Saturday, August 15, 2009

"မုဟမ္မဒုရ်ရစူလုလ္လာဟ်" (ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) (9)

အလ်ဟဂ်ျရ် အလ်အဆ်ဝဒ် (ကျောက်နက်တုံး) အငြင်းပွါးမှု

ကိုယ်တော်မြတ်၏ သက်တော် သုံးဆယ့်ငါးနှစ် အရွယ်တွင် ရေလွှမ်းမိုးမှုကြီး တစ်ခုကြောင့် ကအ်ဗဟ် ကျောင်းတော် ပျက်စီးယိုယွင်း ခဲ့ရ လေသည်။ ကအ်ဗဟ် ကျောင်းတော် နံရံများသည် ရေမလွှမ်းမိုးမှီအလျှင်က ဖြစ်ပွါးခဲ့သော မီးလောင်မှု တစ်ခု ကြောင့် အတန် ပျက်စီးနေခဲ့ပြီး ရေလွှမ်းမိုးသည့်ဒဏ်ကြောင့်ပို၍ ပျက်စီးသွားခဲ့လေသည်။ ကုရိုက်ရှ် တို့အထွတ်အမြတ်ထားရာ အဆောက်
အအုံ သည်ပြိုကျ ပျက်စီးတော့မည့် အလားပင်။

သူတို့အထွတ်အမြတ်ထားရာ အဆောက်အအုံ ပြိုကျ ပျက်စီးမည့် အရေးကို စိုးရိမ်ပြီး ကုရိုက်ရှ် တို့သည် ကအ်ဗဟ် ကျောင်းတော်ကို ပြန်လည် မွမ်းမံ တည်ဆောက်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ကအ်ဗဟ် ကျောင်းတော် ပြန်လည် မွမ်းမံ တည်ဆောက် သည့် စီမံကိန်း တွင် ပြည့်တန်ဆာလုပ်ငန်း၊အတိုးအညွန့်စားခြင်း၊ မတရားရယူထားသော ငွေကြေး၊ ပစ္စည်း စသည်တို့ကို လုံးဝမပါဝင်စေရဟု စည်းကမ်းသတ်မှတ် ခဲ့ကြသည်။

ကအ်ဗဟ် ကျောင်းတော် ကို မွမ်းမံတည်ဆောက်ရန် နံရံများကို ဖြိုချရမည် ဖြစ်ရာ၊ထိုသို့ဖြိုချ လျှင် အလ္လာဟ်အရှင်မြတ်သည် ကျောင်းတော်အား လက်ရောက်သူ အား ပြစ်ဒဏ် ခတ်မည်ကို စိုးရိမ် မိခဲ့ကြသည်။ သို့သော်ဝလီးဒ် ဘင်န် မုဂီရာ ဆိုသူက "အလ္လာဟ် အရှင်မြတ်သည် ကအ်ဗဟ် ကျောင်းတော် ကိုပြုပြင်ထိန်းသိမ်းရန် ရည်ရွည်ချက်ဖြင့် လက်ရောက်သူတို့အားပြစ်ဒဏ်ခတ်မည် မဟုတ်" ဟုကျွေးကျော်ပြီး ကအ်ဗဟ် နံရံကို ဖြိုချ ရန် ပထမဦးဆုံး အားထုတ်ခဲ့သူဖြစ်သည်။ ဝလီးဒ် ၏ အားထုတ်မှု နှင့် အလ္လာဟ့် ထံမှ မည်သို့သော အပြစ်ဒဏ် မှ မကျရောက်သည်ကို တွေ့ရှိပြီးကျန်သူများကပါကအ်ဗဟ် နံရံများအား စတင် ဖြိုချကြလေတော့သည်။ ကအ်ဗဟ် ကျောင်းတော်၏ နံရံ တို့အား တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) တည်ခဲ့သော အုတ်မြစ်ပေါ်လာသည်အထိ အောင်မြင်စွာ ဖြိုချ နိုင်ခဲ့ကြလေသည်။
၎င်းနောက် မျိုးနွယ်စု အသီးသီးအတွက် သက်ဆိုင်ရာ တာဝန်များချမှတ်ပြီး ကအ်ဗဟ် ကျောင်းတော်တည်ဆောက်သည့် လုပ်ငန်းကို စတင်ခဲ့ကြတော့သည်။ လူအများထဲမှ ဂုဏ်သရေရှိ လူများသည်ကျောက်တုံးများကို သယ်ယူလာကြပြီးကျောင်းတော်အနီးတွင် ပုံထားကြလေသည်။ ကိုယ်တော်မြတ်သည်လည်း သူ၏ ဦးလေးတော် အဗ္ဗားစ်နှင့် အတူကျောက်တုံးသယ်သည့်တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ဘကူးမ် အမည်ရှိ ရောမ လူမျိုး ပန်းရန် ပညာရှင်သည် ကအ်ဗဟ် ကျောင်းတော် တည်ဆောက်ရာအလုပ်တွင် ဦးဆောင်ခဲ့သည်။ ကုရိုက်ရှ်တို့သည် ကအ်ဗဟ် ကျောင်းတော်ကို အပြီးသတ် တည်ဆောက်ရန် လိုအပ်သော ငွေကို မစုဆောင်း နိုင်ခဲ့သဖြင့် မြောက်ဖက်နံရံနေရာတစ်ခုတွင် ကိုးပေခွဲခန့် ဧရိယာကိုသာ လွှမ်းခြုံနိုင်သော နံရံလေး တစ်ခုသာ တည်ဆောက်နိုင်ခဲ့ပြီး ထိုနံရံလေးအား ဟိဂ်ျရ် အိစ်မာအီလ် ဟုခေါ်ဆိုခဲ့ကြသည်။ နံရံတည်ဆောက်ရင်း အလ်ဟဂ်ျရ် အလ်အဆ်ဝဒ် (ကျောက်နက်တုံး) ထားရှိမည့် နေရာသို့ရောက်သောအခါ အငြင်းပွါးမှု တစ်ရပ် စတင်လေတော့သည်။
အားလုံးသော အနွယ်ခေါင်းဆောင်တို့က ကျောက်နက်တုံး ကို ကျောင်းတော်နံရံတွင်း ထည့်သွင်းသည့်တာဝန်ကို ယူလိုကြသည်။ ဤ အငြင်းပွါးမှုသည် လေးငါးရက်ခန့်ကြာမြင့်လာပြီး သွေးထွက်သံယို ဖြစ်ကြမည့် အခြေအနေ သို့ပင်ဆိုက်ရောက်ခဲ့ပေသည်။ထိုစဉ် လူအများထဲမှ အသက်အရွယ်အကြီးဆုံးဖြစ်သော အဗူ အုမိုင်ယ်ယာက အငြင်းပွါးမှုကို ပြေလည်စေမည့် အကြံပေးချက် တစ်ခုကို တင်ပြခဲ့လေသည်။သူ ၏ အကြံပေးချက်ကို အားလုံးက သဘောတူခဲ့လေသည်။ ထိုအကြံပေးချက်ကား ကအ်ဗဟ်ကျောင်းတော် အဝင်ဝ မှပထမဦး ဆုံး ဝင်ရောက်လာမည့် သူအား အငြင်းပွါးမှုကို ဖြေရှင်းရန်အာဏာလွှဲအပ်ရမည်ဟူ၍ပင်။ အလ္လာဟ်အရှင်မြတ်၏ အလိုတော်အရ ကအ်ဗဟ်ကျောင်းတော် အဝင်ဝ မှပထမဦး ဆုံး ဝင်ရောက်လာသူသည် ကိုယ်တော်မြတ် ဖြစ်နေလေသည်။
"ဟာ-မုဟမ္မဒ်ပါလား!!! သူက သစ္စာရှင် ဘဲ၊ ဒီတော့တို့အားလုံး သူ့ရဲ့ အဆုံးအဖြတ်ကို ခံယူကြမယ်"။ လူတို့က ဤသို့ ရေရွတ်ခဲ့ကြသည်။ သို့နှင့် ကိုယ်တော်မြတ်အားအကျိုးအကြောင်းရှင်းပြ ခဲ့ကြပြီးနောက် ကိုယ်တော်မြတ်က ပိတ်စ ကြီးကြီး တစ်စယူလာရန်ပြောလေသည်။ ထို့နောက် ကိုယ်တော်မြတ်သည် ကျောက်နက်တုံးအားထိုပိတ်စပေါ်တွင် တင်ထားခိုင်းပြီး မျိုးနွယ်အသီးသီး၏ ခေါင်းဆောင် အသီးသီးတို့အား ပတ်စကြီး၏အနားသတ်များကို ကိုင်ခိုင်းပြီး ပိတ်စကြီးအား တစ်ညီတစ်ညွတ်တည်း မခိုင်းလိုက်လေသည်။ ခေါင်းဆောင်အားလုံးတို့က ကျောက်နက်တုံးကို တင်ထားသော ပိတ်စကြီးအားမပြီး ကျောက်နက်တုံး ထည့်သွင်းမည့် နံရံ ပေါက် အား တည်ပြီးသော်၊ ကိုယ်တော်မြတ်သည် ယင်း ကျောက်နက်တုံး အားသူ၏လက်တော်တို့ဖြင့်
နံရံပေါက်တွင်းသို့ တွန်းသွင်းလိုက်လေတော့သည်။ ကိုယ်တော်မြတ် ၏ ဤဆုံးဖြတ်ချက်နှင့် အမှုကို ခေါင်းဆောင်အားလုံးက အလွန်ကျေနပ် ပျော်ရွှင်ခဲ့ကြလေသည်။ ဤသို့ဖြင့်ကိုယ်တော်မြတ်သည် အလ်ဟဂ်ျရ်အလ်အဆ်ဝဒ် (ကျောက်နက်တုံး) အငြင်းပွါးမှု ကြီးကို ဖြေရှင်းပေးခဲ့သည်။

နောက်ရေးသားမည့်ခေါင်းစဉ်- တမန်တော်မဖြစ်ခင်က ကိုယ်တော်မြတ်
(ဆွလ်လလ်လာဟုအလိုင်ဟိဝစလ်လမ်) ၏ စာရိတ္တတော်

ဆက်လက်ရေးသားပါဦးမည်ခင်ဗျား

လေးစားပါတယ်ခင်ဗျာ
The Sage

No comments:

Post a Comment

Note: Only a member of this blog may post a comment.