Saturday, August 8, 2009

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (3)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ဖွားမြင်တော်မူပြီ။

ဆောင်းနှောင်းနွေဦးပေါက်ရာသီ ရဗီအုလ်အော်ဝ်ဝလ်လ ၏ ကိုးရက်မြောက်၊တနင်္လာနေ့ (အချို့အဆိုများအရ ရဗီအုလ်အော်ဝ်ဝလ်လ ၁၂ ရက်)၊

ခရစ်ရှန်ဘုရင်အဘ်ရဟာမက္ကဟ် သို့ကျူးကျော်ရှုံးနိမ့်ပြီး ၅၅ ရက် အကြာ တွင် ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင် ဟိဝစလ်လမ်) သည်

မက္ကဟ်ရှိ “ရှိအဗ် ဗနူဟာရှင်မ်” ၌ ဖွားမြင်တော်မူခဲ့လေသည်။

အဲ အလ္လာဟ် အစ်နာကျီးစ်ကေ ဟဲဟီး ကိယားအော်ကားသ်
ဂျိုကရေ အဒါရေ ရှူကုရ် သေရေး ဝိုနဲအ်မသ်ကေ ။
အိစီးနဲအ်မသ်ကေ သူနဲ စိရာဂျေမုနီးရ် ဘေဂျေ။

ဖိရ်ဘီ ကဟွန်းက ဟမ်ဒ်ဝစနာ ဇရူးရ် ဘရ်ပူးရ်
ကရိုးရွန်းစလားမ် အော်ရ် စလ်ဝါးသ် ဟို
ရဲဟ်မသုလ်လိလ်အားလမီးန်ပေ။

Ae Allah, Is Naa kyees key hai hi kiya awkaat
jo karey adaae shukur theray wo nemat kay
Isee nemat kay thune Siraje Muneer bayjay

Phir bhi kahoon ga hamd wa sana zaroor barpoor,
karooron salaam aur salwaat ho
Rehmatul Lil Aaalameen pay.

အထက်ပါကတော့ ကျွန်တော်ဒီပို့စ်ကိုရေးရင်းနဲ့ ကိုယ်တော်မြတ် ရဲ့ဖွားမြင်ခြင်း အကြောင်း ရောက်တော့ ရင်ထဲက ဆန္ဒအပြည့်နဲ့ ချက်ချင်းစပ်ဆိုမိတဲ့ အူရဒူ ကဗျာချိုးလေးပါ။ အူရဒူ မတတ်သူများအသံဖလှယ်လွယ်ကူဖို့ အင်္ဂလိပ်အက္ခရာတွေနဲ့ပါ ရေးပြထားပါတယ်။ မြန်မာဘာသာပြန်ကတော့………

အိုအလ္လာဟ် ကျွန်ပ်ကဲ့သို့ ဘာမဟုတ်သည့် သူ၏ အဆင့်အတန်းကမည်မျှရှိနေ၍
အရှင့် ကျေးဇူးတော်ကို ဆပ်နိုင်မည်နည်း။ ထိုကျေးဇူးတော်ကား “စိရာဂျေမုနီးရ်”
(လင်းဝင်းတောက်ပသော မီးရှူးမီးတိုင် / သူရိယ) ပင်။

သို့သော်ငြှားလည်း အရှင့်အားချီးမွမ်းထောမနာခြင်းနှင့်အရှင့်သန့်စင်မြင့်မြတ်ပုံ
ကိုတော့ များစွာ ရွတ်ဆိုပါမည်။

ကုဋေနှင့်ချီသော စလာမ်နှင့်ဆွလဝါးသ်များကိုလည်း “ရဲဟ်မသုလ်လိလ်အားလမီးန်”
(စကြဝဠှာအပေါင်းအတွက်ကရုဏာတော်) အပေါ် ပို့ဆက်ပါမည်။

အာရဗီဘာသာစကားဖြင့် “ဆင်” ကို ဖီလ်ဟုခေါ်ဆိုပါသည်။ အဘ်ရဟာ၏ဆင်တပ်ကို အစွဲပြု၍ ထိုနှစ်သည် (ကိုယ်တော်မြတ်ဖွားမြင်သောနှစ်) အာမုလ်ဖီလ် (ဆင်နှစ်) ဟု တွင်ခဲ့လေသည်။ ဂရီဂိုရိယန် ပြက္ခဒိန် အရ ထိုနေ့သည် C.E 571 ဧပြီလ ၂၂ ရက် တွင် ကျရောက်သည်။

အာမိနာသခင်မကိုယ်ဝန်ရှိစဉ်တွင် သူမသည် သူမ၏ ဝမ်းဗိုက်မှ လွန်စွာလင်းဝင်းတောက်ပသော အလင်းရောင်တစ်ခုထွက်လာပြီး ထိုအလင်းရောင်ကြောင့် ဆီးရီးယားရှိနန်းဆောင်များသည်လည်း လင်းဝင်းရောင်ပြန်ဟပ်သည် ဟု အိပ်မက်မြင်မက်ခဲ့လေသည်။ မီးဖွားချိန်ကျရောက်သောအခါ အဗ်ဒုရ်ရဟ်မာန်ဘင်န်အော်ဖ် (ရသွီယလ်လာဟုသအာလာအန်ဟု) ၏ မိခင်ဖြစ်သူ ရှိဖွာ ဘင်န်သိ အမရ် သည် ဝမ်းဆွဲအဖြစ် ဆောင်ရွက်ခဲ့သည်။ ဘိုးတော်အဗ်ဒုလ်မုသွာလိဘ် သည် မြေးဦးဖွားမြင်ခြင်းကြောင့်အလွန်အမင်းဝမ်းမြောက်ပြီး မြေးဦးလေးအား ကအ်ဗဟ်ကျောင်းတော်သို့ ချီပွေ့ယူ ဆောင်သွားပြီး အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ရှုကုရ် ပြု၍ အထံတော်မှ ကောင်းခြင်း အဖြာဖြာကိုတောင်းခံ ခဲ့ပေသည်။ မြေးဦးလေးသည် ကြီးစွာသောချီးမွမ်းခြင်းကို ခံရမည့်သူဟု ယုံကြည်သည့်အလျောက် “မုဟမ္မဒ်” ဟုအမည်မှည့်ခဲ့လေသည်။ အရဗ်တို့၏ ထုံးတမ်းဓလေ့အရ ခုနှစ်ရက်မြောက်သောနေ့တွင် ကလေး (ကိုယ်တော်မြတ်) ၏ ဦးခေါင်းမှ ဆံပင်များကိုရိတ်ပယ်ခဲ့ လေသည်။ ၎င်းနောက်သူသည်မက္ကဟ်သားတို့အားဖိတ်ခေါ်စုရုံး၍ ထမင်းစားပွဲကြီးကို ပွဲခံ ခဲ့ပေသည်။

မုဟမ္မဒ်အား ပထမဦးဆုံး မိခင်ဖြစ်သူ အာမိနာသခင်မက နို့ချိုတိုက်ကျွေးပြီး၊ နောင်တွင် သူ၏ ဖခင်၏ ကျွန်မတစ်ဦးဖြစ်သူ အုမ် အိုင်မာန် က နို့ချိုတိုက်ကျွေး ခဲ့ပေသည်။ အုမ် အိုင်မာန် သခင် မ သည် အဘိစီးနီးယန်းလူမျိုးဖြစ်ပြီး အမည်ရင်း မှာ ဗရကဟ် ဖြစ်သည်။ သူမသည် အစ္စလာမ်ကို သက်ဝင်ခဲ့ပြီး မဒီနဟ်သို့ဟိဂ်ျရသ် ပြုခဲ့သူလည်းဖြစ်သည်။ ကိုယ်တော်မြတ် ဤလောကမှ ကြွမြန်း ပြီးခြောက်လအကြာတွင် မဒီနဟ် မြို့၌ပင် အလ္လာဟ့်အမိန့်ခံယူခဲ့လေသည်။(ရသွီယလ်လာဟုသအာလာအန်ဟာ)။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

No comments:

Post a Comment

Note: Only a member of this blog may post a comment.