Monday, August 10, 2009

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (4)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ နို့စို့ဘက်ညီအစ်ကိုများ

ကိုယ်တော်မြတ် အားနို့ချို တိုက်ကျွေးခဲ့သူများတွင် ကိုယ်တော်မြတ်၏ ဦးလေး ဖြစ်သူအဗူလဟဘ်၏ ကျွန် စိုဝိုင်ဗဟ် သခင်မလည်းပါဝင်ခဲ့လေသည်။ စိုဝိုင်ဗဟ် သခင်မသည် ကိုယ်တော်မြတ်နှင့်အတူသူမ၏ သား မတ်စ်ရူးဟ်၊ ဟမ်ဇဟ်ဘင်န် အဗ်ဒုလ်မုသွာလိဘ် နှင့် အဗူစလမဟ် ဘင်န် အဗ်ဒုလ်အဆဒ်မခ် ဇူမီတို့ကိုလည်း နို့ချိုတိုက် ကျွေးနေခဲ့ပေသည်။ သို့ဖြစ်ပေရာ အထက်ပါ သုံးဦးတို့သည် ကိုယ်တော်မြတ် ၏ ပထမဦးဆုံးသော နို့စို့ဘက်ညီအစ်ကိုများဖြစ်ခဲ့ပေသည်။

ဟလီမဟ် စအ်ဒိယဟ် ၏ စောင့်ရှောက်မှု အောက်ဝယ်

ထိုခေတ်အခါက အရဗ်လူမျိုး တို့၏ ဓလေ့တစ်ခုမှာ၊ မိမိတို့၏ ရင်သွေးငယ် များအားဘဲဒ်ဝဲန် (BEDOUIN) အမျိုးသမီးတို့၏ ထံပို့ထား စောင့်ရှောက်စေပြီး သဲကန္တာရတွင်အသက်အရွယ်နှစ်အတန်ငယ်ရလာသည် အထိကြီးပြင်းစေခြင်းပင်။ ဤ သို့ပြုရခြင်း၏ ရည်ရွယ်ချက်များ မှာကန္တာရတွင် ကြီးပြင်းစေခြင်းဖြင့် ကလေးငယ်သည် သန်စွမ်းကျန်းမာသည်ဟု မက္ကဟ်သားတို့က ယုံကြည်သောကြောင့်လည်းကောင်း၊ ကန္တာရဘဲဒ်ဝဲန် (BEDOUIN) အရဗ်တို့ ၏ ဝန်းကျင်တွင် ကြီးပြင်းခြင်းဖြင့် အာရေဗျ တစ်ခွင်လုံးတွင် အသုံးပြုသောကျွန်းဆွယ်သုံး အာရဗီဘာသာစကား ကို ကျနစွာတတ်မြောက်စေရန် လည်းကောင်းပင် ဖြစ်ပေသည်။
ထိုစဉ်က ဘိုးတော်ဖြစ်သူ အဗ်ဒုလ် မုသွာလိဘ်သည် သူ၏ မြေးလေးအား နို့ချိုတိုက်ကျွေး စောင့်ရှောက်၍သဲကန္တာရတွင် ကြီးပြင်းသည်အထိ တာဝန်ယူပေးမည့် ဘဲဒ်ဝဲန် (BEDOUIN) အမျိုးသမီးတစ်ဦးအားရှာဖွေနေခဲ့လေသည်။ တစ်ကြိမ်တွင် ဗနူစအဒ် ဘင်န် ဗကရ် ဘင်န် ဟဝါဇင်န် အနွယ်မှ ဘဲဒ်ဝဲန်အမျိုးသမီးအချို့သည် အထက်ဖော်ပြပါ စောင့်ရှောက်သည့် လုပ်ငန်းအတွက် မက္ကဟ်ရှိ အိမ်ထောင်စုများသို့ လာရောက်ကမ်းလှမ်း လေသည်။ ထိုအခါ အဗ်ဒုလ် မုသွာလိဘ်သည် ထိုအမျိုးသမီး တစ်ဦးခြင်းစီအား သူ၏မြေးလေးကို စောင့်ရှောက်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း ဖသက်ဆိုးကလေးငယ်အား စောင့်ရှောက်ပေးခြင်းဖြင့်ရရှိမည့် အဖိုးအခ ဆုလာဘ်သည် အလွန်ပင် နည်းပါး မည်ဟုထိုအမျိုးသမီးများက ထင်မြင်ယူဆကြပြီး ကလေးငယ်အား စောင့်ရှောက်ရန် မည်သူကမျှ လက်မခံခဲ့ပေ။ ထိုနေ့တွင်ပင် ဟလီမဟ် ဘင်န်သိ ဇုဝိုင်ဘ်သည်လည်း အဗ်ဒုလ်မုသွာလိဘ် ထံရောက်ရှိလာခဲ့လေသည်။ အဗ်ဒုလ်မုသွာလိဘ်၏ လက်မောင်းများပေါ်တွင် လှဲလျှက်ရှိသော ချစ်စဖွယ်ဖသက်ဆိုး ကလေးငယ်အားမြင်ပြီးနောက် အကြောင်းစုံကိုလည်း သိရသောအခါကရုဏာ စိတ်ယိုဖိတ်မိ၍ ကလေးငယ်အား ဝမ်းပန်းတသာလက်ခံလိုက်လေတော့သည်။ သူမနှင့်သူမ၏ ခင်ပွန်းတို့သည် အိမ်အပြန်ခရီးတွင် လက်မဲ့ မဖြစ်ရခြင်းကြောင့် အလွန်ဝမ်းမြောက် ပျော်ရွှင်ပြီးကိုယ်တော်မြတ်လေးအား ယုယုယယ ချီပွေ့ ၍ သဲကန္တာရရှိ သူတို့၏အိမ်သို့ပြန်ခဲ့လေတော့သတည်း။

ဤသို့ဖြင့်အခြားအမျိုးသမီးများ ငြင်းပယ်ခဲ့သော ကံထူးမှု ကို ဟလီမဟ် စအ်ဒိယဟ် သခင်မက ရရှိသွားခဲ့တော့သည်။ ဟလီမဟ် သခင်မနှင့် သူမ၏ခင်ပွန်း ဟာရိသ် ဘင်န် အဗ်ဒုလ်အုဇ္ဇဟ် တို့သည် စအဒ် ဘင်န်ဗကရ် ဘင်န် ဟဝါဇင်န် အနွယ်ဝင်များဖြစ်ကြပြီး သူတို့၏ကလေးငယ် များသည်လည်းကိုယ်တော်မြတ်၏ နို့စို့ဘက်များ ဖြစ်ခဲ့ပေတော့သည်။

ဟလီမဟ် သခင်မ၏ အိမ်သို့ မင်္ဂလာအပေါင်းခညောင်းလေပြီ

ကိုယ်တော်မြတ်လေးအား ဆောင်ယူခဲ့ချိန်မှ စ၍ သူမတို့၏ ဘဝအခြေအနေများသိသိသာသာပြောင်းလဲလာမှုကို ဟလီမဟ်သခင်မနှင့် ခင်ပွန်းတို့က ကောင်းစွာသတိပြုမိလေသည်။ မက္ကဟ်မြို့သို့ လာရောက်စဉ်က လွန်စွာကြုံလှီ အားနည်း နှေးကွေးသော သော မြည်းမလေးအား အစီးအနင်း အဖြစ်ပြု၍လာရောက်ခဲ့သော်လည်း အပြန်ခရီးတွင်မူ ကိုယ်တော်မြတ်လေးအား သယ်ဆောင်ထားသော ထိုမြည်းမလေးသည် အလွန် သွက်လက်စွာ
ခရီးနှင်ခဲ့သည်မှာ အတူခရီးသွားသော ကာရဗဲန်ခရီးသည်စုတို့သည်နောက်ခပ်လှမ်းလှမ်းသို့ ကျန်ခဲ့သည် အထိပင်။ ကိုယ်တော်မြတ်လေးသည် ဟလီမဟ်သခင်မ၏အိမ်တွင် နေထိုင်စဉ် ထိုအိမ်သည် ကောင်းခြင်း မင်္ဂလာအဖြာဖြာတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ဟလီမဟ်သခင်မ ကိုယ်တိုင်၏ဆင့်ပြန်ချက်အရ သိရသည်မှာ ကိုယ်တော်မြတ်လေးအား မဆောင်ယူလာခင်တွင် သူမတို့နေထိုင်ရာအရပ်သည် စားနပ်ရိက္ခာရှားပါးပြီးလူနှင့်တရိစ္ဆာန်တို့ အလွန်ဆင်းရဲ ကပ်ဒုက္ခရောက် နေချိန်ဖြစ်သည်။ သူမတို့ပိုင်ဆိုင်သော ကုလားအုပ်မ သည် နို့တစ်စက်မှ မထွက်သောအချိန်၊ ဟလီမဟ်သခင်မ ၏ ကလေးအရင်းသည် ဆာလောင်မွတ်သိပ် မှုကြောင့်ညလုံးပေါက် သနားစဖွယ်ငိုကြွေး နေသောအချိန်၊ ရင်သွေး၏ ဆာလောင်မွတ်သိပ်သောခံစားမှုကြောင့် ဟလီမဟ်သခင်မနှင့်သူမ၏ ခင်ပွန်းတို့သည် စိတ်နှလုံးပူပန် သောကရောက် ၍ တစ်ညလုံး အိပ်မပျော်နိုင်။ သို့သော် ကိုယ်တော်မြတ် လေး ရောက်ရှိလာသည့်အချိန်မှစ၍ အစစအရာရာသော အခြေအနေတို့သည်ပြောင်းလဲသွားခဲ့လေပြီ။ ကိုယ်တော်မြတ်လေးအား သူမ၏အိမ်အရောက် သူမ၏ပေါင်ပေါ်ယုယစွာတင်၍ ကြင်နာသည့်အချိန် မှစ၍ သူမ၏ မိခင်မေတ္တာအရည် အာဟာရ တို့သည် အလွန်အမင်းအလျှံအပယ် စီးဆင်း လာခဲ့ပြီး ထိုအာဟာရ ကို ကိုယ်တော်မြတ်လေးနှင့် သူမ၏သားတို့သည် ဝလင်စွာသောက်သုံးလျှင်မြန်စွာအိပ်စက်နိုင်ခဲ့ကြပေသည်။ ဟာရိသ် သည်သူ၏ ကုလားအုပ်မအားကြည့်ရှုသော်၊ ကုလားအုပ်မ၏နို့အုံ တို့သည် လျှံထွက်သယောင်ယောင် ပြည့်ဖောင်းနေသည်ကို တွေ့မြင်ရလေသည်။ ယင်းကုလားအုပ်မ ထံမှ အလွန်တရာများပြားသော နို့ရည် တို့သည် ဟလီမဟ်သခင်မ တို့တစ်မိသားစုလုံးအား ဝဝလင်လင်ဖြစ်စေသည်ထက်ပင် ပိုခဲ့ပေသည်။ ကုလားအုပ်မ သည်သာမက သူမတို့၏ ဆိတ်မများသည်လည်း။ ယခင်ကရှိခဲ့သော ရှားပါးမှုဒဏ် သည် ယခုမူ အိပ်မက်အလား။သူမတို့နေထိုင်ရာ ဒရရ် ဗနူစအဒ် ဒေသ ရှိ အစာရေ ရှားပါးမှု ကပ်သည် သူမတို့မိသားစုအားကွင်း၍အလား။ ဤသို့ဖြင့် ဟလီမဟ်သခင်မ သည် ကိုယ်တော်မြတ်လေးအား နောက်ထပ် နှစ်နှစ် အထိ နို့ချိုတိုက်ကျွေးပြီး နို့ဖြတ်လိုက်လေသည်။ ကိုယ်တော်မြတ်လေးသည် အစာရေစာ ရှားပါးသောအရပ်၊ ကာလတွင် ကြီးပြင်းခဲ့သော်လည်း သန်သန်မာမာကျန်းကျန်းမာမာ ဖြစ်ခဲ့လေသည်။

ဟလီမဟ်သခင်မ၏တောင်းဆိုမှု

ဟလီမဟ်သခင်မသည် ကိုယ်တော်မြတ်လေးအားခြောက်လတစ်ကြိမ် မက္ကဟ်သို့ခေါ်သွားပြီးကိုယ်တော်မြတ်၏ မိခင်နှင့်အခြားဆွေမျိုးတို့အား ကိုယ်တော်မြတ်လေးနှင့် အတူရှိနေစေလေ့ရှိသည်။ ၎င်းနောက် ကိုယ်တော်မြတ်လေးအား ခေါ်၍ သူမနေထိုင်ရာ အရပ်သို့ပြန်လာလေ့ရှိသည်။ နို့ ဖြတ်ပြီးနောက် ကိုယ်တော်မြတ်လေးအား သူ၏မိခင်ထံသို့ ပြန်လွှဲအပ်ရန် လာရောက်ခဲ့လေသည်။ သို့သော်သူမသည် ကိုယ်တော်မြတ်လေး၏ မိခင် အာမိနာသခင်မအားနောက်ထပ် ကာလတစ်ခုအထိ ဆက်လက် စောင့်ရှောက် ခွင့်ပြုရန် အသနားခံ တောင်းဆိုခဲ့လေသည်။ အာမိနာသခင်မလည်း သနားသောအားဖြင့် တောင်းဆိုမှုကို လိုက်လျောခဲ့လေသည်။ ဤသို့ဖြင့်ဟလီမဟ် သခင်မသည် ကိုယ်တော်မြတ်လေးအား ဆက်လက် စောင့်ရှောက်ခွင့် ရရှိခဲ့ပြီး နောက်ထပ်နှစ်နှစ် သို့ပင်တိုင်ခဲ့လေ သည်။ နှစ်နှစ် နောက်ပိုင်းတွင် ကိုယ်တော်မြတ်လေးအား မိခင်ရင်းထံ ပြန်ပို့တော့ရန် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ နိမိတ်လက္ခဏာ ပြသ ခဲ့သဖြင့် ဟလီမဟ်သခင်မ ဇနီးမောင်နှံသည် ထိတ်လန့်၍ ကိုယ်တော်မြတ်လေးအားဆက်လက် စောင့်ရှောက်ခြင်း မပြုရဲတော့ဘဲ မိခင်ရင်းဖြစ်သူ အာမိနာ သခင်မထံ အပြီးပြန်လည် လွှဲပြောင်းခဲ့ လေတော့သည်။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

No comments:

Post a Comment

Note: Only a member of this blog may post a comment.