Sunday, July 12, 2009

တရားလမ်းမှန် ဦးဆောင်ညွှန်ပြသည့်ကျမ်းတော်

ယခုတစ်ခါ "တရားလမ်းမှန် ဦးဆောင်ညွှန်ပြသည့်ကျမ်းတော်" ဟူသော ခေါင်းစဉ်ငယ်ကို ရေးသားတင်ပြ မည်ဖြစ်ပါသည်။

ကမ္ဘာ့သမိုင်းတစ်လျှောက်လုံး ပတ်သက်ဆက်နွယ် ရေးသားခြင်းအခံရဆုံးသောကျမ်းဂန် ကို ပြပါဟုတစ်စုံတစ်ယောက်က မေးမြန်းလာအံ့။ ကျမ်းတော်မြတ်ကုရ်အာန်သာလျှင်ဖြစ်ပေသည်ဟု ဖြေကြားရမည်ဖြစ်ပါသည်။ "အုလူမုလ်ကုရ်အာန်" ဟုခေါ်ဆိုသော ကျမ်းတော်မြတ်ဆိုင်ရာ ပညာရပ် အားလုံးတို့ပေါ်ထွက်လာခြင်းကပင်လျှင်အထက်ပါအဖြေအတွက် လုံလောက်သောသက်သေပင်။ ၁၄ခုသော ရာစုနှစ်ပေါင်းကျော်ကျော် မှစ၍ ယနေ့တိုင်သန်းပေါင်းများစွာသောလူသားတို့၏ ဘဝ တည်ဆောက်မှုများကို ဦးဆောင်လမ်းညွှန်ထိန်းကျောင်းပဲ့ပြင်ပေးခဲ့သော အဆုံးမရှိသည့်အဆုံးအမ ပင်ဖြစ်သည်။

ကျမ်းတော်မြတ်တွင် သိပ္ပံ၊ သမိုင်း၊ ဥပဒေ၊ ယဉ်ကျေးမှုများ၊ စီးပွါးရေး၊ ကျင့်ဝတ် များ စသည် စသည်တို့နှင့် သက်ဆိုင်သော လမ်းညွှန်မှုအဆုံးအမများပါရှိသော်လည်းအထက်ပါမည်သည့် တစ်ခုကိုမှ သီးသန့်အထူးပြု တစ်လမ်းသွားထားသောလမ်းညွန်ကျမ်းမဟုတ်ကြောင်းအလွန်ထင်ရှားလှပေသည်။ လောကီအကျိုးစီးပွါး သက်သက်ကိုသာညွှန်ပြသော လမ်းညွှန်ကျမ်းအလျှင်းမဟုတ်၊ ဘက်ပေါင်းစုံလောကီအကျိုးစီးပွါးကို
ရယူလောကကိုအလှဆင်ပြီးတမလွန်အကျိုးစီးပွါးအတွက်အရင်းအနှီးပြုသောနည်းစနစ်ကို လမ်းညွှန်သည့် ကျမ်းဖြစ်ပေသည်။ စကြဝဠှာခပ်သိမ်း၊ လောကခပ်သိမ်း၌ ဤကျမ်းတော်လာ ညဏ်စဉ်အဖွင့်သော့ချက်များကို လိုက်မှီသည့်ကျမ်းဟူသည် လုံးဝမရှိပေ။သို့ဖြစ်ပေရာကျမ်းတော်မြတ်သည် အခြားလမ်းညွှန်ကျမ်းများကဲ့သို့ လမ်းညွှန်ကျမ်းတစ်ကျမ်း မဟုတ်ဘဲ တရားလမ်းမှန်ကို ညွှန်ပြသော တစ်ဆူတည်းသောကျမ်းသာလျှင်
ဖြစ်ပေသည်။ မုစ်လင်မ်များက ဤသို့ယုံကြည်ကြပေသည်။
ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်၏ "စကားတော်" များကို ပကတိအတိုင်းမှတ်တမ်းတင်ထားသော၊ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က ယနေ့တိုင်မက၊ကိယာမဟ်နေ့အထိ ထိန်းသိမ်းစောင့်ရှောက်ထားသော ကျမ်းတော်မြတ်ဖြစ်သည်ဟုလည်း မုစ်လင်မ်များကယုံကြည်ကြလေသည်။ သို့သော် အထောက်အထားမဲ့
အရမ်းကာရောယုံကြည်ကြသည်တော့မဟုတ်။ သက်သေအထောက်အထားခိုင်လုံစွာဖြင့်ယုံကြည်ကြခြင်းသာ ဖြစ်ပေသည်။ ယင်းသက်သေအထောက်အထားများအနက် ယနေ့တိုင် ယခုပင် ပြဆိုနိုင်သော သက်သေအထောက်အထားသည်ကား ကျမ်းတော်မြတ် ကိုယ်တိုင်ပင်ဖြစ်ပေသည်။ အဘယ်ကြောင့် ဤသို့ဆိုရသနည်း? ဆိုသော်၊ ယင်းကျမ်းတော်၌ပင်လျှင် အလ္လာအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်းစောင့်ရှောက်မည်ဟူသော ကတိတော် ပါရှိသောကြောင့်ပင်။ ကျမ်းတော်မြတ်ကုရ်အာန် ၁၅း၉ တွင်"အင်န်နာနဟ်နု နဇ္ဇလ်နဇ် ဇိက်ရ ဝအင်န်နာလဟူ လဟာဖွိဇူးန်" (ဧကန်စင်စစ်ငါအရှင်မြတ်သည်
ပင်လျှင် (ဤ) ဆုံးမဩဝါဒ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ်လည်းဖြစ်တော်မူပေသတည်း။) နှစ်ပေါင်း၁၄၀၀ ကျော်တစ်လျှောက်အမျိုးမျိုးသော ထိုးနှက်ချက်များရှိခဲ့သည့်၊ ရှိနေလင့်ကစားဤကမ္ဘာလောကသို့စတင်ကျရောက်ခဲ့သည့်အချိန်မှ ယနေ့တိုင် မူမယွင်း၊ မူကွဲမရှိ ခြင်းသည်ကပင် ကောင်းကင်ကျအစစ်အမှန် ဖြစ်မှု ကို ထောက်ခံသော သက်သေခံချက်တစ်ချက် မဟုတ်လော။ ကိုယ်တော်မြတ် မုဟမ္မဒ်ရရှိခဲ့သော အကြီးကျယ်ဆုံးသော တန်ခိုးပြာဋိဟာပင်ဖြစ်သည်မဟုတ်လော။ အစ္စလာမ်သာသနာကို ခေတ်တိုင်းခေတ်တိုင်း၌ ထောက်ခံနေသော
အသက်အတိုင်းအတာမရှိသည့် "အမြဲရှင်သန်နေသောသက်သေ" သာလျှင်ဖြစ်ပေသည်။

ဆက်ပါဦးမည်.............။

လေးစားပါတယ်ဗျာ
The Sage

No comments:

Post a Comment

Note: Only a member of this blog may post a comment.