရှာလေသည်။ ထိုလူမျိုးစုဝင်အားလုံးတို့သည်မည်သူမျှ အရေးတယူပြု အကူအညီမပေးခဲ့ကြ။ ထိုသူသည် လွန်စွာစိတ်ပျက်အားလျော့စွာဖြင့် ဂျဘလ်အဗူကိုယ်စ် မည်သောတောင်ထိပ်သို့တက်၍ သူမတရားပြုခံရမှု ကို လူထုအား သိပေးကြေညာလေတော့သည်။ ၎င်းပြင်သူသည် သူ့အားကူညီကြရန် လူထုအား အကူအညီတောင်းလေသည်။ အဗ်ဒုလ် မုသွာလိဘ် ၏ သားတစ်ဦးဖြစ်သူ ဇုဘိုင်ရ် က ထိုမတရားပြုခံရသော လူအား ကူညီရန်ရှေ့ထွက်လာခဲ့ပေသည်။ ဇုဘိုင်ရ် သည် အနွယ်ငါးနွယ်တို့ ၏ ကိုယ်စားလှယ်တို့အား ဗနူတိုင်မ်အနွယ်ဝင် အဗ်ဒုလ္လာဟ် ဘင်န် ဂျဒ်အန် ၏ အိမ်တွင် စုရုံးရန်ဖိတ်ခေါ်ပြီး အစည်းအဝေး ကျင်းပခဲ့လေသည်။ ယင်းအစည်းအဝေးတွင် အနွယ် ကိုယ်စားလှယ် အသီးသီးက သဘောတူ ပဋိညာဉ်ချုပ်ဆိုခဲ့ကြသည်မှာ၊ နောင်တွင် တစ်စုံတစ်ဦး ဤသို့မတရားပြုမူ ခံရပါက ပဋိညာဉ် တွင်လက်မှတ် ရေးထိုးထားသော အနွယ်တို့က တရားပြုခံ ရသူရှေ့မှ မားမားရပ်၍ တရားမျှတမှုကိုဆောင်ကျဉ်း ပေးရန်ပင်။ ၎င်းနောက်သူတို့သည် အားဆ်ဘင်န် ဝိုင်လ် အား စုပေါင်း ဖိအားပေး၍ မတရားရယူထားသော ကုန်စည်များကို ထိုဇာဘိဒ် မြို့သားကုန်သည် အားပြန်ပေးစေလေသည်။

ထို ပဋိညာဉ်ချုပ်ဆို လက်မှတ်ရေးထိုးသည့် အစည်းအဝေးတွင် ကိုယ်တော်မြတ်သည်လည်း သူ၏ ဦးလေးတော် များနှင့်အတူ ရှိနေခဲ့ ပြီး ထိုပဋိညာဉ်အား ဂုဏ်သရေရှိသော သဘောတူညီချက် အဖြစ် မှတ်ယူလေးစားခဲ့လေသည်။ အလ္လာဟ်အရှင်မြတ် မှ ကိုယ်တော့်အား တမန်တော်တာဝန်အပ်နှင်း ခဲ့သည့်အချိန်မှ အတော်ကြာကြာအထိကိုယ်တော်မြတ်သည် အောက်ပါအတိုင်း ဖွင့်ဟ ပြောဆိုလေ့ရှိခဲ့သည်။

"ငါ သည် အဗ်ဒုလ္လာဟ် ဘင်န် ဂျဒ်အန် ၏ အိမ်တွင်ပဋိညာဉ် ကို သဘောတူချုပ်ဆိုခဲ့ကြစဉ်က သက်သေအဖြစ် ရှိနေခဲ့သည်။ ထို ပဋိညာဉ်အစား ငါ့အား နီမြန်းသောကုလားအုပ်ပေးလျှင်ပင် ငါလက်ခံမည်မဟုတ်။ (ထိုပဋိညာဉ်အားဖောက်ဖျက်မည်မဟုတ်။) ငါ့အားအမိုက်ခေတ်ပျောက် ပြီး အစ္စလာမ်သာသနာထွန်းကား လာသော နေ့ရက်များတွင်ပင် ထိုပဋိညာဉ်အား ဆက်လက်ထောက်ခံ
ရန်တစ်စုံတစ်ဦးကတောင်းဆိုခဲ့ပါက ငါသည် သဘောတူခဲ့မည်သာ။"

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (6)

ခရစ်ရှန်ဘုန်းကြီး ဘဟီရာ ၏ သတိပေးချက်

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) သက်တော် ၁၂ နှင့်အရွယ်ရောက်သည့်အခါ(အချို့ သမိုင်းများအဆိုအရ ၁၂ နှစ် ၂ လ ၁၀ ရက်) ဦးလေးတော် အဗူသွာလိဘ် သည် ကုန်သည်အစုတစ်စုနှင့် ဆီးရီးယား သို့အတူလိုက်ပါသွားရန်စီစဉ်ပြီး ကိုယ်တော်မြတ် ကိုပါခေါ်ဆောင်၍ ခရီးထွက်ခဲ့လေတော့သည်။
ကုန်သည်အစုသည် ဆီးရီးယားသို့အသွား ဘဆွရဟ် မြို့သို့အရောက် ခေတ္တခဏ နားကြလေသည်။ထိုမြို့၌ ဘဟီရာ မည်သော ခရစ်ရှန် ဘုန်းကြီးတစ်ပါး ရှိလေသည်။ သူသည် ကုန်သည်အစုအား ကြိုဆိုရန်အလို့ငှါ ရောက်ရှိလာခဲ့ ပြီး ခရီးသည်အားလုံးအား ဖြတ်ကျော်၍ ကိုယ်တော်မြတ် အနီးသို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ကိုယ်တော်မြတ် ၏လက်ကို ဆွဲကိုင်၍ "ဤသူသည် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရှင်မြတ်၏ စေတမန်ပင်၊ ဘုရားသခင်သည် သူ့အား လူသားအားလုံး အတွက် ကရုဏာတော်အဖြစ်စေလွှတ်ခြင်းဖြစ်သည်" ဟုပြောဆိုခဲ့လေသည်။ ထိုအခါ လူအများက အဘယ်ကြောင့်ဤသို့ဆိုရသနည်း ဟုစုံစမ်းမေးမြန်းကြလေသည်။ ဘဟီရာက .............
"သူ (မုဟမ္မဒ်) ဤ ဘက်သို့လာ သည့်အခါက ကျောက်တုံးများနှင့် သစ်ပင်များသည် ကိုင်းညွတ်အရိုအသေပေးကြလေသည်။ စေတမန် တစ်ပါးမှလွဲ၍ အခြားမည်သည့် ဖန်ဆင်းခံကိုမျှ ဤသို့ အရိုအသေမပေးကြ။ ၎င်းပြင် ကျွန်ပ် သည် သူ၏ ပုခုံးနှစ်ဖက်အောက်နားရှိ ပန်းသီးသဏ္ဌာန် စေတမန်ဖြစ်ခြင်း၏တံဆိပ်တော်ကို လည်း သူ၌တွေ့ရသည်။ ဤအကြောင်း ကျွန်ပ်တို့၏ ကျမ်းစာများ၌ပါရှိသည်။" ဟုရှင်းပြ ပြောဆိုခဲ့သည်။

ထို့နောက် ဘဟီရာ သည် ကုန်သည်အစုအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထမင်းစားပွဲကြီး တစ်ပွဲကိုတည်ခင်း ဧည့်ခံခဲ့လေသည်။ ၎င်းနောက် ဘဟီရာသည် အဗူသွာလိဘ် အား နှစ်ဦးတည်း တွေ့ဆုံပြီးမုဟမ္မဒ် အား ရှေ့ခရီးသို့ ဆက်လက်မခေါ်သွားရန်နှင့် နေရပ်သို့သာ ပြန်လွှတ်ရန်သတိပေး ခဲ့သည်။ ဂျူးနှင့် ရောမ လူမျိုးများက ကတိတော်လာ စေတမန်အဖြစ်မှတ်ယူပြီး အန္တရာယ် ပြုမည်ကို စိုးရိမ်သောကြောင့် ဤသို့သတိပေးခြင်းဖြစ်သည်။ အဗူသွာလိဘ် သည် ခရစ်ရှန်ဘုန်းကြီး ဘဟီရာ ၏ သတိပေးစကားကို တစ်လေးတစ်စား ဂရုမူပြီး ကိုယ်တော်မြတ်အားမက္ကဟ် သို့ ပြန်လည်ပို့လိုက်လေတော့သည်။

ကိုယ်တော်မြတ်သည် မက္ကဟ် မြို့တွင်နေထိုင်ရင်း အရွယ်ရောက်လာသောအခါ သူ၏ လူမှုအသိုင်းအဝိုင်း(စိုဆိုင်တီ) တွင် တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့ပြီး အသိုင်းအဝိုင်းအတွက် အရေးပါသည့် အချို့သော အခန်းကဏ္ဏ္ဏများတွင်လည်း ပါဝင်ခဲ့လေသည်။ အောက်တွင်ဆက်လက်ရေးသားမည့်ခေါင်းစဉ်နှစ်ခုကား ကိုယ်တော် မြတ် မိမိ၏အသိုင်းအဝိုင်းအတွက် ပါဝင်ခဲ့သည့် အရေးပါသော အခန်းကဏ္ဍများ အနက် ထင်ရှားသောကဏ္ဍနှစ်ခု အကြောင်းပင်ဖြစ်သည်။
ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ

Monday, August 10, 2009

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (5)

ကိုယ်တော်မြတ်လေး၏ ရင်ဘတ်တော်အား ဖွင့်တော်မူခြင်းခံရလေပြီ

ဆွဟာဗဟ်ကြီး အနတ်စ်ဘင်န်မာလိက် (ရသွီယလ်လာဟုသအာလာအန်ဟု) သခင် ဆင့်ပြန်ခဲ့သည်မှာ တစ်နေ့တွင် ကလေးအရွယ် မုဟမ္မဒ် သည် ဟလီမဟ်သခင်မ၏အိမ်အနီး အခြားကလေးများနှင့် ဆော့ကစားနေခိုက် ရုတ်တရက်ဆိုသလို ကောင်းကင်တမန်ကြီး ဂျိဘ်ရာအိလ် (အလိုင်ဟိစ္စလာမ်)ရောက်ရှိလာပြီး မုဟမ္မဒ် လေးအားလှဲအိပ်စေလေသည်။ ထို့နောက် မုဟမ္မဒ် ၏ ရင်ဘတ်အား ဖွင့်ပြီးလျှင် နှလုံးအား ထုတ်နှုတ်လေသည်။ နှလုံးမှအသား အစိတ်ပိုင်း တစ်ခုကို ဆွဲထုတ်ပြီး"ဤသည် သင့်အတွင်းရှိသော ရှိုင်ယ်သွာန်၏ တစ်စိတ်တစ်ဒေသပင်။" ဟုလည်း ပြောဆိုလေသည်။ ၎င်းနောက် ကိုယ်တော်မြတ် ၏ နှလုံး အား ဇမ်ဇမ်ရေ ဖြည့်ထားသော ရွှေလင်ပန်းတွင်ထည့်ဆေးကြောပြီး ရင်ဘတ်ထဲသို့ ပြန်လည်နေရာတကျထည့်သွင်းခဲ့လေသည်။ ဤအဖြစ်ကို မြင်သော အခြားကလေးများသည် "မုဟမ္မဒ် အသတ်ခံရပြီ" ဟုကြောက်လန့်တကြား အော်ဟစ်၍ ဟလီမဟ် သခင်မထံပြေးလွှားသွားခဲ့ကြသည်။ ဟလီမဟ် သခင်မသည် ကလေးငယ်များခေါ်ရာသို့ စိုးရိမ်ပူပန်စိတ်အပြည့် ဖြင့်သွားကြည့်ခဲ့ရာ ကလေးငယ် မုဟမ္မဒ် အသက်ရှင်နေကြောင်း တွေ့မြင်ခဲ့ရလေသည်။ သို့ရာတွင်မုဟမ္မဒ်လေး သည် ကြောက်ရွံ့စိုးထိတ်ပြီး မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်ကိုတော့ တွေ့မြင်ရလေသည်။ အနတ်စ်သခင်က ဆက်လက်၍ ပြောပြသည်မှာ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်ဟိဝစလ်လမ်)၏ ရင်ဘတ်တော်တွင်ချုပ်ရာ ကိုလည်း သူ တွေ့ရှိခဲ့သည်ဟူ၍။

ကိုယ်တော်မြတ်လေးသည် မိခင်ရင်းနှင့်အတူ

ဤသည့်အဖြစ် ကြောင့် ဟလီမဟ်သခင်မသည်ထိတ်လန့်ပြီး ကိုယ်တော်မြတ်လေးအား မက္ကဟ်ရှိမိခင်ရင်းထံ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်မြတ်လေးအား သူ၏မိခင်ရင်းကစောင့်ရှောက်ရင်း နောက်နှစ်နှစ် အကြာ၊ကိုယ်တော်မြတ်၏သက်တော် ခြောက်နှစ်ရှိသော အခါ၊ ကိုယ်တော်မြတ်သည် သူ၏ ဘိုးတော်၊ မိခင်၊ အုမ် အိုင်မာန် သခင် မတို့နှင့်အတူ သူ၏ မိခင်ဘက်မှဆွေမျိုးများရှိရာ ယသ်ရိဘ် မြို့သို့ ခရီးထွက်ခဲ့လေသည်။ ကိုယ်တော်မြတ်၏ဖခင် ဖြစ်သူ အဗ်ဒုလ္လာဟ်သည်လည်း ထိုမြို့၌ပင် ခေါင်းချခဲ့သည်ဖြစ်ရကား။ ယသ်ရိဘ် မြို့တွင်တစ်လနေထိုင်ပြီးနောက် မက္ကဟ်သို့ပြန်ရန်ခရီးရှည်ကြီးကို ထွက်ခွါလာရာလမ်းခရီးတွင် အာမိနဟ်သခင်မ နာမကျန်းဖြစ်ပြီး အဘ်ဝါ မည်သောအရပ်တွင် ကွယ်လွန်၍ ထိုအရပ်၌ပင် မြှုပ်နှံခဲ့ရလေသည်။ (အင်န်နလိလ္လာဟိ၊ဝအင်န်နအိလိုင်ဟိရားဂျိအူးန်)။ သို့နှင့်ကိုယ်တော်မြတ်လေးသည် သက်တော် ခြောက်နှစ်ကျော် အရွယ်တွင် မိဘမဲ့ (ယသီးမ်) ဘဝသို့ ရောက်ခဲ့ရရှာလေသည်။

ဘိုးတော်၏ အကြင်နာ

အဘိုးအိုကြီး အဗ်ဒုလ်မုသွာလိဘ် သည် ချစ်လှစွာသော မိဘမဲ့မြေးလေး၏ မိခင်ဆုံးပါးခြင်းသောကကို မကြည့်ရက်နိုင်လျှက် ပင် လေးလံလှသော စိတ်နှလုံး ဝန်ကို မနိုင့်တစ်နိုင်ထမ်းပိုး၍ မက္ကဟ်သို့ခရီးဆက်ရန် စတင် ခဲ့လေသည်။ သူ၏ သားအရင်းများ အတွက်ပင် မပေါ်ပေါက်ခဲ့ဖူးသော အကြင်နာအဟုန်တိုသည် မိဘမဲ့လေး မုဟမ္မဒ် အတွက် ဖြစ်တည်ခဲ့လေပြီ။ အဗ်ဒုလ်မုသွာလိဘ် သူ၏ မိတ်ဆွေများနှင့်အတူထိုင်ရာတွင် မုဟမ္မဒ်လေးသည် သူ၏အနီးရှိ မည်သူမျှထိုင်ခွင့်မရှိသော အခင်းပေါ်ဝယ်ထိုင်လေ့ရှိပြီး ဘိုးတော် အဗ်ဒုလ်မုသွာလိဘ် ၏ နောက်ကျော အား ဆော့ကစားလေ့ရှိသည်။ အဗ်ဒုလ်မုသွာလိဘ်သည်ကားပြုံးလျှက်ပင်။ မိဘမဲ့ မုဟမ္မဒ် လေး၏ ရှေ့အနာဂတ်သည် မည်သို့မျှ တောက်ပလာနိုင်မည်မဟုတ်ဟု အဗ်ဒုလ်မုသွာလိဘ်သည် တွေးဆကောင်းတွေးဆခဲ့ပေမည်။ ကြေကွဲစရာနောက်အဖြစ်တစ်ခုကား အဗ်ဒုလ်မုသွာလိဘ် သည်သူအလွန် ချစ်ကြည်မြတ်နိုး တွယ်တာသော မုဟမ္မဒ်လေးနှင့် အချိန်တိုတောင်းစွာသာ နေခွင့်ရခဲ့ခြင်းပင်။ ကိုယ်တော်မြတ်၏သက်တော် ရှစ်နှစ်၊ နှစ်လ၊ဆယ်ရက် တွင် ဘိုးတော် အဗ်ဒုလ်မုသွာလိဘ် ကွယ်လွန်ခဲ့လေသည်။ (အင်န်နလိလ္လာဟိ၊ဝအင်န်နအိလိုင်ဟိရားဂျိအူးန်)။

ဦးလေးတော်၏စောင့်ရှောက်မှုအောက်တွင်

အဗ်ဒုလ်မုသွာလိဘ် ကွယ်လွန်ပြီးနောက် သားဖြစ်သူ အဗူသွာလိဘ် က ကိုယ်တော်မြတ်လေးအားဆက်လက် စောင့်ရှောက်ခဲ့ လေသည်။ အဗူသွာလိဘ်နှင့် ကိုယ်တော်မြတ်၏ဖခင် အဗ်ဒုလ္လာဟ်သခင်တို့သည် ညီအစ်ကို အရင်းများဖြစ်ကြ၏။ အဗူသွာလိဘ် သည် ဓနကြွယ်သောသူ တစ်ဦးမဟုတ်သော်ငြားလည်း ကိုယ်တော်မြတ် ဆောင်ကျဉ်းလာသော အလ္လာဟ်အရှင်မြတ်ထံမှ ဗရ်ကသ် ကြောင့် အဗူသွာလိဘ်သည် သူရှာဖွေ ရရှိသော ငွေစအနည်းငယ်သည်ပင် သူ၏မိသားစုစားဝတ်နေရေးဖူလုံ ကြောင်းသတိပြုမိခဲ့လေသည်။

နောက်ဆက်မည့်ခေါင်းစဉ်ငယ်-ခရစ်ရှန်ဘုန်းကြီး ဘဟီရဟ် ၏ သတိပေးချက်

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (4)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ နို့စို့ဘက်ညီအစ်ကိုများ

ကိုယ်တော်မြတ် အားနို့ချို တိုက်ကျွေးခဲ့သူများတွင် ကိုယ်တော်မြတ်၏ ဦးလေး ဖြစ်သူအဗူလဟဘ်၏ ကျွန် စိုဝိုင်ဗဟ် သခင်မလည်းပါဝင်ခဲ့လေသည်။ စိုဝိုင်ဗဟ် သခင်မသည် ကိုယ်တော်မြတ်နှင့်အတူသူမ၏ သား မတ်စ်ရူးဟ်၊ ဟမ်ဇဟ်ဘင်န် အဗ်ဒုလ်မုသွာလိဘ် နှင့် အဗူစလမဟ် ဘင်န် အဗ်ဒုလ်အဆဒ်မခ် ဇူမီတို့ကိုလည်း နို့ချိုတိုက် ကျွေးနေခဲ့ပေသည်။ သို့ဖြစ်ပေရာ အထက်ပါ သုံးဦးတို့သည် ကိုယ်တော်မြတ် ၏ ပထမဦးဆုံးသော နို့စို့ဘက်ညီအစ်ကိုများဖြစ်ခဲ့ပေသည်။

ဟလီမဟ် စအ်ဒိယဟ် ၏ စောင့်ရှောက်မှု အောက်ဝယ်

ထိုခေတ်အခါက အရဗ်လူမျိုး တို့၏ ဓလေ့တစ်ခုမှာ၊ မိမိတို့၏ ရင်သွေးငယ် များအားဘဲဒ်ဝဲန် (BEDOUIN) အမျိုးသမီးတို့၏ ထံပို့ထား စောင့်ရှောက်စေပြီး သဲကန္တာရတွင်အသက်အရွယ်နှစ်အတန်ငယ်ရလာသည် အထိကြီးပြင်းစေခြင်းပင်။ ဤ သို့ပြုရခြင်း၏ ရည်ရွယ်ချက်များ မှာကန္တာရတွင် ကြီးပြင်းစေခြင်းဖြင့် ကလေးငယ်သည် သန်စွမ်းကျန်းမာသည်ဟု မက္ကဟ်သားတို့က ယုံကြည်သောကြောင့်လည်းကောင်း၊ ကန္တာရဘဲဒ်ဝဲန် (BEDOUIN) အရဗ်တို့ ၏ ဝန်းကျင်တွင် ကြီးပြင်းခြင်းဖြင့် အာရေဗျ တစ်ခွင်လုံးတွင် အသုံးပြုသောကျွန်းဆွယ်သုံး အာရဗီဘာသာစကား ကို ကျနစွာတတ်မြောက်စေရန် လည်းကောင်းပင် ဖြစ်ပေသည်။
ထိုစဉ်က ဘိုးတော်ဖြစ်သူ အဗ်ဒုလ် မုသွာလိဘ်သည် သူ၏ မြေးလေးအား နို့ချိုတိုက်ကျွေး စောင့်ရှောက်၍သဲကန္တာရတွင် ကြီးပြင်းသည်အထိ တာဝန်ယူပေးမည့် ဘဲဒ်ဝဲန် (BEDOUIN) အမျိုးသမီးတစ်ဦးအားရှာဖွေနေခဲ့လေသည်။ တစ်ကြိမ်တွင် ဗနူစအဒ် ဘင်န် ဗကရ် ဘင်န် ဟဝါဇင်န် အနွယ်မှ ဘဲဒ်ဝဲန်အမျိုးသမီးအချို့သည် အထက်ဖော်ပြပါ စောင့်ရှောက်သည့် လုပ်ငန်းအတွက် မက္ကဟ်ရှိ အိမ်ထောင်စုများသို့ လာရောက်ကမ်းလှမ်း လေသည်။ ထိုအခါ အဗ်ဒုလ် မုသွာလိဘ်သည် ထိုအမျိုးသမီး တစ်ဦးခြင်းစီအား သူ၏မြေးလေးကို စောင့်ရှောက်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း ဖသက်ဆိုးကလေးငယ်အား စောင့်ရှောက်ပေးခြင်းဖြင့်ရရှိမည့် အဖိုးအခ ဆုလာဘ်သည် အလွန်ပင် နည်းပါး မည်ဟုထိုအမျိုးသမီးများက ထင်မြင်ယူဆကြပြီး ကလေးငယ်အား စောင့်ရှောက်ရန် မည်သူကမျှ လက်မခံခဲ့ပေ။ ထိုနေ့တွင်ပင် ဟလီမဟ် ဘင်န်သိ ဇုဝိုင်ဘ်သည်လည်း အဗ်ဒုလ်မုသွာလိဘ် ထံရောက်ရှိလာခဲ့လေသည်။ အဗ်ဒုလ်မုသွာလိဘ်၏ လက်မောင်းများပေါ်တွင် လှဲလျှက်ရှိသော ချစ်စဖွယ်ဖသက်ဆိုး ကလေးငယ်အားမြင်ပြီးနောက် အကြောင်းစုံကိုလည်း သိရသောအခါကရုဏာ စိတ်ယိုဖိတ်မိ၍ ကလေးငယ်အား ဝမ်းပန်းတသာလက်ခံလိုက်လေတော့သည်။ သူမနှင့်သူမ၏ ခင်ပွန်းတို့သည် အိမ်အပြန်ခရီးတွင် လက်မဲ့ မဖြစ်ရခြင်းကြောင့် အလွန်ဝမ်းမြောက် ပျော်ရွှင်ပြီးကိုယ်တော်မြတ်လေးအား ယုယုယယ ချီပွေ့ ၍ သဲကန္တာရရှိ သူတို့၏အိမ်သို့ပြန်ခဲ့လေတော့သတည်း။

ဤသို့ဖြင့်အခြားအမျိုးသမီးများ ငြင်းပယ်ခဲ့သော ကံထူးမှု ကို ဟလီမဟ် စအ်ဒိယဟ် သခင်မက ရရှိသွားခဲ့တော့သည်။ ဟလီမဟ် သခင်မနှင့် သူမ၏ခင်ပွန်း ဟာရိသ် ဘင်န် အဗ်ဒုလ်အုဇ္ဇဟ် တို့သည် စအဒ် ဘင်န်ဗကရ် ဘင်န် ဟဝါဇင်န် အနွယ်ဝင်များဖြစ်ကြပြီး သူတို့၏ကလေးငယ် များသည်လည်းကိုယ်တော်မြတ်၏ နို့စို့ဘက်များ ဖြစ်ခဲ့ပေတော့သည်။

ဟလီမဟ် သခင်မ၏ အိမ်သို့ မင်္ဂလာအပေါင်းခညောင်းလေပြီ

ကိုယ်တော်မြတ်လေးအား ဆောင်ယူခဲ့ချိန်မှ စ၍ သူမတို့၏ ဘဝအခြေအနေများသိသိသာသာပြောင်းလဲလာမှုကို ဟလီမဟ်သခင်မနှင့် ခင်ပွန်းတို့က ကောင်းစွာသတိပြုမိလေသည်။ မက္ကဟ်မြို့သို့ လာရောက်စဉ်က လွန်စွာကြုံလှီ အားနည်း နှေးကွေးသော သော မြည်းမလေးအား အစီးအနင်း အဖြစ်ပြု၍လာရောက်ခဲ့သော်လည်း အပြန်ခရီးတွင်မူ ကိုယ်တော်မြတ်လေးအား သယ်ဆောင်ထားသော ထိုမြည်းမလေးသည် အလွန် သွက်လက်စွာ
ခရီးနှင်ခဲ့သည်မှာ အတူခရီးသွားသော ကာရဗဲန်ခရီးသည်စုတို့သည်နောက်ခပ်လှမ်းလှမ်းသို့ ကျန်ခဲ့သည် အထိပင်။ ကိုယ်တော်မြတ်လေးသည် ဟလီမဟ်သခင်မ၏အိမ်တွင် နေထိုင်စဉ် ထိုအိမ်သည် ကောင်းခြင်း မင်္ဂလာအဖြာဖြာတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ဟလီမဟ်သခင်မ ကိုယ်တိုင်၏ဆင့်ပြန်ချက်အရ သိရသည်မှာ ကိုယ်တော်မြတ်လေးအား မဆောင်ယူလာခင်တွင် သူမတို့နေထိုင်ရာအရပ်သည် စားနပ်ရိက္ခာရှားပါးပြီးလူနှင့်တရိစ္ဆာန်တို့ အလွန်ဆင်းရဲ ကပ်ဒုက္ခရောက် နေချိန်ဖြစ်သည်။ သူမတို့ပိုင်ဆိုင်သော ကုလားအုပ်မ သည် နို့တစ်စက်မှ မထွက်သောအချိန်၊ ဟလီမဟ်သခင်မ ၏ ကလေးအရင်းသည် ဆာလောင်မွတ်သိပ် မှုကြောင့်ညလုံးပေါက် သနားစဖွယ်ငိုကြွေး နေသောအချိန်၊ ရင်သွေး၏ ဆာလောင်မွတ်သိပ်သောခံစားမှုကြောင့် ဟလီမဟ်သခင်မနှင့်သူမ၏ ခင်ပွန်းတို့သည် စိတ်နှလုံးပူပန် သောကရောက် ၍ တစ်ညလုံး အိပ်မပျော်နိုင်။ သို့သော် ကိုယ်တော်မြတ် လေး ရောက်ရှိလာသည့်အချိန်မှစ၍ အစစအရာရာသော အခြေအနေတို့သည်ပြောင်းလဲသွားခဲ့လေပြီ။ ကိုယ်တော်မြတ်လေးအား သူမ၏အိမ်အရောက် သူမ၏ပေါင်ပေါ်ယုယစွာတင်၍ ကြင်နာသည့်အချိန် မှစ၍ သူမ၏ မိခင်မေတ္တာအရည် အာဟာရ တို့သည် အလွန်အမင်းအလျှံအပယ် စီးဆင်း လာခဲ့ပြီး ထိုအာဟာရ ကို ကိုယ်တော်မြတ်လေးနှင့် သူမ၏သားတို့သည် ဝလင်စွာသောက်သုံးလျှင်မြန်စွာအိပ်စက်နိုင်ခဲ့ကြပေသည်။ ဟာရိသ် သည်သူ၏ ကုလားအုပ်မအားကြည့်ရှုသော်၊ ကုလားအုပ်မ၏နို့အုံ တို့သည် လျှံထွက်သယောင်ယောင် ပြည့်ဖောင်းနေသည်ကို တွေ့မြင်ရလေသည်။ ယင်းကုလားအုပ်မ ထံမှ အလွန်တရာများပြားသော နို့ရည် တို့သည် ဟလီမဟ်သခင်မ တို့တစ်မိသားစုလုံးအား ဝဝလင်လင်ဖြစ်စေသည်ထက်ပင် ပိုခဲ့ပေသည်။ ကုလားအုပ်မ သည်သာမက သူမတို့၏ ဆိတ်မများသည်လည်း။ ယခင်ကရှိခဲ့သော ရှားပါးမှုဒဏ် သည် ယခုမူ အိပ်မက်အလား။သူမတို့နေထိုင်ရာ ဒရရ် ဗနူစအဒ် ဒေသ ရှိ အစာရေ ရှားပါးမှု ကပ်သည် သူမတို့မိသားစုအားကွင်း၍အလား။ ဤသို့ဖြင့် ဟလီမဟ်သခင်မ သည် ကိုယ်တော်မြတ်လေးအား နောက်ထပ် နှစ်နှစ် အထိ နို့ချိုတိုက်ကျွေးပြီး နို့ဖြတ်လိုက်လေသည်။ ကိုယ်တော်မြတ်လေးသည် အစာရေစာ ရှားပါးသောအရပ်၊ ကာလတွင် ကြီးပြင်းခဲ့သော်လည်း သန်သန်မာမာကျန်းကျန်းမာမာ ဖြစ်ခဲ့လေသည်။

ဟလီမဟ်သခင်မ၏တောင်းဆိုမှု

ဟလီမဟ်သခင်မသည် ကိုယ်တော်မြတ်လေးအားခြောက်လတစ်ကြိမ် မက္ကဟ်သို့ခေါ်သွားပြီးကိုယ်တော်မြတ်၏ မိခင်နှင့်အခြားဆွေမျိုးတို့အား ကိုယ်တော်မြတ်လေးနှင့် အတူရှိနေစေလေ့ရှိသည်။ ၎င်းနောက် ကိုယ်တော်မြတ်လေးအား ခေါ်၍ သူမနေထိုင်ရာ အရပ်သို့ပြန်လာလေ့ရှိသည်။ နို့ ဖြတ်ပြီးနောက် ကိုယ်တော်မြတ်လေးအား သူ၏မိခင်ထံသို့ ပြန်လွှဲအပ်ရန် လာရောက်ခဲ့လေသည်။ သို့သော်သူမသည် ကိုယ်တော်မြတ်လေး၏ မိခင် အာမိနာသခင်မအားနောက်ထပ် ကာလတစ်ခုအထိ ဆက်လက် စောင့်ရှောက် ခွင့်ပြုရန် အသနားခံ တောင်းဆိုခဲ့လေသည်။ အာမိနာသခင်မလည်း သနားသောအားဖြင့် တောင်းဆိုမှုကို လိုက်လျောခဲ့လေသည်။ ဤသို့ဖြင့်ဟလီမဟ် သခင်မသည် ကိုယ်တော်မြတ်လေးအား ဆက်လက် စောင့်ရှောက်ခွင့် ရရှိခဲ့ပြီး နောက်ထပ်နှစ်နှစ် သို့ပင်တိုင်ခဲ့လေ သည်။ နှစ်နှစ် နောက်ပိုင်းတွင် ကိုယ်တော်မြတ်လေးအား မိခင်ရင်းထံ ပြန်ပို့တော့ရန် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ နိမိတ်လက္ခဏာ ပြသ ခဲ့သဖြင့် ဟလီမဟ်သခင်မ ဇနီးမောင်နှံသည် ထိတ်လန့်၍ ကိုယ်တော်မြတ်လေးအားဆက်လက် စောင့်ရှောက်ခြင်း မပြုရဲတော့ဘဲ မိခင်ရင်းဖြစ်သူ အာမိနာ သခင်မထံ အပြီးပြန်လည် လွှဲပြောင်းခဲ့ လေတော့သည်။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

Saturday, August 8, 2009

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (3)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ဖွားမြင်တော်မူပြီ။

ဆောင်းနှောင်းနွေဦးပေါက်ရာသီ ရဗီအုလ်အော်ဝ်ဝလ်လ ၏ ကိုးရက်မြောက်၊တနင်္လာနေ့ (အချို့အဆိုများအရ ရဗီအုလ်အော်ဝ်ဝလ်လ ၁၂ ရက်)၊

ခရစ်ရှန်ဘုရင်အဘ်ရဟာမက္ကဟ် သို့ကျူးကျော်ရှုံးနိမ့်ပြီး ၅၅ ရက် အကြာ တွင် ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင် ဟိဝစလ်လမ်) သည်

မက္ကဟ်ရှိ “ရှိအဗ် ဗနူဟာရှင်မ်” ၌ ဖွားမြင်တော်မူခဲ့လေသည်။

အဲ အလ္လာဟ် အစ်နာကျီးစ်ကေ ဟဲဟီး ကိယားအော်ကားသ်
ဂျိုကရေ အဒါရေ ရှူကုရ် သေရေး ဝိုနဲအ်မသ်ကေ ။
အိစီးနဲအ်မသ်ကေ သူနဲ စိရာဂျေမုနီးရ် ဘေဂျေ။

ဖိရ်ဘီ ကဟွန်းက ဟမ်ဒ်ဝစနာ ဇရူးရ် ဘရ်ပူးရ်
ကရိုးရွန်းစလားမ် အော်ရ် စလ်ဝါးသ် ဟို
ရဲဟ်မသုလ်လိလ်အားလမီးန်ပေ။

Ae Allah, Is Naa kyees key hai hi kiya awkaat
jo karey adaae shukur theray wo nemat kay
Isee nemat kay thune Siraje Muneer bayjay

Phir bhi kahoon ga hamd wa sana zaroor barpoor,
karooron salaam aur salwaat ho
Rehmatul Lil Aaalameen pay.

အထက်ပါကတော့ ကျွန်တော်ဒီပို့စ်ကိုရေးရင်းနဲ့ ကိုယ်တော်မြတ် ရဲ့ဖွားမြင်ခြင်း အကြောင်း ရောက်တော့ ရင်ထဲက ဆန္ဒအပြည့်နဲ့ ချက်ချင်းစပ်ဆိုမိတဲ့ အူရဒူ ကဗျာချိုးလေးပါ။ အူရဒူ မတတ်သူများအသံဖလှယ်လွယ်ကူဖို့ အင်္ဂလိပ်အက္ခရာတွေနဲ့ပါ ရေးပြထားပါတယ်။ မြန်မာဘာသာပြန်ကတော့………

အိုအလ္လာဟ် ကျွန်ပ်ကဲ့သို့ ဘာမဟုတ်သည့် သူ၏ အဆင့်အတန်းကမည်မျှရှိနေ၍
အရှင့် ကျေးဇူးတော်ကို ဆပ်နိုင်မည်နည်း။ ထိုကျေးဇူးတော်ကား “စိရာဂျေမုနီးရ်”
(လင်းဝင်းတောက်ပသော မီးရှူးမီးတိုင် / သူရိယ) ပင်။

သို့သော်ငြှားလည်း အရှင့်အားချီးမွမ်းထောမနာခြင်းနှင့်အရှင့်သန့်စင်မြင့်မြတ်ပုံ
ကိုတော့ များစွာ ရွတ်ဆိုပါမည်။

ကုဋေနှင့်ချီသော စလာမ်နှင့်ဆွလဝါးသ်များကိုလည်း “ရဲဟ်မသုလ်လိလ်အားလမီးန်”
(စကြဝဠှာအပေါင်းအတွက်ကရုဏာတော်) အပေါ် ပို့ဆက်ပါမည်။

အာရဗီဘာသာစကားဖြင့် “ဆင်” ကို ဖီလ်ဟုခေါ်ဆိုပါသည်။ အဘ်ရဟာ၏ဆင်တပ်ကို အစွဲပြု၍ ထိုနှစ်သည် (ကိုယ်တော်မြတ်ဖွားမြင်သောနှစ်) အာမုလ်ဖီလ် (ဆင်နှစ်) ဟု တွင်ခဲ့လေသည်။ ဂရီဂိုရိယန် ပြက္ခဒိန် အရ ထိုနေ့သည် C.E 571 ဧပြီလ ၂၂ ရက် တွင် ကျရောက်သည်။

အာမိနာသခင်မကိုယ်ဝန်ရှိစဉ်တွင် သူမသည် သူမ၏ ဝမ်းဗိုက်မှ လွန်စွာလင်းဝင်းတောက်ပသော အလင်းရောင်တစ်ခုထွက်လာပြီး ထိုအလင်းရောင်ကြောင့် ဆီးရီးယားရှိနန်းဆောင်များသည်လည်း လင်းဝင်းရောင်ပြန်ဟပ်သည် ဟု အိပ်မက်မြင်မက်ခဲ့လေသည်။ မီးဖွားချိန်ကျရောက်သောအခါ အဗ်ဒုရ်ရဟ်မာန်ဘင်န်အော်ဖ် (ရသွီယလ်လာဟုသအာလာအန်ဟု) ၏ မိခင်ဖြစ်သူ ရှိဖွာ ဘင်န်သိ အမရ် သည် ဝမ်းဆွဲအဖြစ် ဆောင်ရွက်ခဲ့သည်။ ဘိုးတော်အဗ်ဒုလ်မုသွာလိဘ် သည် မြေးဦးဖွားမြင်ခြင်းကြောင့်အလွန်အမင်းဝမ်းမြောက်ပြီး မြေးဦးလေးအား ကအ်ဗဟ်ကျောင်းတော်သို့ ချီပွေ့ယူ ဆောင်သွားပြီး အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ရှုကုရ် ပြု၍ အထံတော်မှ ကောင်းခြင်း အဖြာဖြာကိုတောင်းခံ ခဲ့ပေသည်။ မြေးဦးလေးသည် ကြီးစွာသောချီးမွမ်းခြင်းကို ခံရမည့်သူဟု ယုံကြည်သည့်အလျောက် “မုဟမ္မဒ်” ဟုအမည်မှည့်ခဲ့လေသည်။ အရဗ်တို့၏ ထုံးတမ်းဓလေ့အရ ခုနှစ်ရက်မြောက်သောနေ့တွင် ကလေး (ကိုယ်တော်မြတ်) ၏ ဦးခေါင်းမှ ဆံပင်များကိုရိတ်ပယ်ခဲ့ လေသည်။ ၎င်းနောက်သူသည်မက္ကဟ်သားတို့အားဖိတ်ခေါ်စုရုံး၍ ထမင်းစားပွဲကြီးကို ပွဲခံ ခဲ့ပေသည်။

မုဟမ္မဒ်အား ပထမဦးဆုံး မိခင်ဖြစ်သူ အာမိနာသခင်မက နို့ချိုတိုက်ကျွေးပြီး၊ နောင်တွင် သူ၏ ဖခင်၏ ကျွန်မတစ်ဦးဖြစ်သူ အုမ် အိုင်မာန် က နို့ချိုတိုက်ကျွေး ခဲ့ပေသည်။ အုမ် အိုင်မာန် သခင် မ သည် အဘိစီးနီးယန်းလူမျိုးဖြစ်ပြီး အမည်ရင်း မှာ ဗရကဟ် ဖြစ်သည်။ သူမသည် အစ္စလာမ်ကို သက်ဝင်ခဲ့ပြီး မဒီနဟ်သို့ဟိဂ်ျရသ် ပြုခဲ့သူလည်းဖြစ်သည်။ ကိုယ်တော်မြတ် ဤလောကမှ ကြွမြန်း ပြီးခြောက်လအကြာတွင် မဒီနဟ် မြို့၌ပင် အလ္လာဟ့်အမိန့်ခံယူခဲ့လေသည်။(ရသွီယလ်လာဟုသအာလာအန်ဟာ)။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

“မုဟမ္မဒုရ်ရစူလုလ္လာဟ်” (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (2)

ဗနူဟာရှင်မ် ဟူသော အနွယ်အမည်

ကိုယ်တော်မြတ်၏ အနွယ်အမည်မှာ ဗနူဟာရှင်မ်ဖြစ်သည်။ ကိုယ်တော်မြတ်၏ဘေးတော် ဟာရှင်မ် ကို အစွဲပြု၍ဗနူဟာရှင်မ် (ဟာရှင်မ်၏သားမြေးများ) ဟုတွင်ခဲ့ခြင်းဖြစ်သည်။ ဘေးတော်ဟာရှင်မ် သည် မက္ကဟ်ဘုရားဖူးများကို အိမ်ရှင်အဖြစ် ကြိုဆိုဧည့်ခံတည်ခင်း ရသော တာဝန်ကို နှစ်ခြိုက်စွာ ထမ်းဆောင်ခဲ့ပြီး သူလွန်သောအခါသူ၏ညီ မုသွာလိဘ် က ဤတာဝန်ကိုဆက်လက် ထမ်းဆောင် ခဲ့လေသည်။ မုသွာလိဘ်လွန်သောအခါဟာရှင်မ် ၏သားမြေးများက ဤတာဝန်ကို ပြန်လည်လက် လွှဲယူခဲ့ သည်မှာ ကိုယ်တော်မြတ်၏ ရှရီအသ်အရ အစ္စလာမ် သာသနာပြန်လည် ရှင်သန်လာသည့် ကာလအထိပင်။

အစဉ်အဆက် ကုန်ရောင်းကုန်ဝယ်လုပ်ငန်း လုပ်ကိုင်ကြသည့် ကုရိုက်ရှ်များအတွက် ဆောင်းရာသီ တွင်ယီမင်၊ နွေရာသီတွင် ဆီးရီးယား ဒေသများသို့ ကုန်ခရီးများကို ဟာရှင်မ်ကပင်စီစဉ်ပေးရလေ သည်။ ဤသို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုသည် ကုရိုက်ရှ် လူမျိုးစုအတွက် အရေးပါခဲ့ရုံမက၊ အလွန်ပင်အကျိုးကြီးမားခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်က ကုရိုက်ရှ်တို့အပေါ်ပြုပေးသနားတော် မူခဲ့သော ဤသည့် ကျေးဇူးကို ပြန်ပြောင်းသတိရစေရန်အလို့ငှါ ကျမ်းတော်မြတ်ကုရ်အာန် စူရဟ်၁၀၆ တွင် ကုရိုက်ရှ် တို့၏ ကုန်စည်ကူးသန်းရောင်းဝယ်မှုခရီးများတွင် အလ္လာဟ်အရှင်မြတ်က စောင့်ရှောက်တော်မူခဲ့သည့်အကြောင်းမိန့်ကြားထားပေသည်။

ဟာရှင်မ် သည် ဆီးရီးယားသို့ ခရီးသွားရာတွင် ယသ်ရိဘ် (နောင်တွင် မဒီနဟ် ဟုတွင်လာသည့်) မြို့ကိုဖြတ်သန်းသွားလေ့ရှိသည်။ ယင်းသို့ဖြတ်သန်းသွားလေ့ရှိရာ၊ တစ်ကြိမ်တွင် ယသ်ရိဘ် အရောက်ဗနူ အဒီ ဘင်န် နဂ်ျဂျာရ် လူမျိုးစုမှ စလ်မာ ဘင်န်သိ အမရ် အမည်ရှိ အမျိုးသမီးနှင့် ထိမ်းမြားခဲ့ပြီးသားတစ်ဦးထွန်းကားခဲ့လေသည်။ ထိုသားငယ်မွေးဖွားစဉ်တွင် ဆံပင်တွင် အဖြူကြား များပါရှိနေသည်ကို အစွဲပြု၍ စလ်မာ ဘင်န်သိ အမရ် သည်သူ၏ သားအား “ရှိုင်ယ်ဗာ” (ဆံဖြူရှင်) ဟုအမည်မှည့်ခဲ့လေသည်။ ဟာရှင်မ် သည် ယသ်ရိဘ် မြို့မှ ပြန်ခါနီးတွင် သူ၏ ဇနီးသည်ဖြစ်သူ စလ်မာ ဘင်န်သိ အမရ်သည် “ရှိုင်ယ်ဗာ” အားကိုယ်ဝန်လွယ်ထားဆဲပင် ရှိနေခဲ့သည်။ ဟာရှင်မ် သည် မက္ကဟ်သို့ပြန်ရောက်ပြီး ကွယ်လွန်သွားလေခဲ့ရာ၊ ဟာရှင်မ်၏သား “ရှိုင်ယ်ဗာ” ၏မွေးဖွား ခြင်းနှင့်ပတ်သတ်၍ ဟာရှင်မ်၏ဆွေမျိုးတစ်ဦးတစ်ယောက်မှ မသိလိုက်ရပေ။

ဟာရှင်မ်ကွယ်လွန်ပြီးရှစ်နှစ်ခန့် ကြာတော့မှသာလျှင် ဟာရှင်မ်၏ညီ မုသွာလိဘ်သည်”ရှိုင်ယ်ဗာ” သည် ဟာရှင်မ်၏သားဖြစ်သည်ဟူသောအချက် အားစုံစမ်းမိလေတော့သည်။ ၎င်းနောက် မုသွာလိဘ်သည် သူ၏ အစ်ကိုသားဖြစ်သူ “ရှိုင်ယ်ဗာ” အားမက္ကဟ်မြို့သို့ခေါ်ဆောင်ခဲ့လေသည်။ မုသွာလိဘ် နှင့် ရှိုင်ယ်ဗာ တို့နှစ်ဦး မက္ကဟ်မြို့သို့ ဝင်ရောက်လာသောအခါ လူအများက ရှိုင်ယ်ဗာ အားမုသွာလိဘ် ၏ ကျွန်အဖြစ်မှတ်ထင်မိကြသည့်အလျောက် “အဗ်ဒုလ် မုသွာလိဘ်”(မုသွာလိဘ် ၏ကျွန်) ဟူ၍သာခေါ်ဝေါ် နှုတ်ကျိုးခဲ့ကြလေတော့သည်။ ဤသို့ဖြင့် ဟာရှင်မ်၏ သား ရှိုင်ယ်ဗာ သည်မူလအမည်ပျောက်၍ “အဗ်ဒုလ် မုသွာလိဘ်” ဟူ၍သာ ကျော်ကြားလာခဲ့သည်။

အဗ်ဒုလ် မုသွာလိဘ် သည် အလွန်ခန့်ညားတည်ကြည် ရှုချင်စဖွယ် ရုပ်ရည် ရှိသူအဖြစ်ကြီးပြင်း လာခဲ့ပြီး ကုရိုက်ရှ် လူမျိုးစု၏ အရေးပါသောခေါင်းဆောင်တစ်ဦး

အဖြစ်ရပ်တည်လာခဲ့ပေသည်။ သူသည် ကုရိုက်ရှ်လူမျိုးစု၏ အဓိပတိ ဖြစ်လာခဲ့ပြီး သူ၏ ရက်ရောမှုကြောင့် “ရက်ရောသူ အဗ်ဒုလ် မုသွာလိဘ်” အဖြစ်ထင်ရှားခဲ့သည်။ သူသည်ပိုလျှံနေသော အစားအသောက်များအား မရှိဆင်းရဲသားများသာမက တိရိစ္ဆာန် များနှင့် ငှက်များအားလည်း ရက်ရောစွာ ကျွေးမွေးစောင့်ရှောက်သူဖြစ်သည်။ ဤအတွက်ကြောင့် လူအများကသူ့အား “မြေပြန့်ရှိ လူများ၊ သားရဲ တိရိစ္ဆာန်များ နှင့်တောင်ပေါ်ရှိငှက်များအားကျွေးမွေးစောင့်ရှောက်သူ” ဟုခေါ်ဝေါ်လာကြပြန်လေသည်။

အဗ်ဒုလ် မုသွာလိဘ် သည် ဇမ်ဇမ်ရေတွင်းကို ပြန်လည်ရှာဖွေတွေ့ရှိသူဟူသော ဂုဏ်ကိုလည်းပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ဤရေတွင်းသည် တမန်တော်အိစ္စမာအီလ် ကလေးသူငယ်ဘဝက သူ၏မိခင်ဟာဂျရဟ်သခင်မကြီးက သဲကန္တာရတွင် ပြေးလွှားရေ ရှာနေခဲ့စဉ် ကလေးငယ်တမန်တော်အိစ္စမာအီလ်သဲပြင်ခြောက်ခြောက်ကို ခြေဖြင့်ကန်ကျောက်ရာမှ အလ္လာဟ့်အလိုတော်ဖြင့် ရေထွက်လာခဲ့သောရေတွင်းဖြစ်လေသည်။ ဂျုရ်ဟုမ်အမည်ရှိ လူမျိုးစုသည် မက္ကဟ်မြို့မှ နယ်နှင်ဒဏ်ပေးခံရသောအခါဤရေတွင်းအားဖုံးအုပ်ဖျောက်ဖျက်သွားရာမှ အဗ်ဒုလ် မုသွာလိဘ် ကပြန်လည်ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။

အဗ်ဒုလ် မုသွာလိဘ်လက်ထက်တွင် ကျူးကျော်သူ အဘိစီးနီးယန်း (အီသိယိုပီးယန်း) ခရစ်ရှန်ဘုရင်အဘ်ရဟာ က ကအ်ဗဟ်ကျောင်းတော်ကို ဖျက်စီးရန် ကြီးမားလှသော ဆင်တပ်ကြီးဖြင့် မက္ကဟ်မြို့ကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့လေသည်။ ဤအကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် ၁၀၅တွင် အလ္လာဟ်အရှင်မြတ်ကမိန့်ဆိုထားလေသည်။ ယင်းအဘ်ရဟာသည် စစ်သားပေါင်းခြောက်သောင်းဖြင့်ဖွဲ့စည်းထားသော စစ်တပ်ကြီးကို ဦးစီး၍ စစ်ချီလာခဲ့ခြင်းဖြစ်သည်။ ဤသို့ဖျက်စီးရန် အကြံမည်သို့ဖြစ်တည်လာသနည်းဟူမူ ၎င်းအဘ်ရဟာသည် ယီမင်ပြည်တွင် အလွန်ကြီးမားခမ်းနားသောသောခရစ်ရှန်ချာခ်ျ ကို တည်ဆောက်ခဲ့သော်ငြှားလည်း ကအ်ဗဟ်ကျောင်းတော်တွင်သာ ဘုရားဖူးများဖြင့်စည်ကားနေခြင်းကြောင့် မနာလိုမရှုစိမ့်ဖြစ်ခဲ့ခြင်း အကြောင်းခံကြောင့်ပင်။

ယင်းခရစ်ရှန်ဘာသာဝင်ဘုရင် အဘ်ရဟာ၏စစ်တပ်အား အလ္လာဟ်အရှင်မြတ်က မည်သို့မည်ပုံရှုံးနိမ့် ပျက်စီးစေခဲ့ကြောင်း စူရဟ် ၁၀၅ ဘာသာပြန်အားဖတ်ရှု ကြည့်ကသိနိုင်ပါသည်။ဤသည်ကား အလ္လာဟ်အရှင်မြတ်အားဝတ်ပြုရန်မျက်နှာလှည့် ရာ အမှတ်သညာ ကျောင်းတော်အားဖျက်စီးရန်ကြံရွယ်သူတို့အတွက် လောကီပြစ်ဒဏ်ပင်။ မက္ကဟ်သမိုင်း၏ဤအဖြစ်အပျက်ကြောင့်အဘ်ရဟာ၏ စစ်တပ်ကြီးအားဆန့်ကျင်၍ ကြံ့ကြံ့ခံရပ်တည်ခဲ့သော အဗ်ဒုလ် မုသွာလိဘ် ၏ စိတ်ဓာတ်သည် လည်းမှတ်တမ်းတွင်ခဲ့လေသည်။ အဗ်ဒုလ် မုသွာလိဘ်သည် သူ၏ ပိုင်ဆိုင်မှုများအတွက်အဘ်ရဟာအားရဲဝံ့စွာဆန့်ကျင်ခဲ့ပြီး၊ ကအ်ဗဟ်ကျောင်းတော်ကိုမူ ပိုင်ရှင်ဖြစ်သည့် အလ္လာဟ်ကသာစောင့်ရှောက်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ခဲ့သည်။ (အဗ်ဒုလ် မုသွာလိဘ်၏ယုံကြည်မှုကဲ့သို့ကျွန်ပ်တို့ မုစ်လင်မ်များ ယုံကြည်ကျင့်သုံးရမည်ဟုလုံးဝမဆိုလိုပါ။ သမိုင်းလာ အဗ်ဒုလ် မုသွာလိဘ်၏ ခံယူယုံကြည်ခဲ့ပုံကိုသာ ရေးပြခြင်းဖြစ်ပါသည်။)

အဗ်ဒုလ် မုသွာလိဘ်၏ သားဖြစ်ပြီး ကိုယ်တော်မြတ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ဖခင်ဖြစ်သူ အဗ်ဒုလ္လာဟ် သည် အလွန်ခန့်ညားကြည့်ချင် ရှုချင်စဖွယ် သောလူငယ် တစ်ဦးဖြစ်သည်။အဗ်ဒုလ္လာဟ် သခင် သည် ဝဟ်ဘ် ဘင်န် အဗ်ဒုမုနာဖ်၏သမီးအာမိနာသခင်မနှင့်ထိမ်းမြားလက်ထပ်ခဲ့ပြီးများမကြာမီပင် အာမိနာသခင်မသည် ကိုယ်ဝန်ရှိလေတော့သည်။ သို့သော် မီးမဖွားမှီပင် အဗ်ဒုလ္လာဟ်သခင်အားသူ၏ ဖခင်က ယသ်ရိဘ် သို့ ကုန်ရောင်းကုန်ဝယ်ကိစ္စအလို့ငှါစေလွှတ်ခဲ့ရာ လမ်းခရီးတွင်အဗ်ဒုလ္လာဟ်သခင် ကွယ်လွန်ရှာလေသည်။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ

The Sage

Friday, August 7, 2009

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (၁)

အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ်လာဟိ ဝဗရကဟ်

ကျွန်တော့်ရဲ့လေးစားချစ်ခင်အပ်ပါသော သာသနာ့ညီအစ်ကိုတော်၊ ညီအစ်မတော်များရဲ့ သာသနာ့ "အသိ" တိုးပွါးစေလိုသော ရည်ရွယ်ချက်မွန် နဲ့ ဤ "မုဟမ္မဒုရ်ရစူလုလ္လာဟ်"(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အခန်းဆက် ပို့စ်ကို စတင်ရေးသားရခြင်း ဖြစ်ပါတယ်။ဒီခေါင်းစဉ်ဟာ ကျွန်တော်တို့ အလွန်အင်မတန်ချစ်ကြည်မြတ်နိုးကြတဲ့ စကြဝဠှာခပ်သိမ်း၊လောကခပ်သိမ်း အတွက် မဟာကရုဏာတော်တစ်ရပ်အဖြစ် စေလွှတ်ခြင်းခံရတော်မူသောကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ရဲ့ ဘိုင်အိုဂရာဖီ ကို ကျွန်တော်သိသမျှ ၊လက်လှမ်းမှီသမျှ ထဲက ကောက်နှုတ် ရေးသားခြင်းပါ။ ကိုယ်တော်မြတ်ရဲ့ အင်မတန်မြင့်စွင့်လှစွာသော ဘဝ နဲ့ စာရိတ္တ တော်ကို အပြည့်အစုံ ဖော်ကြူးနိုင်ဖို့ ကျွန်တော့်ရဲ့ ကလောင်သွားမှာအင်အား စွမ်းပကားလုံးဝမရှိပါဘူး။ အဲဒီ အတွက် ကျွန်တော့်အရေးအသားတွေမှာအမှားအယွင်း လိုအပ်ချက်များရှိခဲ့လျှင်၊ ကျွန်တော့်ရဲ့အားနည်းချက် သက်သက်သာဖြစ်ပါတယ်။ အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်စေ၊ မရှင်းလင်းသောအချက်တစ်ခုခု ဖြစ်စေ၊ မြင်တွေ့မိပါက စာရှု "အသိ" ယူသူ ညီအစ်ကိုတော်၊ ညီအစ်မတော်များအနေနဲ့ ကျွန်တော့်အား ပြုပြင်ပေးစေလိုပါတယ် လို့မေတ္တာရပ်ခံရင်း............

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသောအလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။

အလ္လ္လာဟုမ္မဆွလ္လိအလာ မုဟမ္မဒင်န်၊ ဝအလာ အားလိ မုဟမ္မဒင်န်၊ ကမာဆွလ်လိုင်သ၊အလာ အိဗ်ရာဟီးမ၊ ဝအလာ အားလိ အိဗ်ရာဟီးမ၊ အင်န်နက ဟမီးဒုန် မဂျီးဒ်။

အလ္လ္လာဟုမ္မ ဗားရိက်၊ အလာ မုဟမ္မဒင်န်၊ ဝအလာ အားလိ မုဟမ္မဒင်န်၊ ကမာဗားရတ်က်သ၊အလာ အိဗ်ရာဟီးမ၊ ဝအလာ အားလိအိဗ်ရာဟီးမ၊ အင်န်နက ဟမီးဒုန် မဂျီးဒ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ်

ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ် မျိုးရိုးစဉ်ဆက်မှတ်တမ်းတင်ခြင်းသည် အာရေဗျလူမျိုးတို့၏ အဝန်းအဝိုင်းတွင် အလွန်အရေးပါသောအမှုတစ်မှုဖြစ်သည့်အလျောက်၊ ကိုယ်တော်မြတ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ မျိုးရိုးဆင်းသက်ပုံသည်လည်း တိကျသေသပ်စွာမှတ်တမ်းတင်ထားခြင်းခံခဲ့ ရပေသည်။ ကိုယ်တော်မြတ် သည် တမန်တော်ကြီး အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်)၏ သားတော်ကြီး တမန်တော်အိစ္စမာအီးလ်(အလိုင်ဟိစ္စလာမ်) မှတစ်ဆင့်ဆင်းသက်လာသူ အရဗ်စစ်စစ်ဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင် အထက်အဆက်အနွယ် မျိုးရိုး အစဉ်အဆက်ကို ဖော်ပြရသော်................

မုဟမ္မဒ် ဘင်န် အဗ်ဒုလ္လာဟ် ဘင်န် အဗ်ဒုလ် မုသွာလိဘ် ဘင်န် ဟာရှင်မ် ဘင်န် အဗ်ဒုမုနားဖ်ဘင်န် ကုဆိုင်ယ် ဘင်န် ကိလဘ် ဘင်န် မုရ်ရဟ် ဘင်န် ကအဘ် ဘင်န် လုအိယ် ဘင်န် ဂါလိဘ်ဘင်န် ဖိဟ်ရ် ဘင်န် မာလိက် ဘင်န် နာဒိရ် ဘင်န် ကိနာနာ ဘင်န် ခုဇိုင်ယ်မဟ် ဘင်န် မုဒ်ရိကာဘင်န် အိလ်ယားစ် ဘင်န် မုဒရ် ဘင်န် နိဇာရ် ဘင်န် မအဒ် ဘင်န် အဒ်နန်၊ အဒ်နန်သည် တမန်တော်အိစ္စမာအီးလ် မှတစ်ဆင့်ဆင်းသက်လာသူ ဖြစ်သည် ကို ပညာရှင်အားလုံးကအကွဲအလွဲမရှိ လက်ခံထားပေသည်။ ဤသည်ကား ကိုယ်တော်မြတ် ၏ ဖခင်အဆက်အနွယ်တည်း။ကိုယ်တော်မြတ်၏ မိခင်အမည်မှာ အာမိနာ ဖြစ်ပြီး၊ ကိုယ်တော်မြတ်၏ မိခင်ဘက်မှအဘိုး၏အမည်မှာ ဝဟ်ဘ် ဘင်န် အဗ်ဒုမုနာဖ် ဖြစ်ပေသည်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ လူမျိုးစု

ကိုယ်တော်မြတ်သည် အာရေးဗျပြည်တွင် ဂုဏ်သိက္ခာအရှိဆုံးသော လူမျိုးစု ဖြစ်သည့်ကုရိုက်ရှ် အနွယ်ဝင်ဖြစ်လေသည်။ ကုရိုက်ရှ်သည် ဖိဟ်ရ် ဘင်န် မာလိက် နှင့် နာဒိရ်ဘင်န် ကိနာနာ တို့၏ အပိုဆောင်းနာမည်ဖြစ်သည့်အားလျော်စွာ သူတို့၏သားမြေးတို့သည် နောက်ပိုင်းတွင် "ကုရိုက်ရှ်" ဟုထင်ရှားခဲ့ကြလေသည်။ကုရိုက်ရှ် လူမျိုးစုသည် အာရေးဗျ ကျွန်းဆွယ် တစ်ခွင်လုံးတွင် ဂုဏ်သိက္ခာကြီးမားသော လူမျိုးစုအဖြစ်ရပ်တည်လာခဲ့ကြသည်။ ကုရိုက်ရှ်လူမျိုးစုဝင်တစ်ဦးဖြစ်သောကုဆိုင်ယ် သည် ကုရိုက်ရှ် လူမျိုးတို့၏ ကြီးကျယ်မှုကို ဖြစ်တည်စေခဲ့သော အခန်းကဏ္ဍ များ တွင် အလွန်အရေးပါသော နေရာမှပါဝင်ခဲ့လေသည်။ ကုဆိုင်ယ် ၏အမည်ရင်းမှာ ဇိုင်ဒ် ဖြစ် ပြီး သူ၏ဖခင်ကွယ်လွန်ပြီးနောက် သူ၏ မိခင် ပြောင်းရွှေ့နေထိုင်ရာ ဆီးရီးယားပြည်အနီးရှိ အဇ်ရာ လူမျိုးစု တို့၏ ဒေသတွင် ကြီးပြင်းလာသူဖြစ်ပေသည်။ လုလင်ပျိုအရွယ်သို့ရောက်သောအခါသူသည် မက္ကဟ်မြို့သို့ ပြန်လာခဲ့ပြီး ကအ်ဗဟ်ကျောင်းတော်အုပ်ချုပ်ရေးအခွင့်အာဏာ ကို ပေးအပ်ခြင်းခံခဲ့ရသည်။ ဤမြင့်မားလှသော ရာထူးအဆင့်အတန်းအရ သူအလိုရှိသောအချိန်နှင့် သူအလိုရှိသော သူအား ကအ်ဗဟ် ကျောင်းတော်တံခါးကိုဖွင့်ပေးရန် အာဏာလည်းရရှိခဲ့ပေသည်။ မက္ကဟ်မြို့သို့လာရောက်သော ဘုရားဖူးခရီးသည်များအား မြို့ခံများမှ အစားအသောက်များချက်ပြုတ်ကျွေးမွေး ဧည့်ခံခြင်း၊ ပျားရည်၊ စွန်ပလွန်သီး နှင့် စပျစ်သီးခြောက်များဖြင့် ပြုလုပ်ထားသော အဖျော်ယမကာများတည်ခင်းခြင်း၊စသည့်ဓလေ့တို့ကိုလည်း စတင်ခဲ့သူဖြစ်သည်။ သူသည် ကအ်ဗဟ်ကျောင်းတော်၏မြောက်ဖက်တွင် ဒါရုလ်နဒ်ဝဟ် အမည်ရှိအဆောက်အအုံ
ကြီးတစ်ခုကိုလည်းတည်ဆောက်ခဲ့ပြီး၊ ယင်းအဆောက်အအုံ သည် အရဗ်လူမျိုးစု အသီးသီးတို့၏စည်းဝေးရာ၊ လူမျိုးစုလွှတ်တော်ဌာနေ အဖြစ်လည်းကောင်း၊ လက်ထပ်ပွဲများကျင်းပရာခန်းမဆောင်ကြီးအဖြစ်လည်းကောင်း တည်ရှိခဲ့ပေသည်။

၎င်းပြင် သူသည် ကုရိုက်ရှ်လူမျိုးစု ၏ နိုင်ငံရေး၊ စီးပွါးရေး၊ စစ်ရေး စသည်တို့၏ အခွင့်အာဏာကို ယုံပုံလွှဲအပ်ခြင်း ခံခဲ့ရသူလည်းဖြစ်သည်။ သူ၏ မျိုးချစ်စိတ်ဓာတ် ထက်သန်မှု၊ သဘောထားကြီးမှု၊ ညဏ်အမြှော်အမြင်ကြီးမှုတို့ကြောင့် သူ၏ဦးဆောင်မှုကို မျိုးနွယ်စုဝင်အားလုံးက ကြည်ဖြူကျေနပ်စွာနာခံခဲ့ပြီး နောက်ပိုင်းတွင် ကုရိုက်ရှ်လူမျိုးစုသည် ကျွန်းဆွယ်တစ်လျှောက် ပွါးများ ပြန့်နှံ့လာခဲ့ပေသည်။ဤသည်ကား ကိုယ်တော်မြတ် ၏ မျိုးနွယ်စု "ကုရိုက်ရှ်" အကြောင်း တစ်စေ့တစ်စောင်းပင်။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၃)

အောက်ကပို့စ်မှာ ရမသွာန် ၊ဆွိယာမ် ရဲ့ ထူးမြတ်မှု ကို ဖော်ကျူးထားတဲ့ ဆွဟီးဟ်ဗုခါရီလာ ကိုယ်တော်မြတ် ရဲ့ရွှေနှုတ်တော်ထွက် ဟဒီးစ် ဩဝါဒ တော် ၃ ပုဒ် ကို တင်ပြခဲ့ပါတယ်။ ယခုပို့စ် မှာတော့ ဆွဟီးဟ် မုစ်လင်မ်ကျမ်းလာ ဟဒီးစ်တော် ၃ ပုဒ်ကို တင်ပြပေးပါ့မယ် ခင်ဗျား ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ "ရမသွာန်လမြတ် ရောက်သည့်အခါမဟာကရုဏာတော် တံခါးများသည် ဖွင့်လှစ်ခြင်းခံရပြီး၊ ငရဲ တံခါးများသည် ပိတ်ပစ်ခြင်းခံရလေသည်။ ၎င်းပြင် မိစ္ဆာကောင်များသည် ခြေကျင်းခတ်ခြင်းခံကြရလေသည်။"

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၃၆၁)။


အလ္လာဟ်အရှင်မြတ် ရဲ့ မဟာကရုဏာတော်ဟာ အဖန်ဆင်းခံတွေအပေါ် အမြဲကျရောက်နေတာပါ။ဒီဟဒီးစ်တော်မှာ ပါတဲ့ "မဟာကရုဏာတော် တံခါးများ" ဆိုတာ ဂျန္နဟ် ရဲ့ တံခါးတွေကို ဆိုလိုတယ်လို့ယူဆနိုင်ပါတယ်။ မိစ္ဆာကောင် ဆိုတာက ဂျင်န်အနွယ် ရှိုင်သွာန် တွေကိုပြောတာပါ။ ဂျင်န်အနွယ်ရှိုင်သွာန်ကောင်တွေ အချုပ်ခံရ ပေမယ့် သူတို့ရဲ့ မိတ်ဆွေရောင်းရင်းတွေဖြစ်တဲ့ လူရှိုင်သွာန်တွေကရမသွာန် လမှာ ပိုပြီးထကြွ တတ်ပါတယ်။ အဲဒါကို သတိထားဖို့လိုပါတယ်။

ဒုတိယ ဟဒီးစ် တော်တစ်ပုဒ်ကတော့...........

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ "အလ္လာဟ်အရှင်မြတ် ၏ လမ်းတော် တွင်(အလ္လာဟ်အရှင်မြတ် အတွက်ရည်စူး၍) ဆောင်မ် တစ်ရက် ဆောက်တည် သူ အတွက် အလ္လာဟ်အရှင်မြတ်က ထိုသူရဲ့ မျက်နှာ ကို ငရဲမီးနှင့် (ဂျဟန္နမ်နှင့်) နှစ်ပေါင်း ခုနှစ်ဆယ် နှင်ရသည့် အကွာအဝေး၌ထားတော်မူမည်"။

ဆင့်ပြန်သူ-အဗူစအီးဒ် ခုဒ်ရီ (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၅၇၂)။



တစ်ရက် ဆောင်မ် ဆောက်တည် ရုံ နဲ့ ငရဲမီး နဲ့ နှစ်ပေါင်း ခုနှစ်ဆယ် အကွာအဝေးမှာ ထားတော်မူမယ်ဆိုရင်၊ ရက်ပေါင်း (၃၀) (သို့) (၂၉) ဆိုရင် နှစ်ပေါင်း ၂၁၀၀ (သို့) ၂၀၃၀ ပါ။ သို့သော် ဆွိယာမ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့တော့ အတိအကျ ကိုက်ညီရပါ့မယ်။ ချွတ်ယွင်းချက်တွေနဲ့ ဆွိယာမ်(ဥပမာ-ဆောင်မ် ဆောက်တည်ပြီး အတင်းပြောခြင်း၊ဆဲဆိုခြင်း၊ဒေါသထွက်ခြင်း) မဖြစ်ဖို့တော့လိုတယ်လို့ ယူဆပါတယ်။

ခုတစ်ခါတင်ပြမှာက တတိယမြောက်ဟဒီးစ်တော်ပါ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ "ဂျန္နဟ် သုခဘုံ ဥယျာဉ်တွင် ရေယန် မည်သောတံခါးပေါက်ရှိ၏။ ဆွိယာမ်ဆောက်တည် သူများမှအပ အခြားမည်သူမျှ ကိယာမဟ် နေ့တွင် ထိုတံခါးပေါက်မှဝင်ခွင့်ရကြမည်မဟုတ် (ဆွိယာမ်ဆောက်တည် သူများအတွက်သီးသန့်တံခါး ဖြစ်၏)၊ ထိုနေ့တွင်"ဆွိယာမ်ဆောက်တည် သူများအဘယ်သို့ရောက်နေကြသနည်း။ ဤ တံခါးမှ ဝင်ကြရန်ဖြစ်သည်"(ဆွိယာမ်ဆောက်တည် သူများ ဤတံခါးမှ ဝင်ကြ)။ ဆွိယာမ်ဆောက်တည် သူများ အနက်မှ နောက်ဆုံးလူ ဝင်ရောက်ပြီးသည့် အခါ ထိုတံခါးသည် ပိတ်သွားမည်ဖြစ်ပြီး အခြားမည်သူမျှ ထိုတံခါး မှ ဝင်ကြရမည်မဟုတ်ပေ။"

ဆင့်ပြန်သူ-စဟလ် ဘင်န် စအဒ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် မုစ်လင်မ်၊ ကျမ်းငယ် (၆) ဆွိယာမ် ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၂၅၆၉)။


ညီအစ်ကိုတော် ညီအစ်မတော် အားလုံး အထက်ပါဟဒီးစ်တော်မှာ ညွန်းထားတဲ့ "ဆွာအင်မ် များအတွက်သာ"ဆိုတဲ့ ရေယန် တံခါးပေါက်ကနေ ဝင်ခွင့် ရရှိကြပါစေ လို့ အလ္လာဟ်အရှင်မြတ် ထံတော်ပါးမှာ ဆုမွန်ကောင်းတောင်းရင်း........... ခဏနားပါဦးမည်ခင်ဗျား။

လေးစားပါတယ်ဗျာ
The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(၂)

အလ္လာဟ် အရှင်မြတ် အလိုတူတော်မူသဖြင့် ရမသွာန်လမြတ် နှင့် ဆွိယာမ် တို့၏ ထူးမြတ်မှုများနှင့်ပတ်သတ်သည့် ကိုယ်တော်မြတ် ၏ ရွှေနှုတ်တော်ထွက် ဟဒီးစ်တော်များကို တင်ပြခွင့် ကျွန်တော်ရရှိပေပြီ။ ရမသွာန်လမြတ် နှင့် ဆွိယာမ် တို့၏ ထူးမြတ်မှု နှင့်ပတ်သတ်သည့် ဟဒီးစ်တော်အမြောက်အများရှိသော်လည်း ဤ ပို့စ် တွင် အနည်းငယ်မျှကို သာ တင်ပြရန် ရည်ရွယ်ထားပါသည်။ တင်ပြပါရစေလားခင်ဗျာ....။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ "အစ္စလာမ် သည် ငါးခုသော အရာကိုအခြေခံထားသည်။ (၎င်းတို့မှာ)

၁။ အလ္လာဟ်အရှင်မြတ် မှ အပအခြားမည်သူ မှ ကိုးကွယ်ခြင်းခံမထိုက်၊ မုဟမ္မဒ် သည် အလ္လာဟ်အရှင်မြတ် ၏တမန်တော်ဖြစ်သည် ဟု သက်သေခံခြင်း။

၂။ ဆွလားသ် ကို တာဝန်ကျေအောင် နှင့် အပြည့်အဝ ဝတ်ပြုတည်ဆောက်ခြင်း။

၃။ ဇကားသ် ပေးခြင်း။

၎။ ဟဂ်ျ ပြုခြင်း။

၅။ ရမသွာန်လတွင် ဆွိယာမ် ဆောက်တည်ခြင်း။


ဆင့်ပြန်သူ-အိဗ်နိ အုမရ် (ရသွီယလ္လာဟ်ဟု သအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) ယုံကြည်ချက်ဆိုင်ရာ ကျမ်းငယ်၊ ဟဒီးစ်အမှတ် (၇)။


အထက်ပို့စ် မှာတင်ပြ ခဲ့တဲ့ ကုရ်အာန်န် အာယဟ်တော်တွေမှာ အလ္လာဟ်အရှင်မြတ် ကရမသွာန် နဲ့ ဆွိယာမ်ရဲ့ထူးမြတ်မှုတွေ ကို မိန့်ကြားထားတာတင်ပြခဲ့ပါတယ်။ ယခုတင်ပြလိုက်တဲ့ ဗုခါရီ ကျမ်းလာ ဟဒီးစ်တော်မှာတော့ ကိုယ်တော်မြတ် က ဆွိယာမ်ဟာ အစ္စလာမ့် အုတ်မြစ် ငါး ခု ထဲက တစ်ခု အပါအဝင် ဖြစ်တယ်လို့ထပ်ဆင့်ရှင်းလင်းတော်မူထားပါတယ်။ ဒီဟဒီးစ်တော်မှာ မိန့်ထားတဲ့ဆွိယာမ် ဟာအခြားအချိန်အခါတွေမှာကိုယ့် ဆန္ဒနဲ့ကိုယ် ရည်ရွည်ပြီး ဆောက်တည် တဲ့ နဝါဖွိလ် ဆွိယာမ် တွေ မဟုတ်ပါဘူး။ရမသွာန်လ မှာဆောက်တည် တဲ့ ဆွိယာမ် ပါ။

ဗုခါရီ ကျမ်းလာ နောက်ဟဒီးစ် တော် တစ်ပုဒ်ကို တင်ပြပါဦးမယ်။

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်တော် မူ ခဲ့သည်မှာ၊ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ "အာဒမ် (အလိုင်ဟိစ္စလာမ်) ၏ သားမြေးတို့ပြုလုပ်သော ကောင်းမှု ဟူသရွေ့ သည်၎င်း တို့အဖို့သာဖြစ်သော်လည်း၊ ဆွိယာမ် ဆောက်တည်ခြင်းမှာမူ ငါ ၏ အတွက်ဖြစ်လေသည်။ သို့အတွက် ငါ ကိုယ်တိုင် ဆုလာဘ် ချီးမြှင့်တော် မူမည်ဖြစ်သည်။" ဆွိယာမ် သည် ငရဲမီးနှင့် ပြစ်မှုဒုစရိုက်တို့မှ ကာကွယ်ပေးသော ဒိုင်း (လွှား၊ကာ) ဖြစ်လေသည်။ သင်တို့အနက်တစ်ဦးတစ်ယောက်သည် ဆွိယာမ်ဆောက်တည်သည့် အခါ မိမိ ၏ ဇနီးနှင့် ကိုယ်လက် နှီးနှောခြင်း၊ အငြင်းအခုံပြုခြင်း တို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ အခြားတစ်စုံတစ်ဦးက ဆွိယာမ် ဆောက်တည်နေသူအား လာရောက် အငြင်းအခုံပြု၊ခိုက်ရန်ပြုလာလျှင်၊ "ကျွန်ပ် သည် ဆွာအိမ် (ဆွိယာမ် ဆောက်တည်သူ) ဖြစ်သည်" ဟုပြောဆိုရမည်။ ငါ ၏ အသက်ဝိညာဉ် ကို စိုးပိုင်တော် မူသော အလ္လာဟ်အရှင်မြတ် ကို တိုင်တည်၍ ငါပြောမည်။ဆွိယာမ် ဆောက်တည်သော သူ ၏ ခံတွင်းမှ ထွက်သော မသာယာဖွယ် အနံ့ သည် အလ္လာဟ်အရှင်မြတ်အထံတော်တွင် မူရှ်က် (ကတိုးနံ့) ထက် သာလွန် ပေသည်။ ဆွိယာမ် ဆောက်တည်သူ အတွက်ဝမ်းမြောက်ဖွယ်ရာ ကောင်းခြင်း နှစ်ခု ရှိသည်။ တစ်ခုသည် အိဖ်ွသာရ် လုပ်နေချိန်တွင် ဖြစ်ပြီး၊ ကျန်တစ်ခုသည်သူ၏ အရှင်နှင့်တွေ့ဆုံ ချိန်တွင်ဖြစ်လိမ့်မည်၊ ထိုအခါ သူ၏ ဆွိယာမ် အတွက်ကျေနပ်နှစ်သိမ့်ပေလိမ့်မည်။

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၃) ကျမ်းငယ်အမှတ် (၃၁) ဆွိယာမ်ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် ၁၂၈။

ဒီ ဟဒီးစ်တော်မှာ တော့ ဆွိယာမ် ကျင့်စဉ်ဟာ အခြားကျင့်စဉ်တွေနဲ့ မတူကြောင်း၊ အလ္လာဟ်အရှင်မြတ်အလွန်နှစ်သက်တော်မူ တဲ့ ကျင့်စဉ် ဖြစ်ကြောင်း မိန့်တော်မူထားပြီး၊ ဆွာအိမ် တွေရရှိမယ့် အကျိုးဆုလာဘ် အကြောင်းကိုလည်း မိန့်တော်မူထားပါတယ်။ ပြီးတော့ ဆွိယာမ် ဆောက်တည်နေသူ တွေ အထူးရှောင်ကြဉ်ရမယ့် အချက်အချို့ကိုလည်း မိန့်တော် မူထားပါသေးတယ်။

နောက်ထပ် ဟဒီးစ် တော် တစ်ပုဒ် ကို လည်းတင်ပြပါဦးမယ်။ ဆွဟီးဟ် ဗုခါရီကျမ်းလာပါဘဲ။

အလ္လာဟ် အရှင်မြတ် ၏ တမန်တော် မိန့်တော်မူ ခဲ့ သည်။ စစ်မှန်ဖြူစင်သော ယုံကြည်ခြင်း သဒ္ဓါတရားထားရှိပြီး၊အလ္လာဟ်အရှင်မြတ် အထံတော်မှ အကျိုး ဆုလာဘ် မျှော်ကိုး၍ ရမသွာန် လတွင် ဆွိယာမ် ဆောက်တည်သည့် လူ၏ အတိတ်တွင်ပြုခဲ့သော အပြစ်များအားလုံးကို အလ္လာဟ် အရှင်မြတ်က ခွင့်လွှတ်တော်မူမည်။

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ် ဟုသအာလာ အန်ဟု)
ကျမ်း-ဆွဟီးဟ် ဗုခါရီ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) ယုံကြည်ချက်ဆိုင်ရာ ကျမ်းငယ်၊ ဟဒီးစ်အမှတ် (၃၇)။


ဒီ ဟဒီးစ်တော် နဲ့ ပတ်သတ်ပြီး အချို့က မေးလာနိုင်ပါတယ်။ "ရမသွာန်လ မှာ ဆွိယာမ် ဆောက်တည်လိုက်တာနဲ့အရင်က အပြစ်တွေအားလုံး ခွင့်လွှတ် မယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ? ပြုတဲ့အမှု သေးသေးလေးအတွက် ရတဲ့အကျိုးက အဲလောက်ကြီးနေတာ၊ ဒီဟဒီးစ် က စစ်မှန်တဲ့ဟဒီးစ် ဟုတ်ပါ့မလား? ဖြစ်နိုင်ပါ့မလား?" ကျွန်တော့်ရဲ့အဖြေကတော့ အလ္လာဟ် အမိန့်ပေးထားတဲ့ ဆွိယာမ် ကို ခြွင်းချက် အနာအစာ မရှိ သာဆောက်တည်လိုက်ပါ။အလ္လာဟ် အရှင်မြတ် က မုချ ခွင့်လွှတ်တော်မူမှာပါ ဆိုတာပါ။

အင်န်ရှာအလ္လာဟ် ဟုသအာလာ၊ နောက်ပို့စ်မှာ ဆွဟီးဟ် မုစ်လင်မ် ကျမ်းလာ ဟဒီးစ်တော် သုံးပုဒ် ကို တင်ပြပေးပါ့မယ်။

လေးစားပါတယ်ဗျာ
The Sage

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(1)

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။

ဗရကားသ်ဖြင့် လွှမ်းမိုးခဲ့သော ရဂျဗ် လ ကုန်ဆုံးပြီး၊ ဗရကားသ် ဖြင့် အတိပြီးသော ရှအ်ဗာန် လ သည်လည်း ရက်သတ္တ ကုန်ခဲ့၍၊ ရဟ်မသ်၊ ဗရ်ကသ်၊ မဂ်ဖွိရသ် စသည့် ကောင်းခြင်းအဖြာဖြာ ဖြင့် ကျွန်တော်တို့ လွှမ်းခြုံ ခြင်းခံရမည့် ရမသွာန် လမြတ် သည် တစ်ရွေ့ရွေ့နီးကပ်လာနေပြီ။ ထိုမြတ်သော လ ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ဤ "လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်" ဟူသော ခေါင်းစဉ် ကို ကျွန်တော်ရေးသားရခြင်းဖြစ်ပါသည်။ ရမသွာန် လမြတ် တွင် ကျင့်ဆောက်တည်ရသော ဆွိယာမ်ကျင့်စဉ်၊ သရာဝီဟ် ကျင့်စဉ်၊ ဇကားသ် (ဆင်းရဲသား ရပိုင်ခွင့်) တို့ ၏ အကြောင်းကိုကျွန်တော်မှတ်သားထားသမျှ မှတ်စုများ ထဲမှ ထုတ်နှုတ် ရေးသားတင်ဆက်သွားပါမည်။

အင်န်ရှာအလ္လာဟ် ဟု သအာလာ လမြတ် ရမသွာန် ၏ ဆန်းဦးစ လ ကို မမြင်တွေ့မီ ဤ တော့ပစ်အားအပြီးရေး မည် ဟု ရည်ရွယ်ထားပါသည်။ အို-အလ္လာဟ် အရှင်မြတ်၊ကျွန်တော်မျိုးအား အင်အားပေးသနားတော်မူပါ။

အာမီးန်.........................။

ရမသွာန် လမြတ် ၏ ထူးမြတ်မှု နှင့် ဆွိယာမ်

ရမသွာန် လမြတ် ၏ ထူးမြတ်မှု နှင့်ပတ်သတ်၍ အလ္လာဟ်အရှင်မြတ် ၏ မိန့်ကြားချက်များဖြစ်သောကျမ်းတော်မြတ် ကုရ်အာန် အာယဟ်တော် များကို ဦးစွာ တင်ပြပါမည်။ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်တော်၂၊ အာယဟ်တော် ၁၈၅ တွင်
( "ဆွိယာမ်" ဥပုသ် ဆောက်တည်ရန် အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက် များသည်) ရမသွာန် လ ပင် ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန် ကျမ်းတော်မြတ်သည်ကျရောက်လာ ခဲ့လေသည်။ (ယင်းကုရ်အာန်ကျမ်းတော် မြတ်သည်) လူသားခပ်သိမ်း တို့အဘို့ တရားဓမ္မအဖြစ် ၎င်း၊ တရားလမ်းမှန် ရစေသော အမှားအမှန် ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများ အဖြစ်၎င်း (ကျရောက်လာသော ကျမ်းတော်မြတ် ပင်တည်း)။ သို့ဖြစ်လေရာ အသင်တို့အနက်မည်သူမဆို ထို (ရမသွာန်) လမြတ်နှင့် ကြုံကြိုက်ခဲ့ပါ လျှင် ထိုသူသည် ယင်းလမြတ်၌ (တလပတ်လုံး) ဥပုသ် သီတင်း ဆောက်တည် ရပေမည်။.......။

အထက်ပါ အာယဟ်တော်တွင် ရမသွာန်လမြတ်တွင် ကုရ်အာန်ကျမ်းတော် မြတ်စတင် ကျရောက် ခဲ့ခြင်းဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်ကမိန့်တော်မူပြီး ရမသွာန်လ မြတ် ၏ ထူးမြတ်မှု ကို ဖော်ပြထားလေသည်။
တစ်ဖန် ကုရ်အာန် စူရဟ်တော် ၉၇၊ အာယဟ်တော် ၁ တွင်

ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်းကုရ်အာန် ကျမ်းတော်မြတ် ကို "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဥ့်၌ ချပေးသနားတော်မူခဲ့၏။ စင်စစ် "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဥ့် သည် အဘယ်နည်းဟုအသင်သိပါသလော။ "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဥ့် ကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏။ ထို ညဥ့် ၌ ကောင်းကင်တမန်များသည် လည်းကောင်း၊ ဂျစ်ဗ်ရိလ် သည်လည်းကောင်း၊မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသော အရှင်မြတ် အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စ အသီးသီးကို ယူဆောင်၍ ဆင်းသက်လာကြကုန်၏။ ထို ညဥ့် ကား နံနက်မိုးသောက် ချိန်တိုင် ငြိမ်းချမ်းသောညဥ့် ပင်ဖြစ်ချေသတည်း။(ငြိမ်းချမ်းမှုချည်းသာတည်း)။

ပထမ အာယဟ်တော်တွင် ကုရ်အာန်ကျမ်းတော်မြတ် သည် ရမသွာန် လမြတ်တွင်စတင်ကျရောက် ခဲ့ကြောင်းမိန့်ကြားထားပြီး ဤအာယဟ်တွင်မူ ကုရ်အာန်ကျမ်းတော်မြတ် သည် "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဥ့်၌ ကျရောက်ခဲ့သည် ဟု တိတိပပ မိန့်ကြားတော်မူထားလေသည်။ ၎င်းပြင် ယင်း "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဥ့် ၏ ထူးမြတ်မှုကို လည်း ဖော်ပြထားလေသည်။ ဤသို့ဖြင့် ရမသွာန်လမြတ် ၏ ထူးမြတ်မှုသည်ကုရ်အာန် ကျမ်းတော်မြတ် ၏ "နုဇူလ်" "ကျရောက်ခြင်း" နှင့် ပတ်သတ်ဆက်နွယ် နေသည် ဟု ကျွန်တော်တို့သိ
ရှိရပေသည်။
ကျွန်တော်တို့ မုစ်လင်မ်များ ဆွိယာမ် ဥပုသ် ဆောက်တည်ရန် အမိန့်တော်ပြဌာန်းကြောင်း ကို မူ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန် စူရဟ်တော် ၂၊ အာယဟ်တော် ၁၈၃ တွင် အောက်ပါအတိုင်းမိန့်ကြားတော်မူထားလေသည်။

အို- "မုအ်မင်န်" ယုံကြည်ခြင်း သဒ္ဓါတရား ရှိကြကုန် သော သူအပေါင်း တို့၊ အလ္လာဟ်အရှင်မြတ်သည်အသင်တို့ထက် အလျင်ရှိခဲ့ ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်း ဆောက်တည်ရန် ပညတ်တော်ကို ပြဌာန်း တော်မူသကဲ့သို့ပင် အသင်တို့အပေါ်၌ လည်း ဥပုသ်သီတင်း ဆောက် တည် ရန် အမိန့်တော်ကို ပြဌာန်း အတည်ပြုတော် မူခဲ့လေပြီ။ သို့ (ဥပုသ် သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည်ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင် သူများ ဖြစ်တန်ကြရာ၏။

အထက်ပါ အာယဟ် တော် အရ ဆွိယာမ် ဥပုသ်သီတင်း ဆောက်တည် ခြင်း အားဖြင့် ပြစ်မှုဒုစရိုက်တို့မှကြဉ်ရှောင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်က မုစ်လင်မ်တို့အား ပညတ် ခြင်းဖြစ်ကြောင်း ကို သိရှိရပေသည်။ သို့ဖြစ်ပေရာ ထူးမြတ်လှသည့် လမြတ်တွင် ပြစ်မှုဒုစရိုက် တို့မှ ကြဉ်ရှောင်ရန် ကျင့်စဉ်တစ်ခု ဖြစ်သည့်ဆွိယာမ် ဥပုသ်သီတင်း ဆောက်တည် ခြင်း သည် မည်မျှ ထူးမြတ်သည့် ကျင့်စဉ်ဖြစ်ကြောင်းကို ကျမ်းတော်မြတ် ကုရ်အာန် အရ ပြီဖြစ်လေသည်။ ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်)၏ ဟဒီးစ်တော်များ အရ ရမသွာန်လမြတ် နှင့် ဆွိယာမ် တို့၏ ထူးမြတ်မှုများကို နောက်ပို့စ် တွင် အနည်းငယ်မျှ တင်ဆက် ရေးသား ပါဦးမည် ဖြစ်ကြောင်း..........။

လေးစားပါတယ်ခင်ဗျာ
The Sage

Wednesday, July 29, 2009

အကြီးကျယ်ဆုံးသော တန်ခိုးပြာဋိဟာ သက်သေ လက္ခဏာတော်

အထက်ပါပို့စ် တွင် ကျမ်းတော်မြတ် ကုရ်အာန်သည် "ကိုယ်တော်မြတ် မုဟမ္မဒ်ရရှိခဲ့သော
အကြီးကျယ်ဆုံးသောတန်ခိုးပြာဋိဟာပင် မဟုတ်လော" ဟု ရေးသားတင်ပြအဆိုပြုခဲ့ပါသည်။
ယခုပို့စ် တွင်မူ အထက်ပါအဆို အား ထောက်ခံ ရှင်းလင်းမည့် တင်ဆက်မှု ကို နိဒါန်းပျိုးအစပြု
ရေးသား ပါမည်။

ကိုယ်တော်မြတ် မုဟမ္မဒ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မတိုင်မှီ ရှိနှင့် ခဲ့ကြသော နဗီ
တမန်တော်အားလုံးတို့ သည် အရှင်မြတ်အထံတော်မှ သူတို့ ယူဆောင်လာသော အမှန်တရား
(သောဝ်ဟီးဒ်) အား အထောက်အပံ့ပြုရန်အာယားသ် (သက်သေ လက္ခဏာတော်များ) ပေးအပ်ခြင်း
ခံခဲ့ကြရလေသည်။ တမန်တော်မူစာ (အလိုင်ဟိစ္စလာမ်) ၏ တန်ခိုးပြာဋိဟာတော်တစ်ရပ်ဖြစ်သည့်
ပင်လယ်ပြင် ကို နှစ်ခြမ်း ခွဲခြင်း၊ တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်) ၏ တန်ခိုးပြာဋိဟာတော်တစ်
ရပ်ဖြစ်သည့် သေသူကို တစ်ဖန်ပြန်ရှင်အောင် ပြုခြင်း၊ စသည့်အကြောင်းများသာ ကျမ်းတော်မြတ်
ကုရ်အာန်တွင် မပါဝင်ခဲ့ပါက မုစ်လင်မ်များသည် အထက်ပါ တန်ခိုးပြာဋိဟာများအား အဖြစ်မှန်များ
အဖြစ်လက်ခံယုံကြည် ရန် ဧကန်မုချ တွန့်ဆုတ် ကြမည်သာ၊ ငြင်းပယ်ကြမည်သာ။

အရိုးသားဆုံး တွေးခေါ်ရပါမူ အထက်ပါ ကဲ့သို့ သက်သေ လက္ခဏာတော်များ(သို့) တန်ခိုး
ပြာဋိဟာများတို့သည်မိမိကိုယ်တိုင် မမြင်တွေ့ခဲ့ဖူးသော ကျွန်ပ်တို့အပါအဝင်အခြားတို့အဖို့
ထိုစာအုပ် (ကုရ်အာန်) အား ရည်ညွန်းခြင်းမှအပ ယုံကြည်နိုင်လောက်အောင် အခြားခိုင်လုံသော
မည်သည့် သက်သေပြချက်မှ မပေးနိုင်သည့် ရှေး ပုံပြင်ဟောင်းများသဖွယ်ပင်။ မဟုတ်လော?
သို့သော် မုစ်လင်မ်များကမူ အထက်ပါကဲ့သို့သော တန်ခိုးပြာဋိဟာ သဘာဝလွန်များကိုကျမ်းတော
်မြတ် ကုရ်အာန်တွင် ဖော်ပြပါရှိနေ၍ သာ ယုံကြည်ကြလေသည်။ အဘယ်ကြောင့် ဆိုသော် ထိုကျမ်း
တော်မြတ်၏ စစ်မှန်တိကျ မှုကို မုစ်လင်မ်များကအကြွင်းမဲ့ယုံကြည်ကြသော ကြောင့်ပင်။ ထိုကုရ်အာန်ကျမ်းတော်မြတ်သည်အလ္လာဟ်အရှင်မြတ်၏ "စကားတော်" စစ်စစ်ဖြစ် သည်ဟု ယုံကြည်ကြသောကြောင့်ပင်။ မည်သည့်အတွက်ကြောင့်ဤသို့ယုံကြည်ကြသနည်း? ခိုင်လုံသော အကြောင်းပြချက်ကားရှိရမည်သာ။ ရှိသလော? သို့တည်းမဟုတ် "ငါတို့ကိုးကွယ်သည့်ဘာသာတရား၏ အထွတ်အမြတ်ထားရာကျမ်းဖြစ် ၍ ငါတို့ ယုံကြည်သည်" ဆိုသည့် မျက်ကန်း ယုံကြည်ချက်မျိုးလော?

အချို့သောနဗီတမန်တော်များ ပေးအပ်ခြင်းခံခဲ့ရသည့် တန်ခိုးပြာဋိဟာ များနှင့် ကိုယ်တော်မြတ်
မုဟမ္မဒ် ရရှိခဲ့သည့်ကျမ်းတော်မြတ်ကုရ်အာန် ၏ တန်ခိုးပြာဋိဟာတို့ ၏ အခြေအနေ သည်လွန်စွာ
ကွာခြား လှပေသည်။ အချို့သောတမန်တော်များ ၏ တန်ခိုးပြာဋိဟာတို့သည် သူတို့ခေတ်အခါက ပြုခဲ့သည်ဖြစ်သောကြောင့် ယနေ့ခေတ်တွင် သိပ္ပံ နည်းကျစွာမည်သို့မှသက်သေပြနိုင်မည်မဟုတ်ပေ။
၎င်းပြင် ထိုထို တမန်တော်ကြီး တို့ (အလိုင်ဟိမုစ္စလာမ်) ရခဲ့သောကောင်းကင်ကျမူရင်း ကျမ်းတော်
အစစ်တို့သည် လည်း ဤကမ္ဘာမြေမှ မည်သည့်အချိန် မည်သို့ ပျောက်ပျက်သွားခဲ့သည်ကိုလည်း
ယနေ့မည်သူမျှမသိပေ။ သို့သော် ၊ သို့သော်.........လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ကျော် အလျှင်က ကိုယ်တော်မြတ် မုဟမ္မဒ်(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ထံပို့ ချခြင်းခံ ခဲ့ရသော် ကျမ်းတော်
မြတ်ကား ယနေ့တိုင် မုစ်လင်မ်တိုင်း၏အိမ်၌မူမယွင်း ရှိနေလေသည်။ ဟာဖိဇ်တော်များ ၏ နှလုံးသား
ထက်၌ အက္ခရာမယွင်း တည်ရှိနေလေသည်။ ရွှေဘိုသား မြန်မာလူမျိုး စစ်စစ် ဟာဖိဇ် ဖြစ်ဖြစ်၊ အိန္ဒိယ
သား အသားဖြူ ၊ အသားမည်း ကုလား လူမျိုး ဟာဖိဇ် ဖြစ်ဖြစ်၊ ဆွေမျိုးပေါက်ဖော် အသားဝါ တရုတ်လူမျိုး
ဟာဖိဇ် ဖြစ်ဖြစ်၊ အာဖရိကန်အသားမည်းကပ္ပလီလူမျိုးဟာဖိဇ်ဖြစ်ဖြစ်၊အင်္ဂလန်ပြည်သား ကုလားဖြူခေါ်
အင်္ဂလိပ် လူမျိုးဟာဖိဇ် ဖြစ်ဖြစ်၊ ကန္တာရသား အာရပ်လူမျိုးဟာဖိဇ် ဖြစ်ဖြစ်၊ မည်သည့်လူမျိုးဟာဖိဇ် ဖြစ်ဖြစ် ကျမ်းတော်မြတ်ကို အာဂုံဆောင် ထိန်းသိမ်းထားရာ၌ လုံးဝ အကွဲအလွဲမရှိ အက္ခရာတစ်လုံးဝိဝါဒ မရှိ။
ကမ္ဘ္ဘာ့တောင်ဝင်ရိုးစွန်းရှိ ကျမ်းတော်မြတ်နှင့် ကမ္ဘ္ဘာ့မြောက်ဝင်ရိုးစွန်းရှိ ကျမ်းတော်မြတ်တို့ တစ်ထေရာ
တည်း၊ တစ်မူတည်း၊ မူကွဲလုံးဝ (လုံးဝ) မရှိ။ ဤသို့ ဂုဏ်ကို ဆောင်ထားသော အခြားကျမ်းမျိုးဤကမ္ဘာ
မြေတွင် ရှိသလော? ဤကျမ်းကို နှစ်ပေါင်း ၁၄၀၀ ကျော် အထိ မည်သူကထိန်းသိမ်းထားသနည်း? မည်သူက ထိန်းသိမ်းမည်ဟု တိကျသော အာမခံချက် ပေးခဲ့သနည်း? ကမ္ဘာတည်သရွေ့ မည်သူကဆက်လက်
ထိန်းသိမ်းထားမည်နည်း? အဖြေကားထိုကျမ်းတော်မြတ်တွင်ပင်။ ကဏ္ဏတော် ၁၅၊ အာယဟ်တော် ၉ တွင်

"အင်န်နာနဟ်နု နဇ္ဇလ်နဇ် ဇိက်ရ ဝအင်န်နာလဟူ လဟာဖွိဇူးန်" (ဧကန်စင်စစ်ငါအရှင်မြတ်သည်
ပင်လျှင် (ဤ) ဆုံးမဩဝါဒ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ကို ချပေးသနား
တော်မူခဲ့လေသည်။ ထိုမှတပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို
ထိန်းသိမ်းစောင့်ရှောက်တော်မူမည့်အရှင်မြတ်လည်းဖြစ်တော်မူပေသတည်း။)

ဆက်ပါဦးမည်.............။



လေးစားပါတယ်ဗျာ
The Sage

ရှိုင်ခ် အိဗ်နု အလ်ဟိုင်ယ်သမ် (Alhazen) (ရ.ဟ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

ဒီ တစ်ခါတော့ ညီအစ်ကိုမောင်နှမ များကို အောက်မေ့ဖွယ်ရာ မုစ်လင်မ် သိပ္ပံ ဝိဇ္ဇာ စွယ်စုံပညာရှင်
ကြီးရှိုင်ခ် အိဗ်နု ဟိုင်ယ်သမ် နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှိုင်ခ် ရဲ့အမည်အပြည့်အစုံကတော့
အဗူအလီ အလ်ဟစန် အိဗ်နု အလ်ဟိုင်ယ်သမ်ပါ။ အလယ်ခေတ် ဥရောပ သမိုင်းမှာ (Alhazen)
အလ်ဟေဇဲန်ဆိုတဲ့အမည်နဲ့ ကျော်ကြားခဲ့သူပါ။ C.E ၉၆၅ မှာ ဘစရာ မှာမွေးဖွားခဲ့ပါတယ်။ အချို့
သမိုင်းတွေမှာ ပညာရှင်ကြီးဟာ အရဗ်လူမျိုး တစ်ဦးဖြစ်တယ်လို့ဖော်ပြထားပေမယ့် အချို့သမိုင်းနဲ့
အင်န်စိုင်ကလပေဒီးယား တွေမှာတော့ ပါရှန်းလူမျိုး တစ်ဦးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဝီကီမှာ
တော့ (Arab or Persian ) လို့ ရေးသားထားတာတွေ့ရပါတယ်။ ပညာရှင်ကြီးဟာ အော့ပ်တစ် (ခေါ်)
စက္ခုအတတ်ပညာ သာမက ခန္ဓာဗေဒ၊ နက္ခတ္တဗေဒ၊ သင်္ချာပညာ၊ ဆေးပညာ၊ မျက်စိကုပညာ၊
ရူပဗေဒ၊ ဒဿနိကဗေဒနဲ့ စိတ်ပညာ နယ်ပယ်တွေကို ပညာအလင်းတွေပေးပြီး ကြီးမားတဲ့ကျေးဇူး
တွေပြု ခဲ့သူပါ။

ရှိုင်ခ် ဟာ C.E 965 ခု ဝန်းကျင် ဘစရာမှာ မွေးဖွားခဲ့သော်ငြားလည်း အီဂျစ်ပြည် ကိုင်ရို မှာ အများဆုံး
နေထိုင်ခဲ့ပါ တယ်။ တစ်ကြိမ်တစ်ခါမှာတော့ ရှိုင်ခ်ဟာ သူ့ရဲ့ သင်္ချာပညာ နဲ့ အင်္ဂျင်နီယာ ပညာရပ် ကျွမ်း
ကျင်မှု ကို အလွန်အထင်ကြီးပြီးနိုင်းမြစ်ရေကြီးခြင်း ကို ထိန်းသိမ်းနိုင်မယ့် ရေကာတာကြီး တစ်ခု ကို
တည်ဆောက်နိုင်တယ်လို့ မာနတက် ဖွင့်ဟပြောဆိုမိပါတယ်။ အဲဒီသတင်းဟာ ဖွာသမီယဟ် ဘုရင်
အလ်ဟာကင်မ် ဘင်န် အမ်ရုလ်လာဟ် ထံရောက်ရှိသွားပြီး၊ သူ့ကို အီဂျစ်ပြည်၊ ကိုင်ရို မြို့ကို အာဏာနဲ့
ဆင့်ခေါ်ခြင်းခံရပြီး၊ ရေကာတာကြီး တည်ဆောက်ဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ ရပါတယ်။ လက်တွေ့ကွင်း
ဆင်းပြီး ဆာဗေးလုပ်လေ့လာတော့ မှ ရေကာတာကြီး တည်ဆောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ရှိုင်ခ်ဟာ
သိရှိပြီး သူ့ရဲ့ မာနစကားအတွက် အလွန်နောင်တရခဲ့ရှာပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ မစွမ်းဆောင်နိုင်
မှု ကြောင့် ဘုရင် က အမျက်ထွက်အပြစ်ပေး မှာစိုးရိမ်ပြီး၊ သူ ဟာ ရူးသွတ် နေသူ အဖြစ်ဟန်ဆောင်လိုက်
ပါတော့တယ်။ သို့ပေမယ့် ဘုရင် ကတော့ သူ့ကို နေအိမ်အကျယ်ချုပ် အပြစ်ပေးခဲ့ပါတယ်။ C.E ၁၀၂၁၊
ဘုရင် ကွယ်လွန် တော့မှ အဲဒီအပြစ် ကနေ လွတ်မြောက်ခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ် နေခဲ့ရစဉ် က သူဟာ သူ့ရဲ့ အကျော်ကြားဆုံး ကျမ်းကြီး ဖြစ်တဲ့ "ကိသာဘုလ် မနာဇိရ်"
စက္ခုပညာကျမ်း (BOOK OF OPTICS) ကို ပြုစုခဲ့ပါတယ်။ ဒီ ကျမ်းကြီး ကို နှစ်ပေါင်း ၁၀ နှစ်ကြာ ပြုစုခဲ့တာ
ဖြစ်ပြီး အတွဲ ၇ တွဲ ရှိတဲ့ ကျမ်းကြီးပါ။ ကမ္ဘာ့သမိုင်း ရူပဗေဒ ပညာနယ်ပယ် မှာ အာဏာရှိခဲ့ တဲ့ကျမ်းတွေထ
ဲက တစ်ကျမ်းအပါ အဝင်ဖြစ်ပြီး အင်္ဂလိပ်လူမျိုးရူပဗေဒ ပညာရှင်ကြီး ဆာအိုင်ဆက်ညူတန်ရဲ့ ကျမ်းကြီး
(Philosophiae Naturalis Principia Mathematica) နဲ့ တစ်ပြေးညီအဆင့်အတန်း သတ်မှတ်ထားခြင်းခံ
ထားရပါတယ်။

စက္ခုပညာကျမ်းအပါအဝင် ရူပဗေဒဆိုင်ရာကျမ်းတွေ၊ သင်္ချာပညာ ဆိုင်ရာကျမ်းတွေ၊ နက္ခတ္တဗေဒ ဆိုင်ရာ
ကျမ်းတွေ၊ ဆေးပညာဆိုင်ရာ ကျမ်းတွေ ကိုလည်းပြုစုခဲ့ပါသေးတယ်။ သူ့ရဲ့ စက္ခုပညာဆိုင်ရာ သိပ္ပံ တွေ့
ရှိချက်တွေ၊ ကျမ်းတွေ၊ သင်ကြားမှုတွေကြောင့် ကမ္ဘာကအကျိုးထူးတွေခံစားခဲ့ရတဲ့အလျောက် သူ့ကို
"စက္ခုပညာရဲ့ ဖခင်ကြီး" အဖြစ် သမိုင်းမှာ ဂုဏ်ပေးမှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။ မုစ်လင်မ် စွယ်စုံပညာ
ရှင်ကြီးတွေရဲ့ သဘာဝအတိုင်း သူသည်လည်း ဘာသာတရားကိုင်းရှိုင်းသူတစ်ဦး ဖြစ်ပြီး ပညာရပ်နယ်ပယ်
အတော်များများနဲ့သက်ဆိုင်တဲ့ ကျမ်းတွေ ပြုစုခဲ့ပြီး လူသားတွေကို ပညာအလင်း ပေးခဲ့သူပါ။ ဘာသာရေး
ဆိုင်ရာ ကျမ်းတစ်ချို့ကိုလည်း ပြုစုခဲ့ပါသေးတယ်။ သူပါရဂူမြောက်အောင်ကျွမ်းကျင်တဲ့သင်္ချာပညာ ကို
အသုံးပြုပြီး ကိဗ်လာ (မုစ်လင်မ် များဝတ်ပြုရာတွင် မျက်နှာမူရာ အရပ်) ကို တွက်ချက်တဲ့ နည်း စာတမ်း
ကို လည်းပြုစုခဲ့ပါတယ်။

သူ့ရဲ့ မှတ်သား ဖွယ်ရာ ဘာသာရေးဆိုင်ရာ ခံယူချက် တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

"မျက်စိမှိတ် နောက်လိုက်ပြုခြင်း "သက်လီးဒ်" ဟာ အလ္လာဟ့်တမန်တော် တွေအတွက်ဘဲဖြစ်သင့်ပြီး
အခြား သူတွေကို လုံးဝမျက်စိမှိတ် သက်လီးဒ် ပြုခြင်းမပြုသင့်ပါ"။

အသိပညာ၊ အတတ်ပညာ ဆည်းပူးတာနဲ့ ပတ်သတ်ပြီး ခုလို ခံယူခဲ့ပါသေးတယ်။

"ကျွန်ပ် သည် အသိပညာ၊ အတတ်ပညာ နှင့် အမှန်တရားတို့ကို ပုံမှန် လိုက်စားခဲ့ခြင်းကြောင့်
ကျွန်ပ်သိလာခဲ့ရတာကတော့ အသိပညာ၊ အတတ်ပညာ ရော အလ္လာဟ်အရှင်မြတ်နဲ့ နီးကပ်မှုကို
ပါ ရရှိ ဖို့ အလွန်ကောင်းတဲ့နည်းလမ်းကတော့ အသိပညာ၊ အတတ်ပညာ နှင့် အမှန်တရားတို့ကို
ရှာဖွေ ခြင်းဘဲ ဆိုတာပါ"။

ဒီနေ့ မုစ်လင်မ်တစ်ချို့ရဲ့ အလွန်လွဲမှားတဲ့ အတွေးအခေါ်တစ်ခု ဖြစ်တဲ့ "ဘာသာရေးကို ဦးနှောက်နဲ့
စဉ်းစားလို့မရဘူး" ဆို တာနဲ့ ပညာရှင်ကြီး ရဲ့ အထက်ပါခံယူချက်တို့ကို နှိုင်းယှဉ်ကြည့်ကြပါ။

ပညာရှင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ လကမ္ဘာပေါ်ရှိတွင်းကြီးတစ်တွင်း (crater) ကို "အလ်ဟေဇဲန် ခရတာ"လို့
အမည်ပေးထားပါတယ်။ ပြီးတော့ အင်္ဂါဂြိုဟ် (မားစ်) နဲ့ ကြာသပတေးဂြိုဟ် (ဂျူပီတာ) တို့အကြားမှာရှိတဲ့
(ASTEROIDS) ဂြိုဟ်ငယ်တွေထဲက တစ်ခုကို လည်း သူ့ရဲ့နာမည် "အလ်ဟေဇဲန်" လို့ပေးထားပါသေးတယ်။

ပညာရှင်ကြီး ဟာ C.E ၁၀၄၀၊ အီဂျစ်ပြည် ကိုင်ရိုမြို့မှာ အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူခဲ့ပါတယ်။
သူဟာ မကွယ်လွန်မှီအထိ သိပ္ပံဆိုင်ရာ သုတေသနေတွေကို တစ်စိုက်မတ်မတ် လုပ်ဆောင်သွားခဲ့ပါတယ်။
စာဖတ်သူများအနေနဲ့ အလ်ဟေဇဲန် ရဲ့ဘဝ နဲ့ ပညာကို ဆက်လက်လေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။

အို-အလ္လာဟ် အရှင်မြတ်၊ ဒီပညာရှင်ကြီး အိဗ်နု အလ်ဟိုင်ယ်သမ်(ခေါ်) (Alhazen) (ရဟ်မသုလ္လာဟ်အလိုင်ဟ်)
အား အရှင့်ကရုဏာတော်ဖြင့် လွှမ်းခြုံသနားတော်မူပါ။ အာမီးန်............။

လေးစားပါတယ်ဗျာ
The Sage

Wednesday, July 15, 2009

အစ္စလာမ်သာသနာတော်နှင့် မုတ်ဆိတ်ထားခြင်း(၂)

အစ္စလာမုအလိုင်ကွမ်ဝရဟ်မသုလ်လာဟိ ဝဗရကဟ်

မုစ်လင်မ်များ မုတ်ဆိတ်ထားဖို့ ကိုယ်တော်မြတ် ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ရဲ့အမိန့်ကို ဆွဟီးဟ်ဗုခါရီ ကျမ်းလာ ဟဒီးဆ် တော်တစ်ပုဒ် နဲ့ အထောက်အထားပြုတင်ပြခဲ့ပါတယ်။ ဒီတစ်ခါတော့
ဆွဟီးဟ် မုစ်လင်မ် ကျမ်းလာ ဟဒီးဆ်တော်နှစ်ပုဒ်ကို တင်ပြပေးပါ့မယ်။ အဲဒီဟဒီးဆ်တော်တွေကတော့...........

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့သည်မှာ.........
"နှုတ်ခမ်းမွေးကို တိုတိုညှပ်ကြ၊ မုတ်ဆိတ်ထားကြ၊ မီးကိုးကွယ် သည့်သူများနှင့် မတူညီအောင်ပြုကြ။"

ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ်လာဟုသအာလအန်ဟု)။
ကျမ်း-ဆွဟီးဟ် မုစ်လင်မ် ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊၊ ဟဒီးစ်အမှတ် (၅၀၁)။

ဆိုတော့ ဒီဟဒီးစ်တော်မှာလည်းပဲ နှုတ်ခမ်းမွေးကို တိုတိုညှပ်ကြပြီး၊ မုတ်ဆိတ်ထားကြဖို့
ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အမိန့်ပေးခဲ့တာကို သိရပါတယ်။

နောက်ဟဒီးစ်တော်တစ်ပုဒ်က..............

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။
ဆယ်မျိုးသောအပြုအမူတို့သည် သဘာဝအရ ပင်ဖြစ်သည်။ (၎င်းတို့မှာ)-
၁။ နှုတ်ခမ်းမွေးကိုညှပ်ခြင်း၊ ၂။ မုတ်ဆိတ်ထားခြင်း၊ ၃။ သွားတိုက်တံအသုံးပြုခြင်း (သွားတိုက်ခြင်း) ၊ ၄။ နှာခေါင်း
တွင်းရေထည့်ခြင်း (ဆေးခြင်း)၊ ၅။ လက်သည်း၊ခြေသည်းညှပ်ခြင်း၊ ၆။ လက်ချောင်းများကြားကိုဆေးကြောခြင်း၊ ၇။ ဂျိုင်းကြားရှိအမွေးအမျှင်များအား နှုတ်ပယ်ခြင်း၊ ၈။ ဆီးခုံမွေးအားရိတ်ပယ်ခြင်း၊ ၉။ အင်္ဂါဇာတ် ကို ရေနှင့်ဆေးကြောသန့်ရှင်းစေခြင်း၊ ဆင့်ပြန်သူ တစ်ဦးက "ကျွန်တော်သည်၁၀ ခုမြောက်သော အချက် ကို မေ့နေပါပြီ။ သို့သော် ဖြစ်နိုင်ခြေရှိသည့် အချက်မှာ ပါးစပ်ကို ပလုတ်ကျင်း ဆေးကြောခြင်း ဖြစ်သည် (ဟုထင်ပါသည်)။

ဆင့်ပြန်သူ-အာအိရှဟ် (ရသွီယလ္လာဟုသအာလာအန်ဟာ)။
ကျမ်း-ဆွဟီးဟ် မုစ်လင်မ် ၊ အတွဲ (၁)၊ ကျမ်းငယ်အမှတ် (၂) သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် (၅၀၂)။

မုတ်ဆိတ်ထားခြင်း ဟာ အထွေအထူးငြင်းခုံနေရမယ့် ကိစ္စတစ်ရပ်မဟုတ်ဘဲ သဘာဝအရကို ပြုကျင့်ရမယ့် ကိစ္စပါ။ သွားတိုက်ခြင်း ၊ နှာခေါင်းတွင်းဆေးခြင်း ၊လက်သည်း၊ ခြေသည်းညှပ်ခြင်းစတဲ့ အပြုအမူတွေလိုပါဘဲ။ ဆက်လက်ပြီး အခြား ဟဒီးစ်ကျမ်းများလာ မုတ်ဆိတ်ထားခြင်းဆိုင်ရာ ဟဒီးစ်တော်အချို့ကို ရေးသားတင်ပြ
သွားပါ့မယ်ခင်ဗျား။ ပညာရှင် အတော်များများက ဆွဟီးဟ်ဗုခါရီ နဲ့ ဆွဟီးဟ်မုစ်လင်မ် နောက်......အီမာမ်
အဗူအီစာမုဟမ္မဒ်သိရ်မိဇီ သခင်ကြီး (ရဟ်မသုလ်လာအလိုင်ဟိ) စီစစ် စုဆောင်းပြုစုခဲ့တဲ့ ဂျာမိအုသ်သိရ်မိဇီ
ကျမ်းကို အခိုင်မာဆုံးလို့သတ်မှတ်ကြပါတယ်။ ကျမ်းရှင် အီမာမ်ကြီးဟာ အီမာမ်ဗုခါရီ ရဟ်မသုလ်လာအလိုင်ဟိ)
ရဲ့ တပည့်ကျော်ကြီးတစ်ဦးလည်းဖြစ်ပြီး ပညာအရှိန်အဝါအလွန်ကြီးတဲ့ မုဟဒ္ဒိစ် များထဲက တစ်ဦးအပါအဝင်ပါ။
ဟဒီးစ် ဖော်ပြပါ့မယ်..........

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။ "နှုတ်ခမ်းမွေးများကို တိုအောင်ညှပ် (ဖြတ်) ကြ၊ ၎င်းပြင် မုတ်ဆိတ် ထားကြ။"

ဆင့်ပြန်သူ-အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလာအန်ဟုမာ)
ကျမ်း-ဂျာမိအုသ်သိရ်မိဇီ၊ အတွဲ (၂)၊ ကောင်းသောအမူအကျင့်ပုံစံများ ကျမ်းငယ်၊ ဟဒီးစ်အဆင့်အတန်း ဆွဟီးဟ်၊ဟဒီးစ်အမှတ် ၆၂၂။

အောက်ဖော်ပြပါ ဟဒီးစ် ကတော့ မုဟဒ္ဒိစ်ကြီး အီမာမ် အဗူဒါဝုဒ် စုလိုင်ယ်မာန် အိဗ်နိ အရှအသ်
အတ်စ်စဂျိစ်သာနီ (ရဟ်မသုလ်လာအလိုင်ဟိ) သခင်ကြီး စီစစ် စုဆောင်းပြုစုခဲ့တဲ့ စုနန်အဗူဒါဝုဒ်
ဟဒီးစ်ကျမ်းလာ ဟဒီးစ်တော်တစ်ပုဒ်ပါ။

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) အမိန့်ပေးခဲ့ပါသည်။
""နှုတ်ခမ်းမွေးများကို ညှပ် (ဖြတ်) ကြ၊ ၎င်းပြင် မုတ်ဆိတ် ထားကြ။"

ဆင့်ပြန်သူ-အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလာအန်ဟုမာ)
ကျမ်း-စုနန်အဗူဒါဝုဒ်၊ ကျမ်းငယ်အမှတ် (၂၈) ခေါင်းဖြီးခြင်းအမှုဆိုင်ရာ ကျမ်းငယ်၊ ဟဒီးစ်အမှတ် (၄၁၈၇)။

ထပ်ပြီး ဖော်ပြပါ ဦးမယ် ခင်ဗျာ။ မုဟဒ္ဒိစ် ကြီး အီမာမ် အဗူအဗ်ဒုရ်ရဟ်မာန် အဟ်မဒ်အိဗ်နိ ရှုအိုင်ယ်ဗ် အိဗ်နိအလီ အိဗ်နိစိနန် အိဗ်နိ ဗဟ်ရ် အိဗ်နိဒီနာရ် အလ်ခုရာစာနီ(အီမာမ် နိစာအီ) (ရဟ်မသုလ်လာအလိုင်ဟိ) သခင်ကြီး
စီစစ် စုဆောင်းပြုစုခဲ့တဲ့ စုနန် နိစာအီ ကနေထုတ်နှုတ် တင်ပြမှာပါ။

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။

"နှုတ်ခမ်းမွေးများကိုတိုအောင်ညှပ် (ဖြတ်) ကြ၊ ၎င်းပြင် မုတ်ဆိတ် ထားကြ။"

ဆင့်ပြန်သူ-အိဗ်နိအုမရ် (ရသွီယလ်လာဟုသအာလာအန်ဟုမာ)
ကျမ်း-စုနန် နိစာအီ၊ အတွဲ (၁)၊ သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊ ဟဒီးစ် အမှတ် (၁၅)။

ဆွိဟာစစ်သဟ် (ခေါ်) ဟဒီးစ်ကျမ်းကြီး ခြောက်ကျမ်းအနက် ငါးကျမ်းလာ ဟဒီးစ်တော်များကို တင်ပြပြီး
ပါပြီ။ ယခု တစ်ခါ ဆွိဟာစစ်သဟ် ထဲက ကျန်နေသေးတဲ့၊ မုဟဒ္ဒိစ် ကြီး အီမာမ် အဗူအဗ်ဒုလ္လာဟ် မုဟမ္မဒ် အိဗ်နိ
ယဇီးဒ် အိဗ်နိ မာဂျဟ် အရ်ရဘီ အလ်ကဇ်ဝိနီ (အီမာမ်အိဗ်နိမာဂျဟ်) (ရဟ်မသုလ်လာအလိုင်ဟိ)
သခင်ကြီး စီစစ် စုဆောင်းပြုစုခဲ့တဲ့ စုနန်အိဗ်နိမာဂျဟ် ဟဒီးစ်ကျမ်းက ဟဒီးစ်တစ်ပုဒ်ကို တင်ပေးပါ့မယ်။
ဒီဟဒီးစ်တော်က တော့ အထက်ပို့စ်မှာ တင်ပြခဲ့တဲ့ ဆွဟီးဟ် မုစ်လင်မ် ကျမ်းလာ ဟဒီးစ်တော်အတိုင်းပါဘဲ။

အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) မိန့်ကြားခဲ့ပါသည်။
ဆယ်မျိုးသောအပြုအမူတို့သည် သဘာဝအရ ပင်ဖြစ်သည်။ (၎င်းတို့မှာ)- ၁။ နှုတ်ခမ်းမွေးကို
ညှပ်ခြင်း၊ ၂။ မုတ်ဆိတ်ထားခြင်း၊ ၃။ သွားတိုက်တံအသုံးပြုခြင်း (သွားတိုက်ခြင်း) ၊ ၄။ နှာခေါင်း
တွင်းရေထည့်ခြင်း (ဆေးခြင်း)၊ ၅။ လက်သည်း၊ခြေသည်းညှပ်ခြင်း၊ ၆။ လက်ချောင်းများကြားကို
ဆေးကြောခြင်း၊ ၇။ ဂျိုင်းကြားရှိအမွေးအမျှင်များအား နှုတ်ပယ်ခြင်း၊ ၈။ ဆီးခုံမွေးအားရိတ်ပယ်ခြင်း၊
၉။ အင်္ဂါဇာတ် ကို ရေနှင့်ဆေးကြောသန့်ရှင်းစေခြင်း၊ ဆင့်ပြန်သူ ရာဝီ တစ်ဦး ဖြစ်သော ဇိကိရိယာ
က- မုဆ်အဗ် (ဇိကိရိယာအထက်ရာဝီ) ကပြောသည်မှာ-"ကျွန်တော်သည် ၁၀ ခုမြောက်သော အချက် ကိုမေ့နေပါပြီ။ သို့သော် ဖြစ်နိုင်ခြေရှိသည့် အချက်မှာ ပါးစပ်ကိုပလုတ်ကျင်း ဆေးကြောခြင်း ဖြစ်သည်
(ဟုထင်ပါသည်)။

ဆင့်ပြန်သူ-အာအိရှဟ် (ရသွီယလ္လာဟုသအာလာအန်ဟာ)။
ကျမ်း-စုနန်အိဗ်နိမာဂျဟ်၊ အတွဲ (၁) ၊ သန့်ရှင်းစင်ကြယ်မှုဆိုင်ရာကျမ်းငယ်၊ ကျမ်းငယ်အမှတ် (၁)၊
ဟဒီးစ် အမှတ် (၂၉၃)။

မာရှာအလ္လာဟုသအာလာ၊ မုတ်ဆိတ်ထားခြင်းဟာ အစ္စလာမ်သာသနာ မှာ အလွန်အခြေခိုင်လှတဲ့ အမိန့်တော်
တစ်ရပ်ဆိုတာကို ဆွိဟာစစ်သဟ် ခြောက်ကျမ်းစလုံးထဲကနေ ကျွန်တော်ထုတ်နှုတ်တင်ပြ အထောက်
အထားပေးပြီးပါပြီ။ ဆွိဟာစစ်သဟ်အပြင်အခြားဟဒီးစ်ကျမ်းတွေကနေလည်း တင်ပြနိုင်ပါသေးတယ်။
ဒါပေမယ့် တင်ပြခဲ့တဲ့ ဟဒီးစ်တွေဟာ အထောက်အတားပြုဖို့လိုအပ်တာထက် ပိုလျှံလို့နေပါပြီ။ ကျွန်တော်ဒီပို့စ်စရေးတုန်းက ဖွေကဟ် နဲ့လည်းတင်ပြမယ်လို့ရေးခဲ့ပါတယ်။ ဖွေကဟ်၊ ဖသာဝါတွေ၊ မုတ်ဆိတ်ထားတဲ့ကမ္ဘာ့ပညာရှင်ကြီးတွေရော၊ မြန်မာပြည်ကပညာရှင်ကြီးတွေရဲ့ အမည်တွေပါ စီတန်း
ရေးပြ ပြီးဓာတ်ပုံတွေပါ တင်ဖို့အထိအစီအစဉ်ရှိခဲ့တာပါ။ ကိယားစ်လုပ်ထားတာတွေလည်းရေးပြမလို့ပါ။ သို့သော်လည်း တင်ပြခဲ့တဲ့ ဟဒီးစ် တွေဟာ အထောက်အတားပြုဖို့လိုအပ်တာထက်ပိုလျှံလို့နေပါပြီ။

မုစ်လင်မ် ညီအစ်ကိုတော်တွေကို အကြံတစ်ခုတော့ပေးချင်ပါတယ်။ အဲဒါဟာဘာလဲဆိုတော့
အကြောင်းအမျိုးမျိုးကြောင့် မုတ်ဆိတ်မထားနိုင်သူတွေ၊ မထားချင်သူတွေ၊ မထားသေးသူတွေ
အနေနဲ့ မုတ်ဆိတ်ထားခြင်းကို မဆန့်ကျင်ကြပါနဲ့၊ မလှောင်ပြောင်ကြပါနဲ့၊ မကဲ့ရဲ့ကြပါနဲ့။
နဗီကိုယ်တော်တိုင်ပေးခဲ့တဲ့ အမိန့်တော်တစ်ရပ်မို့လို့ပါ။ မုတ်ဆိတ်မထားနိုင်တဲ့အတွက်
နဗီရဲ့အမိန့်ကို ဆန့်ကျင်ပုန်ကန်နေတာမဟုတ်ကြောင်း အမြဲနှလုံးသွင်းကြပါ။ "အင်န်ရှာအလ္လာဟ်
မသေခင်တစ်နေ့ထားမယ်" လို့အမြဲနီယသ်ထားကြပါ။ ထားနိုင်အောင်လည်း အလ္လာဟ့်ထံမှာ
အမြဲတမ်း ဒုအာပြုနေပါ။ မထားနိုင်သ၍လည်းအလ္လာဟ်ထံတော်ပါးမှာ အမြဲ မဂ်ဖွိရသ် တောင်းခံနေပါ။
ရှိရ်က် လုပ်တဲ့သူ (ပုန်ကန်တဲ့သူ) ကလွဲလို့ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိရင်
ခွင့်လွှတ်တော်မူနိုင်ပါတယ်။ (ကုရ်အာန် ၄:၄၈) ကိုကိုးကားတာပါ။

(ရယ်စရာ- တရုတ်လူမျိုးတွေမှာ မုတ်ဆိတ်မပေါက်ဘူးလို့ ကျွန်တော့်ကို လာမပြောမိပါစေနဲ့၊
"ရှိမာ? ဟောင်ဝ်? လို့ပြန်ပြောပြီး တရုတ်သိုင်းကား တွေကြည့်ခိုင်းလိုက်ပါ့မယ်၊ မြန်မာပြည်
မှာ မုတ်ဆိတ်ထားရင် အဆင်မပြေဘူးလို့လည်းလာမပြောမိပါစေနဲ့၊ အဆင်ပြေနေတဲ့
ဇော်ဝင်းထွဋ် တို့ ရင်ဂို တို့ ကုသိုလ် တို့ကို ကြည့်ပါလို့ ကျွန်တော်ပြောမိပါလိမ့်မယ်။)

ဒီခေါင်းစဉ်ကို ဒီတင်ဘဲ ရပ်နားခွင့်ပြုပါ။

လေးစားပါတယ်ခင်ဗျာ
The Sage

Sunday, July 12, 2009

ရှိုင်ခ် အိဗ် နိရုရှ်ဒ် (Averroes) (ရ.ဟ)

အစ္စလာမုအလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကဟ်

အောက်မေ့ဖွယ်ရာ မုစ်လင်မ် သိပ္ပံ ဝိဇ္ဇာ စွယ်စုံပညာရှင်ကြီးတွေ ရဲ့အကြောင်းတစ်စိတ်တစ်ဒေသကိုဖတ်ရှုပြီး ညီအစ်ကိုတော်၊ ညီအစ်မတော်များ အသိ တစ်စုံတစ်ရာကို ရရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ စွယ်စုံပညာရှင်ကြီး ရှိုင်ခ် အိဗ် နိရုရှ်ဒ် (ရဟ်မသုလ္လာဟ်အလိုင်ဟ်) နဲ့မိတ်ဆက်ပေးပါ့မယ်။
ပညာရှင်ကြီးဟာ C.E ၁၁၂၆ ခု၊ စပိန်နိုင်ငံ ကော်ဒဗာ ခရိုင်၊ အန်ဒလုစီယာ နယ်မှာ ဖွားမြင်ခဲ့ပါတယ်။ ပညာရှင်
ကြီးဟာ အရဗ်လူမျိုးပါ။ အမည်အပြည့်အစုံကတော့ အဗူလ်ဝလီဒ် မုဟမ္မဒ် အိဗ်နိအဟ်မဒ် အိဗ်နိမုဟမ္မဒ် အိဗ်နိရုရှ်ဒ်ပါ။ ပညာရှင်ကြီး ကို ဥရောပသမိုင်း က လက်တင်အမည် အဗာရိုအေ(ဇ်) (Averroes) နဲ့ မှတ်တမ်းတင်ကြပါတယ်။အထက်မှာမိတ်ဆက်ပေးခဲ့တဲ့ပညာရှင်ကြီးတွေလို ဒီပညာရှင်ကြီးဟာလည်း စွယ်စုံပညာရှင်ကြီးတစ်ပါးပါ။ ဒဿနိကဗေဒ၊ ယုတ္ထိဗေဒ၊ စိတ်ပညာ၊ နိုင်ငံရေးပညာ တို့မှာ ပါရဂူမြောက်ရုံမက ဆေးပညာ၊နက္ခတ္တဗေဒ၊ ပထဝီပညာ၊ သင်္ချာပညာ၊ ရူပဗေဒ စတဲ့ပညာရပ်တွေရဲ့ ဝိဇ္ဇာကြီးပါ။ ဘာသရေးဘက်မှာဆိုရင်လည်း ကုရ်အာန်ဋီကာပညာရှင်၊ ဟဒီးစ်ပညာရှင်၊ မာလိကီ ဥပဒေသိပ္ပံပညာရှင် စတဲ့ ဘွဲ့ထူးတွေကို ပိုင်ဆိုင်ခဲ့သူပါ။

C.E ၁၁၆၀ မှာ စပိန်နိုင်ငံ စဗီးလ် ခရိုင်ရဲ့ တရားသူကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ သူ့ဘဝတစ်လျှောက်
စဗီးလ်၊ ကော်ဒဗာ နဲ့ မော်ရိုကို တို့မှာ တရားရေးအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပညာရှင်ကြီးဟာ အစ္စလာမ့်ဒဿနိကဗေဒ၊ အာရဗီဆေးပညာ၊ အာရဗီသင်္ချာပညာ၊ အာရဗီနက္ခတ္တဗေဒ၊ အာရဗီသဒ္ဒါ၊
ရှရီအဟ် နှင့် အစ္စလာမ့်ဥပဒေ သိပ္ပံဆိုင်ရာကျမ်းပေါင်းများစွာကို ပြုစုခဲ့ပါတယ်။ ဒါ့အပြင် အရစ္စတိုတလ် ရဲ့ အတွေးအခေါ် အတော်များများရဲ့အဖွင့်ကျမ်းတွေ၊ ပလေတိုရဲ့ ရပဘ်လစ် ကျမ်းရဲ့ဋီကာ စတာတွေကို ပြုစုခဲ့ပြီး ဂရိအတွေးအခေါ်နဲ့ ဥရောပ ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဂရိပညာရှင်တွေ ပြုစုခဲ့တဲ့ကျမ်းတွေရဲ့ အဖွင့်ကျမ်းတွေ ပြုစုခဲ့ပေမယ့် မှားတယ် လို့ယူဆတဲ့ အတွေးအခေါ်တွေကိုတော့ ပြတ်ပြတ်သားသားထိထိမိမိ ငြင်းချက် ထုတ်ခဲ့ပါတယ်။ ဆေးပညာဆိုင်ရာကျမ်းတွေကိုလည်းပြုစုခဲ့ပါသေးတယ်။ ထင်ရှားတဲ့ကျမ်းတွေက ကုလ္လီယဟ် ခေါ် အထွေထွေဆေးပညာစွယ်စုံကျမ်း၊ ဂရိပညာရှင်ကြီး ဂလန် ရဲ့ကျမ်းများပေါင်းချုပ် နဲ့ ဋီကာများ၊ အထက်မှာမိတ်ဆက်ပေးခဲ့တဲ့ ပါရှန်းမုစ်လင်မ် စွယ်စုံပညာရှင်ကြီး ရှိုက်ခ်အိဗ်နိစီနာ ရဲ့ "အလ်ကာနူန်ဖွိသ်သွိဗ်" ခေါ် ဆေးပညာဆိုင်ရာကျမ်းစုကြီး ရဲ့ ဋီကာတွေပါ။

ပညာရှင်ကြီး ယုံကြည်ယူဆခဲ့တာက ဘာသာရေး (အစ္စလာမ်) နဲ့ ဒဿနိကဗေဒ ပညာတို့အကြား ဘယ်လိုဝိရောဓိမျိုးမှ မရှိဘူးဆိုတာပါ။ သူ့ရဲ့ အတွေးအခေါ်တွေဟာ အလယ်ခေတ် ခရစ်ရှန် အတွေးအခေါ်ပညာရှင် စိန့်သောမတ်စ်အကွီနတ်စ်၊ ဂျူးလူမျိုးအတွေးအခေါ်ပညာရှင် အတော်များများကိုလည်းလွှမ်းမိုးခဲ့ပါသေးတယ်။ သူရဲ့အတွေးအခေါ်ဝါဒတွေကို အဗာရိုအိဇင်မ် လို့ လူသိထင်ရှားဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့လူသားတွေအပေါ်ပြုခဲ့တဲ့ပညာရှင်ကြီးရဲ့ ကျေးဇူးတွေအထဲက အနည်းငယ်ကို တင်ဆက်ပေးပါ့မယ်။
နက္ခတ္တဗေဒ နယ်ပယ်မှာ ဆိုရင် နေမျက်နှာပြင်ပေါ်မှာရှိတဲ့အစက်အပျောက် နဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေ
ရေးသားခဲ့သူတွေထဲကတစ်ဦးပါ။ ဂြိုဟ်နက္ခတ်တွေရဲ့ လှုပ်ရှားသွားလာပုံကို သုတေသနပြုပြီး နောင်တစ်ခေတ်မှာ
ထင်ရှားလာခဲ့တဲ့ဂျာမန်လူမျိုးနက္ခတ္တဗေဒပညာရှင် ယိုဟာနတ်စ်ကဲပ်လာ လို ပညာရှင်မျိုးတွေအတွက် လမ်းပြ
ခဲ့ပါတယ်။ ရူပဗေဒ ပညာရပ်မှာ...........အိနားရှား ရဲ့သဘောတရားကို ကဲပ်လာမတိုင်ခင်ကတည်းကပထမဦးဆုံး
ရှာဖွေတွေ့ရှိခဲ့သူပါ။ "သက်ရောက်မှုအား" (Force) ရဲ့ သဘောတရား ကိုလည်းပထမဦးဆုံးနဲ့ အမှန်ကန်ဆုံး
တွေးခေါ်တင်ပြခဲ့သူပါ။ ဆေးပညာနယ်ပယ်မှာဆိုရင်................သူပြုစုခဲ့တဲ့ ကုလ္လီယဟ် ခေါ် အထွေထွေ
ဆေးပညာစွယ်စုံကျမ်းမှာ ဇီဝကမ္မဗေဒ၊ အထွေထွေရောဂါဗေဒ၊ ရောဂါရှာဖွေခြင်း၊ဆေးပညာဆိုင်ရာ ပစ္စည်း၊
ကိရိယာများ၊ ကျန်းမာရေးသိပ္ပံ၊ ကုထုံးဆိုင်ရာများစတာတွေ ကို အတော်စုံလင်စွာဖော်ပြထားပါတယ်။
ကျောက်ကြီးရောဂါ ဟာ လူတစ်ယောက်ရဲ့ဘဝမှာ နှစ်ခါမဖြစ်ဆိုတဲ့ အသိကို စတင်ဖော်ပြခဲ့ပါတယ်။ ရတီနာ (retina)(ခေါ်) မြင်လွှာအမြှေးပါးရဲ့ လုပ်ဆောင်ချက်အပြည့်အဝကိုရှာဖွေ တွေ့ရှိခဲ့သူပါ။

သူ့ရဲ့ ကုလ္လီယဟ် ခေါ် အထွေထွေဆေးပညာစွယ်စုံကျမ်းကြီးဟာ လက်တင်ဘာသာနဲ့ဟီဘရူးဘာသာတို့ကို
အကြိမ်ကြိမ်ပြန်ဆိုခြင်းခံခဲ့ရပါတယ်။ လူသေခွဲစိတ်ခြင်းဆိုင်ရာအကြောင်းအရာတို့ကိုလည်းရေးသားခဲ့ပါတယ်။
လူသေခွဲစိတ်ခြင်းနဲ့ပတ်သတ်ပြီးသူ့ရဲ့ အလွန်တရာမှတ်သားဖွယ်ရာ မှတ်ချက်ကတော့ "ခန္ဓာဗေဒနဲ့ လူသေခွဲစိတ်ခြင်းသိပ္ပံ ပညာကို နက်နဲစွာလိုက်စားသူတွေ ဟာသူတို့ရဲ့ အလ္လာဟ် (ဖန်ဆင်းရှင်) နဲ့ပတ်သတ်တဲ့ ယုံကြည်မှုတွေ ပိုပြီးတိုးပွါးခိုင်မာ လာပါတယ်" ဆိုတာပါ ဘဲ။ ဒါဟာလုံးဝ မှန်ကန်တဲ့စကားပါဆိုတာကို လူသေအလောင်း (သို့) လူရှင်ကို ခွဲစိတ်ဖူးတဲ့ မုစ်လင်မ် ဆရာဝန်တိုင်း က ထောက်ခံမှာအသေအချာပါ။ လူသားဟာအလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းမှုတွေထဲမှာ အကောင်းဆုံးဘဲဆိုတာ လုံးဝငြင်းလို့မရပါဘူး။
ဆီးလမ်းကြောင်းနဲ့ အဖိုမျိုးပွါးမှုအင်္ဂါဆိုင်ရာပညာရပ် (ယူရလဂျီ)နဲ့ပတ်သတ်ပြီး အမျိုးသားများရဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှု ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းရောဂါတွေ(Impotency,Sexual dysfunction SD) စတာတွေကိုလည်း ရှင်းလင်းပြပြီး ဆေးဝါးကုထုံးတွေကို ပထမဦးဆုံးတီထွင် ခဲ့သူပါ။အာရုံကြောဆိုင်ရာပညာနဲ့ ဆက်စပ်ပြီး ယနေ့ခေတ်လူတွေသိတဲ့ ပါကင်ဆန် ရောဂါ ဆိုတာ ရှိကြောင်း ကို လည်းဆွေးနွေးခဲ့ပါသေးတယ်။ စက္ခုပညာနဲ့ပတ်သတ်ပြီး ဖိုတိုရစဲပ်တာ ခေါ် အလင်းကိုအာရုံခံတဲ့ဆဲလ်တွေဟာ မြင်လွှာအမြှေးပါးမှာရှိကြောင်း ကို ပထမဦးဆုံးကမ္ဘာကိုတင်ပြခဲ့သူပါ။

အထက်မှာတင်ပြခဲ့တဲ့ စွမ်းဆောင်ချက်တွေအပြင် အစ္စလာမ့်ဥပဒေဆိုင်ရာပညာရပ်တွေမှာ လည်းစွမ်းဆောင်ခဲ့တာတွေရှိပါသေးတယ်။ အစ္စလာမ့်ဥပဒေကို မာလိကီနည်းပညာနဲ့ဖွင့်ဆိုသူ ဖြစ်တဲ့ ပညာရှင်ကြီးဟာ အလွန်ကျော်ကြားတဲ့မာလိကီဥပဒေနည်းပညာဆိုင်ရာဋီကာကျမ်းကြီး"ဘိဒါယသုလ်မုဂ်ျသဟိဒ် ဝန်နိဟာယသုလ်မုက်သစိဒ်" ကိုလည်းပြုစုခဲ့ပါတယ်။ ကမ္ဘာကို ကြီးမားတဲ့ကျေးဇူးတွေပြုခဲ့တဲ့ ပညာရှင်ကြီးဟာ C.E ၁၁၉၈ မော်ရိုကိုနိုင်ငံ မှာ အလ္လာဟ်အရှင်မြတ်ထံတော်ကို ပြန်လည်ကြွမြန်းခဲ့ပါတယ်။ ယာ......ရဗ္ဗလ်အာလမီးန် ပညာရှင်ကြီး ရှိုင်ခ် အိဗ်နိရုရှ်ဒ်(ရဟ်မသုလ္လာဟ်အလိုင်ဟ်)ကို ဂျန္နဟ်သုလ်ဖိရ်ဒေါစ်မှာ အလွန်မြင့်မားတဲ့ အဆင့်အတန်းပေးသနားတော်မူပါ။ အာမီးန်..........။

လေးစားပါတယ်ဗျာ
The Sage

ရှိုက်ခ်အိဗ်နိစီနာ (AVICENNA) (ရ.ဟ)

အစ္စလာမုအလိုင်ကုမ်ဝရဟ်မသုလ်လာဟိဝဗရကဟ်

အစ္စလာမ့်သမိုင်း ကိုသာမက ကမ္ဘာ့သမိုင်းကိုပါ တစ်ခေတ်ဆန်းသစ်စေခဲ့ပြီး ကြီးမားလှတဲ့ကျေးဇူးတွေ
ပြုခဲ့တဲ့ အောက်မေ့ဖွယ်ရာ မုစ်လင်မ် သိပ္ပံ ဝိဇ္ဇာ စွယ်စုံပညာရှင် ကြီးတွေ နဲ့ ညီအစ်ကိုတော်၊ ညီအစ်မတော်
များကို မိတ်ဆက် ပေးခွင့်ရတာဟာ ကျွန်တော့်အတွက် အလွန်ကြီးကျယ်တဲ့အခွင့်အရေးတစ်ခုပါ။

ဒီတစ်ကြိမ်မှာတော့ ဆေးပညာရှင် ကြီးအနေနဲ့ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ စွယ်စုံပညာရှင်ကြီး
ရှိုက်ခ်အိဗ်နိစီနာ (ရဟ်မသုလ္လာဟ် အလိုင်ဟ်) နဲ့မိတ်ဆက်ပေးပါရစေခင်ဗျား။ ဥရောပ မှာ လက်တင်အမည်
"(Avicenna) အာဗာစဲနာ" နဲ့ကျော်ကြားထင်ရှားခဲ့သူပါ။ ပညာရှင်ကြီးဟာ သူ့ခေတ်သူ့အခါက
အကြီးကျယ်ဆုံးသော ဆေးပညာရှင် နဲ့ ဒဿနိကဗေဒပညာရှင် ဖြစ်ခဲ့ရုံမက နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊
ဘူမိဗေဒ၊ ယုတ္ထိဗေဒ၊ သင်္ချာပညာ၊ ရူပဗေဒ၊ စိတ်ပညာ၊ ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာသည့်ပညာ၊
ကဗျာအတတ် စသည်တို့ကို တစ်ဖက်ကမ်းလွန်အောင် တတ်မြောက်ခဲ့တဲ့ ပညာရှင်ကြီးတစ်ပါးပါ။
ပညာရှင်ကြီးရဲ့အမည်အပြည့် အစုံက အဗူအလီ အလ်ဟုစိုင်န် အိဗ်နိ အဗ်ဒုလ္လာဟ် အိဗ်နိစီနာ ပါ။
ပညာရှင်ကြီးရဲ့ ဖခင်ကြီး နေထိုင် အမှုထမ်းခဲ့ရာ ဘလခ်လို့တွင်ခဲ့တဲ့ ပါရှန်းမြို့တစ်မြို့ကို အစွဲပြုပြီး
အိဗ်နိစီနာဘလ်ခီ လို့လဲ လူသိများခဲ့ပါတယ်။ ပညာရှင်ကြီး ဟာ ပါရှန်း (အီရန်) လူမျိုးပါ။ C.E ၉၈၀ ခန့်မှာ
ပါရှန်းအင်ပါယာအတွင်းရှိ ဘုခါရာ မြို့မှာဖွားမြင်ခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ်မှာ ကုရ်အာန်ကျမ်းကို
နှလုံးသားထဲ သိမ်းဆည်းထိန်းသိမ်းစောင့်ရှောက်တဲ့အလွန်မြင့်မြတ်သော သာသနာ့ကျေးကျွန် "ဟာဖိဇ်"
ဆိုတဲ့ ဘွဲ့ဂုဏ်ထူးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပညာရှင်ကြီးရဲ့ သာသနာ့လမ်းသွယ်ကတော့ "အိစ်မာအီလီ" ရှိအဟ် ပါ။
ငယ်ရွယ်စဉ်မှာ ဘဲ အိန္ဒိယသင်္ချာပညာကို သင်ယူတတ်မြောက်ခဲ့ပါတယ်။ ငယ်ရွယ်သူတွေကိုစာပေသင်ကြား၊
နာမကျန်းသူတွေကိုနယ်လှည့်ဆေးကုသပေးနေတဲ့ ပညာရှင် တစ်ပါးထံမှာ ဆေးပညာ အချို့ကိုသင်ကြား ခဲ့ပါတယ်။
အစ္စလာမ့် ဥပဒေ သိပ္ပံပညာ (ဖွေကဟ်) ကို ဟနဖွီ ပညာရှင်ကြီးတစ်ပါးဖြစ်တဲ့ ရှိုင်ခ် အိစ်မာအီလ်အလ်ဇာဟိဒ်
ထံမှာဆည်းပူးခဲ့ပါတယ်။

ပညာရှင်ကြီးဟာ ဂရိပညာရှင်ကြီး အရစ္စတိုတလ် ရဲ့ တက္ကကဗေဒ သဘောတရားတွေကို မုစ်လင်မ်
စွယ်စုံပညာရှင်ကြီး အလ်ဖရာဗီ ရေးသားခဲ့တဲ့ အဖွင့်ကျမ်းကတစ်ဆင့် လေ့လာခဲ့ပါ