Tuesday, August 18, 2009

လမြတ်ရမသွာန်၊ ဆွိယာမ်၊ သရာဝီဟ် နှင့် ဇကားသ်(5)

ဒီပို့စ်ကနေအစပြုလို့ ခေါင်းစဉ်ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ သရာဝီးဟ်အကြောင်းကို ရေးပါ့မယ်။

"သရာဝီးဟ်" ဆိုတာက ရမသွာန်လရဲ့ ညဘက်တွေမှာ (အိရှာဆွလားသ်အပြီး) ဂျမာအသ်နဲ့ဆွလားသ် ဝတ်ပြုခြင်းကို ခေါ်တာပါ။ အချိန်အကန့်အသတ်ဘောင်ကတော့ အိရှာအပြီးမှ ဖွဂျရ်ဆွလားသ် အချိန်မစခင်အထိပါ။ ရမသွာန်လမှာ ညဘက်ဆွလားသ်ဝတ်ပြုဖို့ကိုယ်တော်မြတ် (ဆွလ်လလ္လာဟ်ဟု အလိုင်ဟိဝစ္စလာမ်) ကတိုက်တွန်းထားကြောင်း ဆွဟီးဟ်ဗုခါရီကျမ်းမှာ ခုလိုလာရှိပါတယ်။

အလ္လာဟ့်တမန်တော်က ရမသွာန်လနှင့်ပတ်သတ်၍ (ဤသို့) မိန့်တော်မူခဲ့သည် ကို ကျွန်တော်ကြားခဲ့ရပါသည်။
တစ်စုံတစ်ယောက်သည် ရမသွာန်လတွင် ရိုးသားဖြူစင်သောစိတ်ဓာတ်နှင့် အလ္လာဟ်အရှင်မြတ်အထံတော်မှအကျိုး
မျှော်ကိုးပြီး ညဘက်တွင်ဆွလားသ်ဝတ်ပြုပါက ထိုသူ၏အတိတ်မှ အပြစ်များအားလုံးသည်ခွင့်လွှတ်ခြင်းခံရမည်
ဖြစ်သည်။


ဆင့်ပြန်သူ-အဗူဟုရိုင်ရဟ် (ရသွီယလ္လာဟ်ဟုသအာလာ) သခင်ကျမ်း-ဆွဟီးဟ်ဗုခါရီကျမ်း၊ အတွဲ (၃) ကျမ်းငယ် အမှတ် (၃၂) ရမသွာန်လတွင် ညဘက်ဝတ်ပြုခြင်း ဆိုင်ရာကျမ်းငယ်၊ ဟဒီးစ်အမှတ် (၂၂၆)။

ဗုခါရီကျမ်းလာနောက်ဟဒီးစ်တော်တစ်ပုဒ်မှာတော့

တစ်ညမှာ ကိုယ်တော်မြတ် (ဆွလ်လလ္လာဟ်ဟုအလိုင်ဟိဝစ္စလာမ်) ဟာ ဗလီထဲမှာ ဆွလားသ်ဝတ်ပြုခဲ့ပါတယ်။ အခြား သူတွေဟာ ကိုယ်တော်မြတ်နောက်ကနေလိုက်ဝတ်ပြုခဲ့ကြတယ်။ နောက်ညမှာလည်းကိုယ်တော်မြတ်ဟာ ဆွလားသ် ဝတ်ပြုခဲ့တယ်။ လူတွေအများကြီးစုသွားခဲ့တယ် (လူတွေအများကြီးက နောက်ကနေလိုက် ဝတ်ပြုခဲ့တယ်)။ တတိယနဲ့စတုတ္ထညမှာ လူတွေပိုများလာခဲ့တယ်၊ ဒါပေမယ့် ကိုယ်တော်မြတ်က (ဆွလားသ် ဦးဆောင်ဝတ်ပြုဖို့)ထွက်မလာခဲ့ဘူး။ မနက်ကျတော့ ကိုယ်တော်မြတ်ကမိန့်တော်မူတယ်၊ "သင်တို့ဘာလုပ်နေခဲ့လဲဆိုတာ ငါကိုယ်တော်တွေ့တယ်၊ (သင်တို့ဆွလားသ်ဝတ်ပြုဖို့စောင့်နေတာကို) သင်တို့အပေါ် ဖွရဇ်ဖြစ်သွားမှာ ငါကိုယ်တော် စိုးရိမ်လို့ ထွက်မလာခဲ့တာပါ။"အဲဒါရမသွာန်လရဲ့ညမှာပါ။

အထက်ပါဟဒီးစ်တော်တွေ အရ သိရတာက ရမသွာန်လရဲ့ ညတွေမှာ ဆွလားသ်ဝတ်ပြုခြင်း (သရာဝီးဟ်) ဟာအလွန်ကိုကောင်းမြတ်ပြီးအကျိုးဆွဝါးဗ်ရတဲ့ ကျင့်စဉ် ဖြစ်ပေမယ့် ဖွရဇ် မဟုတ်ဘူး၊ ဝါဂျိဗ်မဟုတ်ဘူး ဆိုတာပါ။ တတ်နိုင်တဲ့လူဝတ်ပြု၊ မတတ်နိုင်တဲ့လူ မဝတ်ပြုလို့ရပါတယ်။ တစ်ချို့လူတွေဟာ သရာဝီးဟ် ဆွလားသ်ကို ဖွရဇ်လိုလို ဝါဂျိဗ်လိုလို မှတ်ယူပြောဆို တတ်ကြပါတယ်။ တစ်ချို့က ဘယ်လောက်တောင် ပြောကြထင်မှတ်ကြသလဲဆိုရင်၊ သရာဝီးဟ်မဖတ်ရင် ဘဲ ဆွိယာမ်အထမမြောက်သယောင်ယောင်၊ အလွန်ငရဲကြီး သယောင်ယောင်။ တစ်ချို့က "ကျွန်တော့်မှာ အစာအိမ်ရှိတယ်" ဆိုပြီး (အစာအိမ်ရှိတယ် သာပြောတာ ဆေးလိပ်နဲ့ကွမ်းကတော့ မပြတ်) နေ့ဘက်သာဆွိယာမ် မထားတာ ညဆိုရင်တော့ သရာဝီးဟ်
ကိုတော့ ပုံမှန်ဖတ်ကြတယ်။ အရေးကြီးတာနဲ့ အရေးမကြီးတာ ဘယ်ဟာကို ဦးစားပေးရမှန်းမသိကြဘူး။ အဲ.......တစ်ချို့တစ်ကယ်ဘဲ ဝေဒနာကြောင့် ဆွိယာမ်မထားနိုင်တဲ့ သူတွေ သရာဝီးဟ် ကို ကြိုးစားပမ်းစား ဖတ်ရှာတာတော့ ချီးကျူးစရာပါ။အဓိက က ဆွိယာမ်ပါ။ တော်ရုံတန်ရုံ အစာအိမ်အချဉ်ပေါက်တတ်တဲ့ သူမျိုးက ဆွိယာမ်ဆောက်တည်ရင် ဘာမှမဖြစ်တဲ့အပြင် ရောဂါတောင် ပိုသက်သာလာတယ်ဆိုတာ လက်တွေ့ စမ်းသပ်ကြည့်သူတွေသိသွားမှာပါ။

ရေးပါဦးမယ်။

လေးစားပါတယ်ဗျာ
The Sage

No comments:

Post a Comment

Note: Only a member of this blog may post a comment.