Saturday, August 15, 2009

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (8)

ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ အသက်မွေးဝမ်းကျောင်း

ဖခင် ၊ မိခင် နှင့် အဘိုးတို့ ဆုံးပါးပြီးနောက် ဦးလေးတော် ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာရသော ကိုယ်တော်မြတ် သည် ဆက်ခံစရာ မည်သည့်အမွေမှ မရှိသည့် ဆင်းရဲသား တစ်ဦး ဘဝဖြင့်သာရှိနေလေသည်။ အစတွင် မိမိ အသက်ရှင်နေ ထိုင် ဖို့ရာ အလုပ်အကိုင် အဖြစ် ဗနူ စအဒ် အနွယ် ပိုင်ဆိတ်များကို ကျောင်းခဲ့သော် လည်း ဆီးရီးယားမရောက်ခင် မက္ကဟ် သို့ လှည့် ပြန်လာခဲ့သည့် ခရီးစဉ် နောက်ပိုင်းမှစ၍ ကုရိုက်ရှ်တို့၏ ဆိတ်များကိုအဖိုးအခအနည်းငယ်မျှသာယူ၍ ကျောင်း ခဲ့လေသည်။

ဆိတ်ကျောင်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ခြင်း သည် တမန်တော်ဖြစ်ခြင်း၏ လက္ခဏာများအနက် တစ်ခုဖြစ်ကြောင်း တမန်တော်ဖြစ်ပြီးနောက်တွင် ကိုယ်တော်တိုင်ကမိန့်တော်မူခဲ့လေသည်။ "အလ္လာာဟ် တမန်တော်များအနက် ဆိတ်၊ သိုး ကျောင်းသည့် အလုပ်ကို မလုပ်ကိုင်ခဲ့ဖူးသည့် သူတစ်ဦးတစ်ယောတ် မှမရှိ" ဟု။ ကိုယ်တော်မြတ်၏ မှန်ကန်တိကျသစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှု တို့ကြောင့် လူအများက ကိုယ်တော် အား "အလ်အမီန်း" (သစ္စာရှင်) ဟူသော ဂုဏ်ထူးဖြင့် ခေါ်ဝေါ် လာကြလေသည်။

ခဒီဂျဟ် (ရသွီယလ်လာဟုသအာလာအန်ဟာ) သခင်မ ၏ လူယုံတော် အဖြစ်

ကိုယ်တော်မြတ် သည် "အလ်အမီးန်" ဟူသော ဂုဏ်ထူး ဖြင့်ထင်ရှားလာသောအခါ မက္ကဟ်မြို့ရှိ ချမ်းသောသော မုဆိုးမ တစ်ဦးဖြစ်သည့် ခဒီဂျဟ် ဘင်န်သိ ခုဝိုင်လိဒ် က သူမ ပိုင်ဆိုင်သော ကုန်စည်တို့အား ဆီးရီးယားသို့ သွားရောက် ရောင်းချကုန်သွယ်ရန် ကိုယ်တော်မြတ်အား ကမ်းလှမ်း၍ လူယုံတော်အဖြစ် ခန့်အပ်လိုက်လေသည်။ သူမသည် ဂုဏ်သရေရှိ ကုရိုက်ရှ် မိသားစုမှဖြစ်ပြီး ချမ်းသာကြွယ်ဝသော်လည်း အမျိုးသမီးဖြစ်သည့်အားလျော်စွာ သူမ၏ ကုန်စည်များအား နိုင်ငံရပ်ခြားသို့သွားရောက် ရောင်းချပေးရန် လူယုံတော် ခန့်အပ်လေ့ရှိသည်။

လုလင်ပျို မုဟမ္မဒ် သည် ခဒီဂျဟ် ၏ ကျွန်တစ်ဦးဖြစ်သည့် မိုင်စရဟ် နှင့်အတူ ကုန်စည်များ ကိုယူဆောင်၍ ဆီးရီးယားသို့ ခရီးထွက်လေသည်။ ထိုကုန်ခရီးသည် အလွန်အောင်မြင်ပြီးအလွန်အမြတ်အစွန်း ရ ခဲ့သောခရီးတစ်ခု ဖြစ်ခဲ့ပြီး မက္ကဟ်မြို့သို့ ပြန်ရောက်သောအခါ ရရှိခဲ့သမျှအမြတ်အစွန်းအားလုံးအား ခဒီဂျဟ် ထံသို့ အပ်နှံခဲ့လေသည်။

ခဒီဂျဟ် သခင်မနှင့် ထိမ်းမြားတော်မူခြင်း

ခဒီဂျဟ် သည် သူမဘဝတွင် နှစ်ကြိမ် မုဆိုးမ ဖြစ်ခဲ့ ရရှာသူ တစ်ယောက်ဖြစ်သည်။သူမသည်ပထမဦးဆုံး အသီးက် ဘင်န် အရဲဒ် နှင့်လက်ထပ်ခဲ့ပြီး အသီးက် ကွယ်လွန် သောအခါ အဗူဟလာ နှင့် လက်ထပ်ခဲ့လေသည်။ အဗူဟလာ နှင့်သားတစ်ဦး ထွန်းကားခဲ့သည်။ အဗူဟလာကွယ်လွန်သောအခါ ကုရိုက်ရှ် မှ ခေါင်းဆောင်အသီးသီးတို့က သူမအား ထိမ်းမြားရန် ကမ်းလှမ်းခဲ့သည်။ သို့ရာတွင် သူမသည် မည်သူ၏ ကမ်းလှမ်း ချက်ကိုမှ လက်မခံခဲ့ပေ။ သူမ၏ ကျွန် မိုင်စရဟ် ထံမှမုဟမ္မဒ်၏ စာရိတ္တ၊ အရည်အချင်းနှင့် ပတ်သတ်သည့် လျှောက်တင်ချက်ကို ကြားရသည့် အခါသူမသည် မုဟမ္မဒ်အား သူမ၏ဘဝ ကြင်ဖော် အဖြစ် လက်တွဲရန် စဉ်းစားမိလေတော့သည်။ သို့နှင့် သူမ ၏ မိတ်ဆွေရင်းချာ ဖြစ်သူ နဖီစဟ် မှတစ်ဆင့် မုဟမ္မဒ် ထံ သတင်းပေါက်ကြားစေလိုက်တော့ သည်။ ကိုယ်တော်မြတ် သည် နဖီစဟ် ထံမှ တစ်ဆင့် ကြားရသော သတင်းစကားကို မူတည်၍သူ၏ ဦးလေးတော်များ နှင့်တိုင်ပင်လေသည်။

သူ၏ ဦးလေးများသည်လည်း အချင်းချင်းတိုင်ပင်ကြပြီးနောက် ခဒီဂျဟ် သခင်မ ၏ ဦးလေးဖြစ် သူ အမရ် ဘင်န် အဆဒ် ထံ မုဟမ္မဒ် ၏ မင်္ဂလာစကား ကို ကမ်းလှမ်းခဲ့ကြလေသည်။ အမရ်ဘင်န် အဆဒ် သည် ကမ်းလှမ်းချက်အား သူ၏ တူမတော် ကိုယ်စား ဝမ်းမြောက်စွာ လက်ခံလိုက်လေတော့သည်။ ကိုယ်တော်မြတ်သည် ခဒီဂျဟ်သခင်မ အား မင်္ဂလာဦး လက်ဆောင်အဖြစ်ကုလားအုပ် အကောင်နှစ်ဆယ် (အချို့ ပညာရှင် တို့ အဆိုအရ ကုလားအုပ် ခြောက်ကောင်) ပေးခဲ့လေသည်။ ဗနူဟာရှင်မ် အနွယ်ခေါင်း ဆောင်များနှင့် အခြား ကုရိုက်ရှ် ခေါင်းဆောင်များ ၏ရှေ့မှောက်တွင် လက်ထပ်ထိမ်းမြားခဲ့လေသည်။ အလ္လာဟ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် အဗူသွာလိဘ် သည် မင်္ဂလာဆုံးမစကား (ခုသ်ွဗဟ်) ကို မြွက်ကြားခဲ့လေသည်။ ဤသို့ဖြင့် ကိုယ်တော်မြတ် ဆီးရီးယား ခရီးမှ ပြန်ရောက်ရှိပြီး နှစ်လ နှစ်ရက်အနည်းငယ် အကြာတွင် ကိုယ်တော်မြတ် နှင့် ခဒီဂျဟ် သခင်မတို့ လက်ထပ်ထိမ်းမြား ခဲ့ကြလေသည်။ ထိမ်းမြားစဉ်က ကိုယ်တော်မြတ် ၏ သက်တော် မှာ နှစ်ဆယ့်ငါးနှစ် ရှိပြီး ခဒီဂျဟ် သခင်မ ၏ သက်တော်မှာ လေးဆယ်ရှိလေသည်။ (အချို့အဆိုအရ သူမ၏ သက်တော် နှစ်ဆယ့်ရှစ်နှစ်)။

ခဒီဂျဟ် (ရသွီယလ်လာဟုသအာလာအန်ဟာ) သခင်မ သည် ကိုယ်တော်မြတ် (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ ပထမဦးဆုံးဇနီး ကြင်ရာတော် ဖြစ်ခဲ့သည်။ ခဒီဂျဟ် သခင်မ သက်တော်ထင်ရှားရှိစဉ် ကာလ တွင် ကိုယ်တော်မြတ်သည် အခြား မည်သူနှင့် မျှလက်ထပ်ထိမ်းမြား ခြင်းမပြုခဲ့ပေ။ ခဒီဂျဟ် သခင်မ သည် အိဗ်ရာဟီးမ် သခင်လေး မှလွဲ၍ ကိုယ်တော်၏ ရင်သွေးအားလုံး ၏ မိခင် ဖြစ်ခဲ့ပေ သည်။ မွေးဖွားရာအစဉ်အတိုင်း အမည်နာမတို့ကို ဖော်ပြရသော် ကာစင်မ်သခင်လေး၊ ဇိုင်ယ်နဗ်သခင်မ၊ ရုကိုင်ယ်ယဟ်သခင်မ၊ အုမ်မိကုလ်စူးမ်သခင်မ၊ ဖွာသိမဟ် သခင်မ၊ အဗ်ဒုလ္လာဟ် သခင်လေးတို့ဖြစ် ကြ လေသည်။ အိဗ်ရာဟီးမ် သခင်လေးသည် မာရိယဟ် ကိဗ်သွိယာ (ကော့ပ်တစ် မေရီ) နှင့် ကိုယ်တော်မြတ် တို့၏ ရင်သွေးဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ သားတော်အားလုံးတို့သည် ကလေးဘဝ ၌ပင် ကွယ်လွန် ခဲ့ကြပြီး ကိုယ်တော်မြတ် ၏ သမီးတော် သုံးပါးစလုံးသည် သူမတို့ ဖခင်၏ တမန်တော်ဘဝကို ကြုံကြိုက် ခဲ့ကြလေသည်။ အားလုံးသောသမီးတော် တို့သည် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ကြပြီး မဒီနဟ် သို့ဟိဂ်ျရသ်ပြုခဲ့သူများတွင် အပါအဝင်ဖြစ်ခဲ့ကြသည်။ သမီးတော် ဖွာသွိမဟ် သခင်မ မှ လွဲ၍ ကျန် သမီးတော်နှစ်ပါးမှာ ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်ပင် ကွယ်လွန် ခဲ့ကြသည်။ ကိုယ်တော်မြတ် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ကြွမြန်းတော်မူပြီး ခြောက်လ အကြာတွင် သမီးတော်ဖွာသိမဟ် ကွယ်လွန်ခဲ့လေ သည်။ (အင်န်နလိလ္လာဟိ၊ဝအင်န်နအိလိုင်ဟိရားဂျိအူးန်)။

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

No comments:

Post a Comment

Note: Only a member of this blog may post a comment.